သူကြီးမင်းနှင့် ဂေါပက

0
476

ရွာဦးကစေတီနဲ့ ပတ်သက်တဲ့ စာရင်းအင်းလေးတေွ သူကြီးကိုယ်တိုင် လာရောက်ကြ့ည်ရှု့ စစ်ဆေးလိမ့်မယ်ဆိုတော့ ကိုဘထွားတစ်ယောက် ခေါင်းခဲရပြီ။ သူဟာ ဂေါပကလူကြီးမဟုတ်လား။ ဂေါပက ခေါင်းခဲရတာက သူစာရင်းတွေ မရှင်းနိုင် လို့လား။ မရှင်းနိုင်တာမဟုတ်။ မရှင်းတတ်တာ ဆိုလျှင် ပိုမှန်မည်။ အမှန်တော့ ကိုဘထွားက စာတောင်ဖြောင့်အောင်မရေးနိုင်ဘူး မဟုတ်လား။ သို့ဆိုလျှင်ဖြင့် အဘယ်ကြောင့် ဂေါပက ဖြစ်နေရသနည်း။

သူသည် ရွာထဲတွင် ဆရာကြီးဟူသည် မဟုတ်လော။ ဟုတ်တယ်လေ ကိုဘထွားဆိုတာ အိမ်မှာသာ ဘာမှမလုပ်တတ်၊ မကိုင်တတ်တာ ရွာထဲမှာတော့ ဆရာကြီးဆိုတဲ့လူမျိုးကိုး။ ဘယ်လို ဆရာကြီးတဲ့လဲ။

‘ဟေ့…ဖန်သဂျိုးတို့ မင်းတို့ကာလသားတွေ မယ်ဒလင်ဝိုင်းဟာ ည..ည တယ်ဆူတယ်ကွာ တိတ်တိတ်ဆိတ်ဆိတ် တီးကြပါလားကွ’ ဆိုပြီး ကာလသားအုပ်စုကို ဆရာကြီးလုပ်တယ်။

‘ဟင် မယ်ဒလင် တိတ်တိတ်ဆိတ်ဆိတ်တီးတော့ ဘာသွားကြားရတော့မှာတုံး’

‘အေးလေ ဘလေးထွားတော့လုပ်ပြီ’

ကာလသမီးခေါင်း မမိတင့်တို့ကိုလည်း သွားဆရာလုပ်တတ်သေးသတဲ့။

‘ဟေ့မိတင့် ညည်းတို့အပျိုတွေ ရေခပ်ဆင်းကြရင် ရေအိုးတွေ ယူသွားကြဟေ့နော်။ ကိုယ့်အိုးကို နိုင်ကြပါစေ’

‘ဟင် ရေခပ်ဆင်းတာ အိုးမယူလို့ ကျုပ်တို့က ဘာယူသွားရဦးမှာတုံးတော်’

‘ခက်ပ ဦးဘထွားရယ်’

ရပ်ရေးရွာရေးတက်ကြွလေ့ရှိတဲ့ အက်တစ်ဗစ် ဦးနေမြောင် တို့ကိုကျတစ်မျိုး။

‘မင်းတို့ခု ကျေးရွာသာရေးနာရေးအသင်းဖွဲ့ဖို့ အစည်းအဝေးလုပ်ကြမလို့ဆို’

‘ဟုတ်တယ်လေ တစ်အိမ်တစ်ယောက်ဖိတ် မှာပဲဗျာ’

‘အေးလကွာ မင့်တို့ဖိတ်သော်လည်း ငါလာမနေပါဘူးကွာ။ မင်းတို့ဘာသာ စည်းဝေးကြပါ ရွေးချယ်ကြပါ။ လုပ်ကြကိုင်ကြပါ။ အဲ ဥက္ကဋ္ဌနေရာလေးသာ ငါ့အတွက် ချန်ထားလိုက်ကြဟေ့’

