သူကြီးမင်းနှင့် ဗွီဒီယိုကွန်ဖရန့်စင်း

0
54

ညီညီဇေယျ ရေးသည်။

“ချစ်ခင်လေးစားရပါသော ရွှေပွဲလာ အဲလေ…မိဘပြည်သူကျေးရွာလူထုအပေါင်း သူတော်ကောင်းတို့ခင်ဗျား၊ အရေးပိုင်မင်းရွှေစလွယ်တော်ရ၊ နှစ်လုံးပြူးနှစ်လက်ပိုင် သူကြီးမင်း ဦးစိန်ဖိုးကွန့်မှကျေးရွာလူထုသို့ ဗီဒီယိုကွန်ဖရန့်စင်းခေါ် အဝေးရောက်ရုပ်မြင်သံကြားစနစ်ဖြင့် ဆုံးမသြဝါဒပြောကြားမည် ဖြစ်ပါသောကြောင့် ယနေ့ည(၇)နာရီတိတိ အချိန်အခါသမယတွင် သူကြီးမင်း၏ အိမ်တော်မင်္ဂလာကြီးဆီသို့ တစ်အိမ်ထောင်လျှင်တစ်ယောက်နှုန်းဖြင့်ကြွရောက်ကာ ပရိတ်တရားတော်များကို အဲလေ… ယောင်ကုန်ပြီ။ တစ်အိမ်ထောင်လျှင် တစ်ယောက်နှုန်းဖြင့် လာရောက်နာယူနားထောင်ကြရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ခင်ဗျား…”

(၁)

ရာအိမ်မှူး ကိုနိုးဝေတို့၊ ကာလသားခေါင်း ဖန်သဂျိုးတို့၊ မီးသတ်ရဲဘော်လေး ကိုညှော်စီတို့
ရွာရိုးတစ်လျှောက် လိုက်လံဆော်သြအလုပ်ရှုပ်လျက် ရှိကြသည်။

“ဟင်…ဗွီဒီယိုကွန်ဖရန့်စင်းလည်း ပြောသေးတယ်၊ သူ့အိမ်ကိုလည်းခေါ်သေးတယ်၊ သူကြီးမင်းက ဘယ်လိုကြီးတုံး”

“အို…အဝေးရောက်ရုပ်မြင်သံကြားစနစ်ပါတဲ့ဆိုဗျာ။ အဝေးကနေ လှမ်းပြောမှာ နေမှာပေါ့ဗျ။ သူကအိမ်ပေါ်ကပြော၊ ကျုပ်တို့က အိမ်အောက်ထပ်က နားထောင် ကဲ…”

“အဲဒါတွေ ခက်ထှာပဲ။ ခင်ဗျားတို့ နားမလည်ကြဘဲနဲ့ အလွယ်တကူ ပြစ်တင်ဝေဖန်ကြတာကိုး”

ဝင်ရောက်ပြောဆိုလိုက်သူကား သူကြီးမင်း၏တူ မောင်မောင်ချက်။ မောင်မောင်ချက်ကား မြို့တွင် ကွန်ပျူတာသင်တန်း၊ ဟိုသင်တန်း၊ သည်သင်တန်း သင်တန်းပေါင်းစုံ တက်ဖူးထားသူပင်မဟုတ်လော။ ဗဟုသုတ အကြားအမြင်မှာလည်းစုံလှသည်ရှိရာ ဖန်သဂျိုးတို့အပါအဝင် ရွာကာလသားများ၏ “သက်ရှိဒစ်ရှင်နရီ” ကြီးဟုပင် တစ်ရွာလုံးက ဂုဏ်ပြုခေါ်ဆိုခံရသူ ဖြစ်ပေသည်။

“ဟရောင် မောင်ချက်၊ ဟို ကုလားဖြူပြည်က ဟိုဒေါ်နွယ်ထွန်းဆိုတဲ့အဖွားကြီးကို အိုင်ဒီအက်စ်နိုင်တီးဖြစ်လို့ဆို”

“ဟာ…ဘယ်ကဒေါ်နွယ်ထွန်းတုံး ဒေါ်နယ်ထရမ့်ဗျ၊ ယောကျာ်းကြီး၊ ကိုဗစ်နိုင်တီးပါဗျာ၊ အေအိုင်ဒီအက်စ်နဲ့ရောကုန်ကြပြီ”

