သူကြီးမင်းနှင့် နြူးနော်မယ်ဝက်ဒင်း

0
141

“ဒါစည်းကမ်းဥပဒေကို မထေမဲ့မြင်ပြုတာပဲ။ စည်းကမ်းဥပဒေကို မထေမဲ့မြင်ပြုတယ်ဆိုတာဟာ ထိန်းကျောင်းအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကို မထေမဲ့မြင်ပြုတာပဲ၊ ထိန်းကျောင်းပဲ့ပြင်အုပ်ချုပ်တဲ့ ပုဂ္ဂိုလ် တွေကို မထေမဲ့မြင်ပြုတယ်ဆိုတာ ဒါသူကြီးမင်းကို မထေမဲ့မြင်ပြုတာပဲ။ ဒါသူကြီးမင်းကို သက်သက် ပမာမခန့် လုပ်တာပဲဗျ”

(၁)

အရေးပိုင်မင်း ရွှေစလွယ်တော်ရ နှစ်လုံးပြူး နှစ်လက်ပိုင် သူကြီးမင်းဦးစိန်ဖိုးကွန့်၏ အိမ်တော်မင်္ဂလာ၊ ဗီအိုင်ပီရွမ်းခေါ် အထူးဧည့်သည်တော်များအား ဧည့်ခံသည့်အခန်းထဲတွင် ခေါင်း၊ ခါး၊ ခြေ၊ လက် ဤလေးချက်စလုံး လှုပ်ရမ်းခါလျက် အားပါးတရပြောဆိုနေသူကား ရွာ၏ ရွာမိရွာဖ ဆိုလည်းဟုတ်၊ လူငယ်တို့၏ အားကိုးတိုင်ပင်ရာ ရွာအင်ဖလူရမ်ဆာလည်းဟုတ်သည့် နိုင်ငံခြား တနိုင်ငံတည်းလေးခါပြန် “ရူဘီနိုးဝေ” ခေါ် ကိုနိုးဝေပင်ဖြစ်သည်။

“သတင်းက သေချာလို့လား မောင်နိုးဝေရာ၊ ဒီလိုကပ်ရောဂါကာလကြီးထဲကွာ”

“အိုဗျာ သူကြီးမင်းနှယ်၊ သေချာတဲ့သတင်းပါဗျာ၊ ကျောက်ရိုင်းတတုံးကို ဂျိတ်အိပ်စပတ်လိုက်နဲ့ထိုးကြည့်ရုံနဲ့ ဈေးပါဖြတ်၊ ကုန်ချောအလားအလာတွေထိပါ တွက်ပြလာတဲ့ကောင်ပါဗျ၊ ဒီသတင်း လောက်တော့ နားတချက်စွင့်တာနဲ့ သေခြာတယ်ဆိုတာ ခံစားမိပြီးသား၊ သူကြီးကလွဲလို့လည်း တရွာလုံးသိကြပြီးသား”

ဟုတ်သည်။ သည်သတင်းက သူကြီးမင်းက လွဲလို့ တရွာလုံး ဟော်တယ်နေ၊ ကေတီဗီအောင်း၊ ကားဂိုထောင်ဇောင်းမကျန် ကလေးအစခွေးအဆုံး အရူးကတုံးထိ သိနေကြပေပြီ။ မည်သို့သောသတင်း ဖြစ်ပေသနည်း။

မင်္ဂလာသတင်းဟုလည်း ပြောလို့ရနိုင်သည်။

ဆယ်အိမ်ခေါင်း ဖန်သဂျိုး မင်္ဂလာဆောင်တော့မည်ဆိုသော သတင်းပင်တည်း။

သို့ဆိုလျှင် သည်ကိစ္စသည် မင်္ဂလာကိစ္စ မင်္ဂလာသတင်းပင်မဟုတ်လော။ အဘယ့်ကြောင့် စညး်ကမး် ဥပဒေကို မထေမဲ့မြင်ပြုတာတွေ၊ သူကြီးမင်းကို ပမာမခန့်ပြုတာတွေ ပါလာရပေသနည်း။ အလို စာဖတ်သူမိတ်ဆွေပါ မေ့လျော့နေပြီထင့်။ ယခု မျက်မှောက် နေ့ရက်များကား ကိုမြင့်နိုင်ကြီး အဲလေ ကိုဗစ်နိုင်တီးခေါ် ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါဖြစ်ပွားနေသောကာလကြီး မဟုတ်တုံလော။ ရောဂါပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ရန် လူတိုင်း နှာခေါင်းစည်းတပ် သွားလာကြဖို့၊ လက်မကြာခဏဆေးကြဖို့၊ ဆိုရှယ်ဒစ်စတန့်ခေါ် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်သွားလာ လုပ်ကိုင်ကြဖို့၊ လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ရှားကြဖို့ စတာတွေကို နိုင်ငံ့အကြီးအကဲတွေကိုယ်တိုင် ဆော်သြနှိုးဆော် သတိပေးလျက်ရှိသည် မဟုတ်လော။

သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအလိုက် လိုက်နာဆောင်ရွက်ကြရမယ့် အသေးစိတ်စည်းကမ်းချက် များထုတ်ပြန်နှိုးဆော်လျက် ၁၅ ရက်တကြိမ်ထပ်မံ တိုးမြင့်ကာ ထိန်းကျောင်းစောင့်ကြည့် ဂရုစိုက် ကာကွယ်လျက်ရှိသည်မဟုတ်လော။ ယခုလို အခြေအနေမျိုးတွင် မင်္ဂလာဆောင်ဧည့်ခံပွဲ ကျင်းပ ပြုလုပ်မည်ဆိုခြင်းမှာ “လူစုလူဝေးဖြစ်ပေါ်စေသော ပွဲလမ်းသဘင်၊ သင်တန်းကျောင်း၊ အခမ်းအနားများ ကျင်းပပြုလုပ်ခြင်းများ” ဆိုပြီး တားမြစ်ထားသည့်အချက်ကို ချိုးဖောက်ခြင်းပင် မဟုတ်လော။

အလို ဆယ်အိမ်ခေါင်းဖန်သဂျိုးသည် မည်သည့် အားကိုးမျိုးနှင့် ယခုလို ပွဲလမ်းသဘင်ကြီး ဆင် ယဉ်ကျင်းပပြုလုပ်ရန် စိတ်ကူးကြံစည်ဝံ့ဘိသနည်း။

(၂)

အရေးပိုင်မင်း ရွှေစလွယ်တော်ရ၊ နှစ်လုံးပြူး နှစ်လက်ပိုင် သူကြီးမင်းဦးစိန်ဖိုးကွန့်နှင့် ဖတ်စ် လေဒီဟူ၍ လိပ်မူဖိတ်ကြားထားသော မင်္ဂလာဆောင်ဖိတ်စာကိုကြည့်လျက် သူကြီးမင်း ဒေါသ တွေထွက်လာသည်။ ဝိုင်ဖိုင်ကော်နက်ရှင်ကောင်းနေတုန်း လျှပ်စစ်မီးပျက်သွားသလို၊ ကွာရင်တင်း ဝင်ရမည်ဆိုလို့ စားလိုက်သောက်လိုက်နှပ်နေရာမှ ဝင်စရာမလိုတော့ ပြန်နိုင်ပြီဟုဆိုသဖြင့် ဇိမ်ပျက်သွားရသလို၊ နိုင်ငံတော် ထောက်ပံ့စရိတ်ပေးဖို့ ဟူ၍ စာရင်းကောက်ခံသွားပြီးမှ တကယ်ဝေတော့ မပါတော့သလို ဖိတ်စာအပေါ် သူကြီးမင်းဒေါသတွေ မျိုးစုံထွက်လျက်ရှိနေပြီ။ သည်ဖိတ်စာသည် သူ့ကို မထေမဲ့မြင်ပြုနေပြီ။ ဆယ်အိမ်ခေါင်းတစ်ယောက်က ရွှေစလွယ်တော်ရ သူကြီးမင်းကို မထေမဲ့မြင်ပြုဝံ့ပြီလော။

“အဲဒီကောင်ဖန်သဂျိုးကို အခုသွားခေါ်ကြစမ်း”

လျှပ်စစ်မီး စစ်စတမ်ဘရိတ်ဒေါင်း တခါဒေါင်းမျှ အကြာတွင် ဖန်သဂျိုးရောက်လာသည်။ မင်္ဂလာ သတို့သား ဆယ်အိမ်ခေါင်းကြီး ရောက်လာပြီ။