အဲသလို ကာလသားအရေးကစ လူလတ်ပိုင်းအရေးကိစ္စတွေအလယ် ရပ်ရေးရွာရေးအဆုံး နေရာတကာ ဝင်ဝင်အာလေ့ရှိတဲ့ ကိုဘထွားကို မျက်စိစပါးမွေးစူးပြီး ကြည့်မရတဲ့သူကတော့ မောင်မောင်ချက်ပဲ။ မောင်မောင်ချက်ဆိုတာကလဲ မြို့ကနေ ပညာလေးတပိုင်းတစနဲ့ထွက်ပြီး ရွာပြန် ရောက်လာတဲ့သူကိုး။ ဒါ့အပြင်သူက သူကြီးမင်းရဲ့ တူလဲတော်သေးတယ်လို့ ဆိုကြတာကိုး။ ရွာလည်ခေါင်က ကိုကက်သိုရဲ့အကြော်ဆိုင်မှာ လူစည်ပြီလားဆိုမှဖြင့် မောင်မောင်ချက်အသံချည်း ကြားနေရတတ်သတဲ့။

‘စာပေတွေ ဖတ်ရှုလေ့လာသင်ယူပြီးတော့ ထူးချွန်ထက်မြက်တဲ့လူတွေကို ဘုတ်စမတ်လို့ သတ်မှတ်ကြသတဲ့ဗျ’

ဒီလိုလေလုံးကြီးကြီးကျယ်ကျယ်တွေ ကြားနေရပြီဆို မောင်မောင်ချက်ရောက်နေပြီပဲတဲ့။

‘အဲစာပေနဲနဲလက်တွေ့များများ အောက်ခြေကနေ ထူးချွန်ထက်မြက်လာ သူတွေကိုတော့ စထွိစမတ်တွေလို့ သတ်မှတ်ကြသတဲ့’

‘ဒါဖြင့် ကိုဘထွားလို ဆရာကြီးကျတော့’

‘ဟာ ဒီလူက အဲယားစမတ်ပါဗျာ’

ဒီလိုနဲ့ တခါသား ရွာထိပ်ကစေတီလေးအတွက် ဂေါပကထားဖို့ အစည်းအဝေးခေါ်ကြပါသတဲ့။ စေတီလေးကရွာထိပ်အဝင် လမ်းမကြီးဘေးဆိုတော့ ခရီးသွားတွေနားကြပြုကြနဲ့ ဈေးသည်လေးတွေရောဆိုတော့ စည်ကားပြီး လှူကြတန်းကြသူ များများလာတာကိုး။ ရွာထဲက လှူထားတဲ့အလှူခံပုံးတွေရှိတော့ အလှူငွေတွေရပေမယ့် ဘယ်သူတာဝန်ယူပြီး ဘယ်လိုသုံးကြမယ်လို့ မဆုံးဖြတ်တတ် ဖြစ်ရပြီလေ။ အဲဒီတော့ သူကြီးမင်းအမိန့်နဲ့ အစည်းအဝေးခေါ်ရတော့တာပေါ့။ ကိုဘထွား ကတော့ ထုံးစံအတိုင်းပေါ့လေ။

‘ငါမလာအားပါဘူး မောင်မောင်ချက်ရာ မင်းတို့ဘာသာရွေးကြဆုံးဖြတ်ကြပါ။ အဲ ဥက္ကဋ္ဌ နေရာလေးသာ ငါ့ဖို့ချန်ထားလိုက်ကြ’

ဒါနဲ့ မောင်မောင်ချက်ကလည်း ချဉ်ချဉ်နဲ့ သူ့ဦးရီးတော်သူကြီးမင်းကိုပြောပြီး ကိုဘထွားကို ဂေါပကအဖြစ် ခန့်အပ်လိုက်ကြသတဲ့။

ကိုဘထွားက ဂေါပကအဖြစ် တာဝန်ဝတ္တရားတွေကို စတင်ထမ်းဆောင်ဖို့ သူကြီးမင်းရှေ့မှောက်မှာ ကတိသစ္စာခံယူတဲ့နေ့က မျက်နှာငယ်လေးနဲ့ မောင်မောင်မောင်ချက်ကို မေးသတဲ့။