သို့ကလို အကြား၊ အမြင်များလှပေသော မောင်မောင်ချက်ပင်မဟုတ်လော။

“နို့ ဒါနဲ့ သူကြီးမင်းက အဝေးရောက်ရုပ်မြင်သံကြားစနစ်နဲ့ပြောမှာဆို၊ ဘယ်လိုဟာကြီးတုံးကွမောင်ချက်ရ”

“ဒီမယ်ဗျ၊ အဲဒီစနစ်ဟာ ခုလိုကပ်ရောဂါကာလကြီးမှာ တစ်ကမ္ဘာလုံးက သုံးစွဲနေကြတဲ့ အင်မတန် ကောင်းတဲ့စနစ်ဗျ။ အင်တာနက်ကနေ Zoom ဆိုတဲ့ အသုံးချစနစ်ကတစ်ဆင့် အဝေးကိုတိုက်ရိုက်လှမ်းပြောဆက်သွယ်ရတာ။ နားထောင်မယ့်သူတွေဆီမှာလဲ ဇွန်းရှိဖို့တော့ လိုတာပေါ့လေ”

“ဟင်…ဇွန်းမရှိကြရင်ရော”

“ဇွန်းမရှိရင် ဆက်သွယ်နားထောင်လို့မရဘူးဗျ၊ ဇွန်းမရှိတဲ့လူက ဒေါင်းနားထောင်ရမှာပေါ့”

“ဒေါင်းက ရပါ့မလား”

“အိုရတာပေါ့၊ ဇွန်းရှိတဲ့လူက ဇွန်းနဲ့၊ မရှိသေးတဲ့လူက ဒေါင်းပေါ့ဗျ၊ တစ်ကမ္ဘာလုံး ဒီလိုလုပ်နေကြတာပဲကို”

“မင့်ရှင်းပြလို့သာပဲဟေ့၊ ကျေးဇူးပါ မောင်မောင်ချက်ရာ”

ဤသို့ဖြင့် မောင်မောင်ချက်၏ အင်ဖော်မေးရှင်းကြောင့် သူကြီးမင်း၏ဗွီဒီယိုကွန်ဖရန့်စင်းကို တက်ရောက်နားထောင်ကြရန်မှာ ဇွန်းလိုအပ်သည်ဆိုခြင်းကို နာရီပိုင်းအတွင်း တစ်ရွာလုံး သိရှိသွားကြရလေသည်။

(၂)

“အားလုံး မတ်တပ်ဝင်ကြပါ။ ထုံးဝိုင်းထားတဲ့ နေရာတွေမှာပဲ ထိုင်ပါ။ တစ်ဝိုင်းကို တစ်ယောက်ပဲ ထိုင်ရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေခွာထားပါတယ်”

မီးသတ်ရဲဘော်လေး ကိုညှော်စီ အော်လံကိုင်လျက် နေရာချထားပေးနေပြီ။ ရွာသူ၊ ရွာသားများက တဖွဲဖွဲရောက်လာကြပြီ မဟုတ်လား။ သူကြီးမင်းအိမ်ဝိုင်းက ကျယ်ပေလို့သာတော်တော့သည်။

“ဟေ့ မတ်တပ်မဝင်လို့ တို့ကလေးဖက်ထောက် ဝင်ရမှာလားကွ ဟေ”

“ဟာ…နှာခေါင်းစည်းမတ်စ်တတ်ဖို့ ပြောတာဗျ၊ လက်ရောဆေးခဲ့ကြရဲ့လား”

အိမ်ဝိုင်းအဝင်တွင် လက်ဆေးရန် ရေဇလုံနှင့် ဆပ်ပြာခွက်များ ချထားသည်။ ရေဇလုံရေဖြည့်တာဝန်ကို အပျိုခေါင်းမယ်အိတို့က တာဝန်ယူထားကြသည်။

“ဟယ် ရေကုန်တာကလည်း မြန်တာဟယ်၊ ဖြည့်လို့တောင် မနိုင်ချင်တော့ဘူး”

“မြန်မြန်ကုန်မှာပေါ့ ကိုနိုးဝေကြီးရယ် အိမ်ကရေမချိုးခဲ့ရလို့ဆို ဆပ်ပြာလဲအသင့်ရှိတယ်ဟဆိုပြီး ခုနချိုးသွားတာ”

ကိုနိုးဆိုင်တို့ အဖွဲ့ကျတော့ တစ်မျိုး။

“ဗျို့ ကိုညှော်စီ လက်တော့ဆေးခဲ့ပြီ၊ ဘယ်ဝိုင်း ထိုင်ရမှာတုံးဗျ၊ ဘာနဲ့ကျွေးမှာတုံး ဝက်သားပဲ
မဟုတ်လား”

