သူကြီးမင်းနှင့် မှောင်ခိုသမားများ

0
196

ညီညီဇေယျ ရေးသည်။

သို့ဖြစ်ပါ၍ ဤတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဤဒေသန္တရအမိန့်ကို ထုတ်ပြန်လိုက်သည်။ ဤဒေသန္တရအမိန့်သည်နောက်ထပ် အမိန့်တစ်စုံတရာ ထုတ်ပြန်ခြင်းမရှိသ၍ အတည်ဖြစ်စေရမည်။ ပုံ…စိန်ဖိုးကွန့်၊ မြို့ပိုင်မင်းရွှေစလွယ်တော်ရ၊ နှစ်လုံးပြူးနှစ်လက်ပိုင် သူကြီးမင်း၊ စဆရကကျေးရွာအုပ်စု။

(၁)

ကျေးရွာရာအိမ်မှူး ကိုနိုးစိုင်နှင့် မီးသတ်ဗိုလ် ကိုညှော်စီတို့အဖွဲ့တွေ အလုပ်များလျက်ရှိနေပြီ။ တစ်ကမ္ဘာလုံး ရင်ဆိုင်နေကြရသော ကပ်ရောဂါကြီးကို နိုင်ငံတိုင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားတုံ့ပြန်ကာကွယ်နေကြရချိန် မဟုတ်လား။ သူတို့တိုက်နယ်ကျေးရွာတဝိုက်တွင်လည်း စည်းကမ်းများထုတ်လျက် သေသေချာချာ ရင်ဆိုင်ကာကွယ်ကုသနေကြရသည်။ ရွာအဝင်အထွက်တွေမှာ စစ်ဆေးသည်၊ မှတ်တမ်းယူသည်။ တခြားဒေသက ဝင်လာသူတွေကို ရွာမူလတန်းကျောင်းထဲမှာ ပြင်ဆင်ထားသော ကွာရင်တိုင်းခေါ် ရောဂါခြေချုပ်စခန်းသို့ ပို့သည်။ လိုအပ်သော စစ်ဆေးမှုတွေ လုပ်ပေးသည်။ ကျေးရွာတိုက်နယ်တစ်ခွင်ကကျန်းမာရေးဝန်ထမ်းတွေ၊ ရွာထဲက လူငယ်ပရဟိတသမားတွေ ဟိုကူရ၊ သည်ကူရဖြင့် ပင်ပန်းလျက်ရှိနေကြပြီ။ ထပ်မံကူးစက်ခြင်းများ မဖြစ်စေဖို့ ကာကွယ်နေထိုင်ကြရမည့် စည်းကမ်းများ ထုတ်ပြန်ကြရသည်။ စားသောက်ဆိုင်တွေ ပိတ်ထားရသည်။ ကျောင်းတွေ ပိတ်ထားရသည်။ လူစုလူဝေး ပွဲလမ်းသဘင်ကျင်းပခြင်းများ မပြုလုပ်ရ။

တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာမှာ နေထိုင်ကြရမည်။ အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ကြရမည်။ မကြာခဏ လက်ဆေးကြရမည်၊ တတ်နိုင်သမျှ အိမ်မှာသာ နေထိုင်ကြရမည် စသဖြင့် စည်းကမ်းတို့ ထုတ်လျက် ဂရုတစိုက်ကာကွယ်နေကြရသည့် ကပ်ရောဂါကာလကြီး မဟုတ်ပါလော။ သည်လောက် ကြိုးစားကာကွယ်နေကြတာတောင် အသေအပျောက်၊ အပျက်အစီးတွေရှိလာသဖြင့် ပို၍ဂရုတစိုက် နေနေကြရသည့်အချိန်လည်း ဖြစ်သည်။