တောသုံးတော၊ တောင်သုံးတောင်တို့ကို စိုးမိုးအုပ်ချုပ်နေသော ကေသရာဇာခြင်္သေ့မင်းတို့၏ ရဲရင့်ခြင်းဖြင့် လည်းကောင်း၊ ဖမ်းဆီးစစ်ဆေးခြင်းများအား အလျဉ်းဂရုမပြုဘဲ လုပ်ဆောင်ဖွယ်ရာများကို ဆက်လက်လုပ်ဆောင် သယ်ယူရောင်းဝယ်ဖောက်ကားနေကြသော ဒဘလူဝိုင်ဆေးပြား ကူးသန်းဖြန့်ဖြူးသူတို့၏ ရဲရင့်ခြင်းမျိုးဖြင့်လည်းကောင်း ဆယ်အိမ်ခေါင်းကို စေ့စေ့ကြည့်လျက် သူကြီးမင်းက မေးမြန်းတော်မူပြီ။

“ကဲ…ဒီမှာဖန်သဂျိုး၊ မင်းက စည်းကမ်းတွေကို နားမလည်တာလား၊ မဖတ်တတ်တာလား၊ သိသိကြီးနဲ့ ချိုးဖောက်တာလား၊ ဒါဟာ ဥပဒေကို မထေမဲ့မြင်လုပ်….နေ…နေပါဦးသူကြီးမင်းရယ်၊ ဖိတ်စာကိုလည်း သေချာဖတ်ပါဦး”

“ဘာသေချာဖတ်နေရမှာလဲ၊ မင်္ဂလာဧည့်ခံပွဲ ဖိတ်တာပဲ”

“ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီဖိတ်စာက လာရောက်စစ်ဆေးဖို့ စာတင်တဲ့သဘောပါ”

“ဟေ…ဘယ်လိုကွ”

“ဒီလိုပါ၊ ခုသူကြီးမင်းတို့က ကြေညာထားတယ်မဟုတ်လား။ စက်ရုံအလုပ်ရုံတွေ၊ စားသောက် ဆိုင်တွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ညီညွတ်မှု ရှိ၊ မရှိ လိုက်နာ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ လာရောက် စစ်ဆေးပေးကြတယ်။ စစ်ဆေးပြီးလို့ စည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ထားတဲ့ စားသောက်ဆိုင်၊ စက်ရုံ၊ အလုပ်ရုံတွေကို ဖွင့်ခွင့်ပေးတယ် မဟုတ်လား။ ခုဆို တရွာလုံးပြန်ဖွင့် လုပ်ကိုင်နေလို့ သွားကြ၊ လာကြ၊ စားကြ၊ သောက်ကြ တရုန်းရုန်းနဲ့ သူကြီးမင်းအမြင်ပဲ မဟုတ်လား၊ သူကြီးမင်းကိုတောင် ဟိုတနေ့က မောင်မောင်ချက်ရဲ့စားသောက်ဆိုင်မှာ မတ်စ်မတပ် ဘာမတပ်နဲ့ တွေ့လိုက်မိပါသေးတယ်”

“ဟေ့ကောင် မဆိုင်တာတွေမပြောနဲ့ လိုရင်း ပြောကွ”

“အဲဒီလိုပဲ အခု ကျွန်တော့်မင်္ဂလာဧည့်ခံပွဲကိုလည်း စားသောက်ဆိုင်တွေလိုပဲ သူကြီးမင်းတို့ ထုတ်ပြန်ကြေငြာထားတဲ့ စည်းကမ်းတွေနဲ့အညီ ပြင်ဆင်ထားပါတယ်။ လာရောက်စစ်ဆေးပေးဖို့ အရင်ဖိတ်ကြားတာပါခင်ဗျ။

အဲဟိုဒါလေးက သူကြီးမင်းအတွက် ပုဆိုးနဲ့ သူကြီးကတော်အတွက် အင်ဒိုနီးရှားပါတိတ်ကလေး ပါခင်ဗျာ။ ကိုယ့်သူကြီးမင်းကို ဝတ်စေချင်လို့ ရိုသေသမှုနဲ့ ကန်တော့တာပါခင်ဗျ။ တောင်တောင် အီအီတွေ မတွေးတောပါနဲ့ခင်ဗျာ၊ ကျွန်တော့် မင်္ဂလာဦးအမှတ်တရပါ ဟဲဟဲ”