“ဟာ အလှူအိမ်နဲ့မှားနေပြီ၊ ဒါအစည်းအဝေးဗျ၊ အစည်းအဝေး၊ သူကြီးမင်းရဲ့ ဗွီဒီယိုကွန်ဖရန့် စင်းအစည်းအဝေးပွဲတော်ကြီး”

ဤသို့ဖြင့်သူကြီးမင်း၏ အိမ်တော်မင်္ဂလာဝင်းကြီးထဲမှာ တရုန်းရုန်းနှင့်စည်ကားလျက်ရှိနေလေပြီ။

“ဒီမှာဗျ ကိုသေတ္တာ၊ ဖန်သဂျိုးတို့နှစ်ယောက်က ခြောက်ပေမရှိဘူးဗျ၊ နီးကပ်လွန်းတယ်ပြောဦး”

ပေကြိုးဘူးကြီးပိုက်လျက် လူတိုင်းကိုလိုက်တိုင်းနေသော မောင်မောင်ချက်က ကျေးရွာပြန်ကြားရေးမှူး ကိုသေတ္တာကို ပြောသည်။ ဟုတ်သည်လှမ်းကြည့်လိုက်တော့ ဖန်သဂျိုးနှင့်ကိုမောင်လေးတို့နှစ်ယောက် ပူးကပ်လျက် တတွတ်တွတ်နှင့် တစ်စုံတစ်ခုကို ငြင်းခုန်နေကြသည်။ နှာခေါင်းစည်းများပင် မေးချိတ်လျက် ရှိနေကြပေပြီ။ ကိုသေတ္တာ ရောက်သွားပြီ။

“ဟေ့လူတွေ၊ ခြောက်ပေခွာနေရမှာလေဗျာ၊ ဗွီဒီယိုကွန်ဖရန့်ကလည်းစတော့မှာ ဘာတွေငြင်းခုန်နေကြတာတုံး”

“ဒီမှာဗျာ ကိုသေတ္တာ ကျွန်တော်အရင်ရောက်လို့ ကျွန်တော်အရင်ရောင်းမယ်လို့ပြောတာကိုဗျာ”

“ကျွန်တော်အရင်ရောင်းမှာဗျာ”

“ဘာတုံး၊ ခင်ဗျားတို့က ဘာတွေရောင်းကြမလို့တုံး”

“ဟင်းလေဗျာ၊ ခုလိုတစ်ရွာလုံးစုံတုန်း ကျွန်တော်ရဲ့ စင်ဂယ်ဂျန်ကြီး ဒလီဗာရီဟင်း ရောင်းဝယ်ရေးကို ကြေငြာပြီး အရောင်းမြှင့်တင်ရမှာပေါ့ဗျ”

“အို ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ ကြယ်စင်လမင်းဖက်ထမင်းကို ကြော်ငြာရမှာပေါ့ဗျ”

“ဟာ ခင်ဗျားတို့ကြော်ငြာကဏ္ဍ ခဏနေကြစမ်းပါဦးဗျာ၊ ဟိုမှာ ကွန်ဖရန့်စင်းစတော့မယ်”

သူကြီးမင်း၏အိမ်ရှေ့ဝရန်တာပေါ်ရှိ တီဗီကြီးတွင် သူကြီးမင်း၏ပုံကြီး ပေါ်လာသည်။ ကျေးရွာလူထုပရိသတ်အပေါင်း ဝေါကနဲဖြစ်သွားကြပြီ။

“ဟာ သူကြီးရယ်ဟ”

“ဟင် ပုံကမြင်ရပြီ၊ လူအစစ်က ဘယ်မှာတုံး”

“အဝေးရောက်ရုပ်မြင်သံကြားဘာတဲ့ဆို သူကြီးက အိမ်မှာမရှိလို့နေမှာပေါ့ဟ”

“အဟမ်း၊ ကြွရောက်လာကြတဲ့ မိဘပြည်သူ ကျေးရွာသားများမင်္ဂလာပါ”

ရုပ်မြင်သံကြားဖန်သားပြင်မှာ သူကြီးမင်း စတင်ပြောကြားပေပြီ။

“အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပါမယ်”

“ဟင် ငါတို့လာတာဘာပွဲတုံး”

“အမျိုးဘာသာသာသနာပွဲ အဲအဲ…”

“နားထောင်ကွ”