ထို့ပြင် ရွှေပြည်ကြီး၏ အရေးကြီးလှသည့် အီလက်ရှင်းခေါ် ရွေးကောက်ပွဲကြီးကျင်းပရန်ကလည်း ရှိနေသောအချိန်ဖြစ်နေပေရာ မဲဆွယ်မည့်သူများကလည်း အင်္ကျီဆင်တူ၊ ဦးထုပ်ဆင်တူ အလံများတလူလူ ဝင့်ကြွားကြလျက် နှစ်သစ်ကူးသင်္ကြန်ပွဲအလား ထင်မှတ်မှားလောက်အောင် သီချင်းများ ဖွင့်ကြ၊ ကကြနှင့် ရောဂါမကြောက် ဘာမကြောက်နှင့် တရုန်းရုန်းနှင့် အုန်းအုန်းကြွက်ကြွက် ဖြစ်လာကြသည့်အချိန်လည်း ဖြစ်ပေတော့သည်။

(၂)

သည်လိုအခြေအနေမှာပင် မောင်မောင်ချက်တစ်ယောက် ရွာပြန်ရောက်နေပြီ ဆိုသောသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

“သေချာရဲ့လား ဖန်သဂျိုးရာ၊ ဘယ်က ဝင်လာလာ ရွာထဲဝင်လာတာနဲ့ ရွာအဝင်စစ်ဆေးရေးဂိတ်မှာ တန်းတွေ့မှာကွာ၊ တွေ့တာနဲ့ ရန်ကုန်ကပြန်လာတဲ့ မောင်မောင်ချက်ကို ကွာရင်တိုင်း တန်းဝင်ခိုင်းရုံပဲမဟုတ်လား၊ ခုဘယ်သူမှ မသိလိုက်ဘဲ ရွာထဲရောက်နေတယ်ဆိုတော့”

ဟုတ်သည်။ မောင်မောင်ချက်တစ်ယောက် ရန်ကုန်ကို ထွက်သွားတာကြာပြီ။ အခုလို ရောဂါပျံ့နှံ့ကူးစက်မှုတွေ ဆိုးရွားနေချိန်မှ ရွာကို ဘယ်သူမှမသိလိုက်ပဲ ပြန်ရောက်နေသလော၊ ကွာရင်တိုင်းမဝင်ဘူးလော။ သူကြီးမင်း၏တူဆိုပြီး အခွင့်ထူးခံလေသလော။

“မင့်ကိုယ်တိုင်တွေ့ခဲ့တာ သေချာတယ်ဆို သူကြီးမင်းကို သွားပြောကြရမှာပဲကွာ”

“ငါကိုယ်တိုင် တွေ့ခဲ့တာပဲ သေချာတာပေါ့ကွ”

“ဘယ်မှာတွေ့ခဲ့တာတုံး”

“လက်ဖက်ရည်ဆိုင်”

“ဘာ ဟင် လက်ဖက်ရည်ဆိုင်တွေက မဖွင့်ရသေးဘူး၊ ဆိုင်မထိုင်ရသေးဘူး၊ ပါဆယ်ပဲလေ”

“ရှူး…တိုးတိုးကွ”

ဖန်သဂျိုးက ဟိုကြည့်၊ သည်ကြည့် ပြာပြာသလဲ ကြည့်လိုက်သည်။

“ငါတို့က ကိုနိုးဝေဆိုင် လက်ဖက်ရည်မှောင်ခို သွားသောက်ကြတာ”

“ဘာ … ကိုနိုးဝေက ဆိုင်ထိုင်ရောင်းနေတာတစ်ခါမိလို့ ဒဏ်ငွေဆောင်ပြီး ပိတ်ထားရတာမဟုတ်လား”

“ဟုတ်တယ်၊ ဒါပေမယ့် ဒီလိုကွ”

(၃)