“ဟေ…အေးအေး၊ ကိုယ့်ရွာဆယ်အိမ်ခေါင်းရဲ့ မင်္ဂလာကိစ္စပေပဲကွာ စစ်ဆေးပေးမှာပေါ့၊ စည်းကမ်းတွေနဲ့ကိုက်ညီပြီး ဆေ့ဖ်ဖြစ်ရင် ခွင့်ပြုပေးမှာပေါ့ကွာ ဟေးဟေး”

(၃)

ကိုဗစ်နိုင်တီးခေါ် ကမ္ဘာ့ကပ်ရောဂါကာလကြီးတွင် သူကြီးမင်း ဦးစိန်ဖိုးကွန့်ရွာမှာ မင်္ဂလာဆောင်ပွဲကြီး ကျင်းပလျက်ရှိသည်။ ရွာဘောလုံးကွင်းထဲရှိ ကျယ်ပြောလှသော မင်္ဂလာမဏ္ဍပ်ကြီးကို အဝေးကပင် မြင်တွေ့နိုင်ကြသည်။ မင်္ဂလာပွဲသို့ လာရောက်သူမှန်သမျှ ကိုယ်အပူချိန် တိုင်းကြရသည်။ မဏ္ဍပ်အဝင်ဝတွင် လက်ဆေးကြရသည်။ တစ်ယောက်နှင့်တစ်ယောက် ခြောက်ပေခွာလျက်ဝင်ပါဟု ဆိုင်းဘုတ်ရေးထားသည့်ဘက်မှ တစ်ယောက်ချင်း တန်းစီဝင်ကြရ သည်။ ဧည့်ခံစားပွဲများကို အလယ်က ပလတ်စတစ်စများ ကာထားသည်။ တစ်ဝိုင်းလျှင် နှစ်ဦးသာထိုင်ရသည်။ စားပွဲထိုးများက ပီပီအီးဝတ်စုံများ ဝတ်လျက် ဧည့်ခံကြသည်။ ကွာရင်တင်းစခန်းများတွင်ကဲ့သို့ တခါသုံးပန်းကန်ခွက်ယောက်များပဲ သုံးသည်။ လက်ဖွဲ့လက်ခံသည့်နေရာ ခြောက်နေရာခန့် ခွဲထားသည်။ ကြိုးများနှင့်တန်းထားပြီး တစ်ဦးခြင်းသာ လက်ဖွဲ့ကြရသည်။ လူစုလူဝေးမဖြစ်စေရဘူး မဟုတ်လော။

သတို့သားနှင့် သတို့သမီးကိုကြည့်ပါဦး။ ပီပီအီး ဝတ်စုံများဝတ်လျက် လက်ခြင်းတွဲကာ ဧည့်ခံကြသည်။ အစကတော့ ပီပီအီးဝတ်စုံ မဝတ်လိုကြပေ။ သို့ရာတွင် ပီပီအီးမဝတ်လျှင် တစ်ယောက်နှင့် တစ်ယောက် ခြောက်ပေခွာ၍ ဧည့်ခံကြရမည် ဆိုသဖြင့် ခြောက်ပေတော့မခွာလို ပီပီအီးသာ ဝတ်ပါမည်ဟူ၍ ယခုလိုအတူတကွ ဧည့်ခံကြရခြင်း ဖြစ်သည်။ ဒါတောင် ပီပီအီးဝတ်စုံကို မင်္ဂလာအရောင် ပန်းနုရောင်ဖြင့် မှာထားရာ ပြောထားရသည်ဟု ဆိုသည်။ ပန်းနုရောင် ပီပီအီးဝတ်စုံကြီးဖြင့် သတို့သား၊ သတို့သမီးခွဲမရသဖြင့် “သတို့သား” “သတို့သမီး” ဟူ၍ စာလုံးအကြီးကြီးရိုက်ကာ လည်ပင်းဆွဲထားကြရသေးသည်။

သို့ဖြင့် ကိုဗစ်နိုင်တင်းကာလကြီးတွင် ရွှေစလွယ်တော်ရ သူကြီးမင်းဦးစိန်ဖိုးကွန့်ရွာတွင် သတ်မှတ် စည်းကမ်းများနှင့် ညီညွတ်သော မင်္ဂလာဧည့်ခံပွဲ ကြီး ဝှဲချီးကျင်းပခဲ့ဖူးလေပြီ ဟူလေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here