“အဲဒီတော့ အဓိကအရေးကြီးတာကတော့ ခုလိုကပ်ရောဂါကာလကြီးမှာ လူစုလူဝေးမလုပ်ကြဖို့ပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် ဝေးလေကောင်းလေပါ။ ဒါကြောင့်လဲ အစည်းအဝေးကိုတောင်အန္တရာယ်ကင်းအောင် ခုလိုဗွီဒီယိုကွန်ဖရန့်စင်းစနစ်နဲ့ ပြောကြားရခြင်းပါပဲ”

“ဟင် လူစုလူဝေးမလုပ်ရဘူးဆိုတာကို လူစုပြီး ခေါ်ပြောတာတဲ့”

“နို့ ခုလိုဗွီဒီယိုကြီးနဲ့ပြောနေတော့ သူကြီးကဒီမှာမရှိဘူးလား”

ရှိပါသည်။ သူကြီးမင်းဦးစိန်ဖိုးကွန့် အိမ်မှာရှိပါသည်။ ဝရန်တာနောက်ကအခန်းထဲတွင် ဆေးတံကြီးဖွာလျက် ရွာသားများကို ချောင်းကြည့်လျက်ရှိသည်မဟုတ်လော။ အသို့ဖြစ်သနည်း။

(၃)

“ဗီဒယိုကွန်ဖရန့်စင်းဆိုတာ ဘယ်လိုလုပ်ကြတာတုန်းမောင်ချက်ရ”

“ဒီလိုပါသူကြီး၊ ခန်းမကြီးတွေဆီ လူတွေသွားနေစရာ မလိုဘဲ ကိုယ့်အိမ်ကနေကိုယ် အင်တာနက်ကနေ တချိန်တည်းတစ်ပြိုင်တည်း အစည်းအဝေးလုပ်ကြတာပါပဲ”

“ဟေ…နှိပ်လှပါလား”

သူကြီးမင်း သဘောတော်ကျသွားပြီ။

“ငါလည်းအဲဒါကြီးနဲ့ အစည်းအဝေးလုပ်ကြည့်ချင်သကွာ”

“အာ သူကြီးမင်းနှယ် အဲတာ လူတိုင်းဖုန်းရှိမှ၊ အင်တာနက်လိုင်း ကောင်းဦးမှဗျ၊ သူကြီးစည်းဝေး
ချင် ခါတိုင်းလို မောင်းထုပြီး အိမ်ခေါ်လိုက်ပြီးရော”

မပြီး။ သူကြီးမင်းဦးစိန်ဖိုးကွန့်အတွက်တော့ ထိုနေ့မှစ၍ ဗွီဒီယိုကွန်ဖရန့်စင်းရောဂါ စွဲကပ်တော့သည် မဟုတ်လော။

“အို ငါ့ရွာဟာ သူများရွာတွေထက် သာစေရမယ်ကွ”

သို့ဖြင့် သူကြီးမင်းအား အိမ်တွင်ပင် မောင်မောင်ချက်က ဗွီဒီယိုဖြင့် အရင်ရိုက်ကူးထားပေးရသည်။

ထို့နောက် အစည်းအဝေးချိန်တွင် ရောက်လာသူများအား ၀ရန်တာမှ ဖွင့်ပြယုံပင်မဟုတ်လော။

“အိုဒါများသူကြီးရာ တိုက်ရိုက်ပြော ပြီးရောဗျာ”

“အို ဒီနယ်တစ်ဝိုက်မှာ ငါသူကြီးမင်းအရင်ဆုံးဗွီဒီယိုကွန်ဖရန့်သုံးတယ်ဆိုတာ သမိုင်းမှတ်တမ်းဝင်စေရမယ်ကွ၊ ငါ့ရွာဟာ သူများရွာတွေထက် သာစေရမယ်ကွ”

ဤသို့ဖြင့် ြကွရောက်လာသော ရွာသူ၊ ရွာသား ပရိသတ်အပေါငး်အား ကြိုတင်ရိုက်ကူးထားသောဗွီဒီယိုကြီးဖွင့်ပြကာ သူကြီးမင်းက အဝေးတစ်နေရာမှ ဗွီဒီယိုကွန်ဖရန့်စင်းဖြင့် ပြောကြားနေဘိသကဲ့သို့ စည်းဝေးကျင်းပပြုလုပ်ခြင်း ဖြစ်ပေတော့သည်။