ရွာထိပ်က ကိုနိုးဝေလက်ဖက်ရည်ဆိုင်က လူငယ်တွေဆုံရပ်လည်း ဖြစ်သည်။ ရွာထိပ်လမ်းဆုံဆိုတော့ ခရီးသွားစုံသတင်းစုံသည်။ ဆိုင်လေးက အမြဲတမ်း လူစည်ကားလျက်ရှိသည်။ သည်ရွာတိုက်နယ်တစ်ခွင်မတော့ အရောင်းရဆုံး တော့ပ်တန်းထဲပါသည်ဟု ပြောနိုင်သည်။ သို့သော် ခုလိုကပ်ရောဂါကာလမှာ ပါဆယ်ပဲ ရောင်းရပေတော့သည်။ ထိုင်နေကျလူငယ်တွေကလည်း ပါဆယ်ဝယ်ဝယ်ပြန်နေရတော့ အားမရ ဖြစ်ကြပြီ။ ထိုအခါ ဆိုင်နောက်တွင် မှောင်ခိုထိုင်သောက်ကြတော့သည်။ အစတော့ ဖောက်သည်လူရင်းတွေပဲ တိတ်တိတ်လျှို့ဝှက်စွာ ထိုင်သောက်ကြသည်။ နောက် တစ်စတစ်စများလာတော့ သူကြီးမင်းထံ ရွှေနားတော်ပေါက်ကြား၍ လာရောက်စစ်ဆေးရာ စားသောက်လက်စ စားပွဲဝိုင်းတစ်ဝိုင်း၊ လူသုံးယောက်တိတိဖြင့် လက်ပူးလက်ကြပ်မိလျက် သောက်လက်စလက်ဖက်ရည်ခွက်များအား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းကာ ဒဏ်ငွေဆောင်ရရှာလေသည်။

“သူကြီးမင်း ဒါတော့ဖြင့် မမျှတဘူးလို့ ကျွန်တော်ထင်ပါတယ်”

“ဟေ ဘာလို့ မောင်နိုးဝေရဲ့၊ မင်းဆိုင်က တို့ကြေညာထားတဲ့စည်းကမ်းဥပဒေကို ချိုးဖောက်တာကိုးကွ”

“ဒီလိုဗျာ အခုအင်္ကျီရောင်စုံဆင်တူအမျိုးမျိုးနဲ့ ရွာတစ်ခွင် လှည့်ပတ်မြူးတူးကခုန်နေတဲ့သူတွေတော့ ဘာမှမပြောဘဲ ကျွန်တော့်ဆိုင်လူသုံးယောက်ထဲကျမှ သူကြီးမင်းက ဒဏ်ငွေရိုက်တယ်”

“ဟေးဟေး ဒလိုလေကွာ၊ သူတို့က မဲ…မဲဆွယ်ကြတာလေကွာ ဟေးဟေး၊ ပြည်သူရဲ့ထောက်ခံချင်တဲ့စိတ်တွေ ငြိုငြင်သွားအောင်လုပ်လို့ ဘယ်ကောင်းပါ့မလဲကွာ…ဟေးဟေး”

ဤသို့ဖြင့် မောင်နိုးဝေ အောင့်သက်သက်ဖြင့် ဒဏ်ငွေဆောင်ခဲ့ရသည်။ သိပ်မကျေနပ်ပေ။

ထို့နောက် သုံး၊ လေးရက်အကြာတွင်တော့ မောင်နိုးဝေ၏ လက်ဖက်ရည်မှောင်ခိုဖောက်သည်များအကြား အချင်းချင်း တိုးတိုးတိတ်တိတ်သတင်းတစ်ခု ပါးနေကြလေပြီ။

“ကိုနိုးဝေဆိုင်က မှောင်ခိုထိုင်စရာမလိုတော့ဘူးတဲ့။ အေးဆေးထိုင်သောက်လို့ရပြီတဲ့”

“ဘယ်လိုတွေတုံးဗျ၊ ပြောကြဦး”

” ဒီလိုကွာ ကိုနိုးဝေက သူ့ဆိုင်လာထိုင်ကြမယ်ဆို ပါတီအင်္ကျီတွေ ဆင်တူဝတ်ခဲ့ကြတဲ့၊ အလံတွေရော လုပ်လာခဲ့ကြပါတဲ့”

“ဟေ”

ထိုနေ့က ကိုနိုးဝေဆိုင်ရှေ့တွင် စည်ကားလျက်ရှိသည်။ အလံတလူလူနှင့် ထော်လာဂျီများ၊ ဆိုက်တွဲများ၊ စက်ဘီး၊ ဆိုင်ကယ်များ ရပ်ထားကြလျက်ရှိသည်။ ဆိုင်ထဲလည်း ကြည့်ပါဦး။ ပါတီအင်္ကျီတီရှပ်ဆင်တူ၊ ဦးထုပ်ဆင်တူ ဝတ်ဆင်ထားကြသူများက အေးအေးလူလူ စားကြ၊ သောက်ကြလျက်ရှိကြသည်မှာ ပွဲတော်ကြီးတမျှ စည်ကားလှလေသည်။

တစ်ရက်မဟုတ်၊ နှစ်ရက်မဟုတ် နေ့စဉ်မဟုတ်ပါလော။

“အဲဒီလို ဆိုင်ထိုင်နေကြတဲ့အထဲ ငါ မောင်မောင်ချက်ကို တွေ့လိုက်တာပဲ”

“ဘာပဲဖြစ်ဖြစ် သူကြီးကို ပြောရမှာပဲကွ၊ ဒါကပ်ရောဂါကာကွယ်ရေးကွ၊ ခိုးဝင်တယ်ဆို အရေးယူရမှာပဲ”

(၄)

ရွာထိပ်က ကိုနိုးဝေ၏လက်ဖက်ရည်ဆိုင်က ထုံးစံအတိုင်း စည်ကားနေပြီ။ အလံများတလူလူနှင့် ထော်လာဂျီ၊ ဆိုက်တွဲ၊ ဆိုက်ကား၊ စက်ဘီး၊ ဆိုင်ကယ်များကလည်း ပြည့်လျက်ရှိနေပြီ။

ဆိုင်ထဲမှာလည်း အင်္ကျီဆင်တူများနှင့် ဆိုင်ထိုင်စားသောက်လျက် ရှိနေကြသည်။

ထိုစဉ်တွင်ပင် မျက်မှန်တဝင့်ဝင့်၊ မတ်စ်ကြီးတပ်လျက် သူကြီးမင်းဦးစိန်ဖိုးကွန့် ဆိုင်ထဲသို့ဝင်လာသည်။

“ဟေ့ မောင်နိုးဝေ”

“ဟာ သ…သ…သူကြီးမင်း၊ ဘယ်ကကြွလာ…လာ”

အားလုံး အံ့အားသင့် မှင်သက်မိ အံ့သြငေးမောသွားကြပြီ။ ဟုတ်သည်။ သူကြီးမင်းက ဆပ်ပရိုက်ကြွရောက်လာခြင်းပင် မဟုတ်လော။

“ဟေ့မောင်နိုးဝေ မင်း ဒါဘာလုပ်တာတုံးကွ၊ ငါ့ကို ပမာမခန့်လုပ်တဲ့သဘောလားကွ…ဟေ၊ မင့်ဆိုင်ဒဏ်ရိုက်ပြီး ပိတ်ခိုင်းထားတာ ခုတော့ မင့်က အုန်းအုန်းကြွက်ကြွက်နဲ့ရောင်းဝယ်ဖောက်ကားလို့ပါလား”

“ဒီလိုပါသူကြီးမင်း၊ ကျွန်တော် ဆိုင်ဖွင့်ရောင်းနေတာ မဟုတ်ပါဘူး၊ သူတို့ကလည်း ကျွန်တော့်ဆိုင် လာစားကြတာမဟုတ်ပါဘူး၊ သူတို့က မဲဆွယ်လှည့်လည်ကြတဲ့အဖွဲ့တွေပါ။ ခဏဝင်နားကြတာပါ၊ ဟုတ်ကြတယ် မဟုတ်လားဗျ”

“ဟုတ်ပါတယ်၊ ကျွန်တော်တို့က ပါတီမဲဆွယ်အဖွဲ့တွေပါ၊ ခဏနားကြရင်း ကိုနိုးဝေဆီက ရှိတာလေးတွေဝယ်စား၊ အဲလေ မေးမြန်းစားနေကြတာပါ”

“ဟုတ်ပါတယ် သူကြီး။ သူတို့ရဲ့တက်ကြွလှတဲ့ ထောက်ခံချင်တဲ့စိတ်တွေကို ငြိုငြင်သွားအောင် မလုပ်သင့်ဘူးမဟုတ်လား ဟဲဟဲ”