ကပ်ရောဂါကြီးမှာ ဒုတိယအကြိမ် ပြန်ခေါင်းထောင်နေကြောင်း၊ ကပ်ရောဂါကြီး မည်သည့်အချိန်တွင် ပြီးဆုံးမည်ဆိုသည်ကို မည်သူမျှမပြောနိုင်ကြောင်း၊ မိမိတို့ရွာ ပိုးတွေ့သူမရှိကြ၍ ပေါ့မနေကြစေလိုကြောင်း၊ မကြာခဏလက်ဆေးကြဖို့လိုကြောင်း၊ လူစုလူဝေးမလုပ်ကြဖို့ဖြစ်ကြောင်း၊ ဘယ်သွားသွား နှာခေါင်းစည်းများ တပ်ထားကြစေလိုကြောင်း၊ ယခုဆိုလျှင် တစ်ရွာလုံးခြံစည်းရိုးခတ်လျက် လုံလုံခြုံခြုံရှိနေကာ အဝင်၊ အထွက်ကိုလည်း ဂရုတစိုက် စစ်ဆေးလျက်ရှိပါကြောင်း၊ ရွာသူ၊ ရွာသားများက စည်းကမ်းနှင့်အညီ ဂရုတစိုက် အလေးထားလိုက်နာကြရန် လိုအပ်ပါကြောင်းစသဖြင့် ဗွီဒီယိုကြီးထဲမှ မျက်မှန်ကြီးတဝင့်ဝင့်၊ ခေါင်းပေါင်းကြီးတလူလူဖြင့် အရင်အ ကြောင်းအရာများကိုပင် စာရွက်ကြီးကြည့်လျက် သူကြီးမင်းပြောကြားလျက်ရှိသည်။

“ဒါကြောင့် အစည်းအဝေးပြီးပြီဖြစ်လို့ ဗုဒ္ဓသာသနံစိရံတိတ္တတု သုံးကြိမ်ရွတ်ဆိုပြီး သိမ်းပါမယ်”

“ဟင် လုပ်ပြန်ပြီ သူကြီးမင်းက”

“အိုကွာ ဘာနေနေ ပြီးအေးရော”

“သာဓု…သာဓု…သာဓုပါ ဘုရား”

(၄)

အစည်းအဝေးကြီး အောင်မြင်စွာပြီးဆုံးခဲ့ပြီ။

မြို့ပိုင်မင်းရွှေစလွယ်တော်ရ နှစ်လုံးပြူးနှစ်လက်ပိုင် သူကြီးမင်းဦးစိန်ဖိုးကွန့်၏ စစရကကျေးရွာတိုက်နယ်တဝန်း ပထမဆုံးဗွီဒီယိုကွန်ဖရန့်စင်းဖြင့် ပြုလုပ်ကျင်းပသောပွဲကြီး ပြီးဆုံးသွားပြီ။

“ငါ့ရွာဟာ သူများရွာတွေထက် သာစေရမယ်ကွ”

သူကြီးမင်းပြုံးပြုံးနှင့် အိမ်ပေါ်မှဆင်းလာသည်။

“ဟင် ဒါဘာတွေတုံး”

အိမ်ဝင်းထဲတွင် မောင်မောင်ချက်တို့၊ ဖန်သဂျိုးတို့၊ ကိုညှော်စီတို့ တံမြက်စည်းများဖြင့် အလုပ်ရှုပ်လျက်ရှိကြသည်။

“ဟာ ဇွန်းတွေပါလား၊ ဘယ်ကရောက်လာ လာ”

“ဒီလိုပါ သူကြီးမင်း၊ မောင်မောင်ချက်က သူကြီးရဲ့ကွန်ဖရန့်တက်ဖို့ ဇွန်းလိုတယ် ပြောလိုက်လို့လူတိုင်း ဇွန်းတစ်ချောင်းစီ ယူလာကြတာ ကျန်ခဲ့တဲ့ဟာတွေပါ”

“ဟေ”

ဤသို့ဖြင့် စစရကတိုက်နယ်ကျေးရွာတစ်ခွင် ပထမဆုံးအကြိမ်ကျင်းပသော ရွှေစလွယ်တော်ရနှစ်လုံးပြူးနှစ်လက်ပိုင် သူကြီးမင်းဦးစိန်ဖိုးကွန့်၏ ဗွီဒီယိုကွန်ဖရင့်စင်းတော်ကြီး ကျင်းပပြုလုပ်အပြီးတွင် ဇွန်းတို၊ ဇွန်းရှည်ပေါင်းစုံ နှစ်ပိဿာခန့်စုဆောင်းရရှိလိုက်သော ဟူလေသည်။

(ရောဂါဘယ ကင်းပကြလျက် ရွှင်လန်းပျော်ရွှင်ကြပါစေ)