“တော်ကြစမ်း၊ ငါစောင့်ကြည့်နေတာ နှစ်ရက်၊ သုံးရက်ရှိနေပြီ၊ ဘာမဲဆွယ်မှ မသွားကြဘူး၊ လက်ဖက်ရည်ဆိုင်ထိုင်ပြန်ကြတာ ငါသိတယ်ကွ၊ ဟေ့ ဟိုမှာမောင်မောင်ချက် ငါတွေ့ပြီ၊ မင်းလည်း ပုန်းနေလို့မရဘူး၊ နေစမ်းပါဦး မင်းက ရွာထဲကို ဘယ်လိုပြန်ရောက်နေတာတုံး”

“အိုဗျာ သူကြီးကလည်း ဟိုတလောက မဲဆွယ်တဲ့ လူအုပ်ကြီးနဲ့အတူ ရွာထဲရောဝင်လာတာပေါ့ဗျ၊ သူကြီးတို့က ရိုးရိုးဝင်လာရင် အဖျားတိုင်းမယ်၊ စစ်ဆေးမေးမြန်းမယ်၊ ရန်ကုန်ပြန်ဆို ကွာရင်တိုင်းဝင်ရမယ်မဟုတ်လား၊ ခုလို မဲဆွယ်တဲ့ လူအုပ်ကြီးနဲ့ဝင်လိုက်လာတော့ ဘယ်သူကမှတောင် မသိလိုက်ဘူး မဟုတ်လား၊ တက်ကြွနေကြတဲ့ ထောက်ခံချင်စိတ်တွေကို မငြိုငြင်စေဘူး မဟုတ်လား ဟဲဟဲ”

“ဟေ့ တော်စမ်းကွ၊ မောင်မောင်ချက် မင်းအခုချက်ချင်း ကွာရင်တိုင်းဝင်၊ ထွက်တာနဲ့ တရားစွဲပြီး ဖမ်းဦးမယ်ကွ၊ အခုဒီဆိုင်ထဲက လူအကုန်လုံးလည်း ကွာရင်တိုင်းဝင်ကြရမယ်၊ ရန်ကုန်ပြန်မောင်မောင်ချက်ရဲ့ ကွန်တက်တွေ ဖြစ်သွားကြပြီ၊ မောင်နိုးဝေ မင့်ဆိုင်လည်းပိတ်၊ ဆေးဖြန်းမယ်၊ မင့်တို့မိသားစုလည်း ကျူဝင်ရမယ်၊ ဒါပဲ”

ထိုနေ့မှစ၍ မည်သူမျှ အပြင်ထွက်မဲဆွယ်ခြင်းမပြုလုပ်ရ၊ မည်သည့်မဲဆွယ်လူအုပ်ယာဉ်တန်းကိုမျှလည်း စဆရကကျေးရွာထဲသို့ ဝင်ခွင့်မပြုတော့ဟု သိရလေသည်။

ဤသို့ဖြင့် စဆရကကျေးရွာမူလတန်းကျောင်း ကွာရင်တိုင်းစခန်းမှာ စည်ကားသိုက်မြိုက်သွားလေတော့သည်။ ဒါတောင် ညညဆို ပါတီမဲဆွယ်သီချင်းသံတွေနဲ့ ပိုမြိုင်ဆိုင်လှသည်ဟုလည်း ဆိုကြသည်။

ကွာရင်တိုင်းစခန်းအဝင် တံခါးတွင်တော့ ပုံ…စိန်ဖိုးကွန့်၊ မြို့ပိုင်မင်းရွှေစလွယ်တော်ရ၊နှစ်လုံးပြူးနှစ်လက်ပိုင်သူကြီးမင်း၊ စဆရကတိုက်နယ်ကျေးရွာအုပ်စုဟူသော စည်းကမ်းချက်ဗီနိုင်းကြီးချိတ်ထားသည်ကို အဝေးကပင် မြင်နိုင်ကြပေသည်။