‘ဟေ့ရောင် ဂေါပကဆိုတာဘာတုံးဟင်’

‘ဟင် ခင်ဗျားဒါတောင်မသိဘူးလားဗျ’

‘အေးကွာ ငါက ဥက္ကဋ္ဌလောက်ပဲသိတာကွ’

အဲဒီလိုနဲ့ ကိုဘထွား ဂေါပကဖြစ်လာပါသတဲ့။ ဂေါပကဖြစ်သာလာတာ ဘာမှမသိတော့ မောင်မောင်ချက်ကိုပဲ အားကိုးရတာပဲကိုး။

ဒီလိုနဲ့မောင်မောင်ချက်လဲ မြို့နဲ့ကူးချည်သန်းချည် သုံးလိုက်ဖြုန်းလိုက်။ ကိုဘထွားလဲပြုံးပြုံးပြုံးပြုံး နေလာလိုက်တာ ခုတော့ စာရင်းအင်းတွေ သူကြီးမင်းကိုယ်တိုင် စစ်ဆေးတော့မယ်ဆိုပါလား။

‘ဟေ့ယောင် ငါ့ကိုပစ်မထားပါနဲ့ကွာ’

‘အိုဗျာ ကျုပ်ရေးပေးထားတဲ့ စာရင်းတွေ အတိုင်းသာ ရှင်းလိုက်စမ်းပါ’

ဤသို့ဖြင့် နှစ်ရက်လောက် မောင်မောင်ချက်ဆီ အမြန်သင်ယူပြီးသောအခါ ဂေါပကကြီး ဦးဘထွားတစ်ယောက် အစစ်ဆေးခံစာရင်းရှင်းလင်းပြဖို့ အသင့်ဖြစ်နေပြီ။

‘ဒါက အလှူခံကရသမျှငွေစာရင်းပါ သူကြီးမင်း။ စုစုပေါင်းအသပြာငွေ တစ်ထောင့်သုံးရာ တစ်ဆယ့်နှစ်ကျပ်နဲ့ ပြားငါးဆယ်တိတိပါ’

‘ဒါက အသုံးစာရင်းတွေပါ။ ဘုရားတွင်း သန့်ရှင်းရေးလုပ်တာ ကျပ်လေးရာ။ ဘုရားအနီးက ရေကန်ကြီးဆယ်တာက ကျပ်ရှစ်ရာ့ငါးဆယ်ပါ။ ဘုရားဘေးကမြောင်းတွေဖော်တာ ကျပ်ခြောက်ရာ့ လေးဆယ့်ခုနှစ်ကျပ်တိတိကုန်ကျပါတယ်’

‘ဟင် ဟိုတစ်နှစ်ကလည်း မြောင်းတွေဖော်တဲ့ စရိတ်ဆို’

‘မှန်ပါ မြောင်းတွေကောကုန်လို့ ထပ်ဖော်ရပါတယ်။ နောက် ဘုရားထုံးသင်္ကန်းကပ်တာ ကျပ်နှစ်ရာကုန်ကျပါတယ်။ အဲတော့ ကုန်ကျ စရိတ်အားလုံး အသပြာနှစ်ထောင့်ကိုးဆယ့် ခုနှစ်ကျပ်တိတိ ကုန်ကျထားပါတယ်။ ရငွေက တစ်ထောင့်သုံးရာဆယ့်နှစ်ကျပ်နဲ့ ပြားငါးဆယ်ဆိုတော့ ဘုရားထံကရရန် ကျပ်ခုနှစ်ရာနှစ်ကျပ်နဲ့ ပြားငါးဆယ်တိတိပါသူကြီးမင်း’

ကိုဘထွားက ပိုင်ပိုင်နိုင်နိုင်ပြုံးပြုံးကြီး စာရင်းရှင်းလဲပြီးရော သူကြီးမင်းအသံကြီး ဟိန်းထွက် လာသတဲ့။

‘ဟေ့ကောင် မောင်မောင်ချက်’

အဲဒီအချိန်မောင်မောင်ချက်တစ်ယောက် ရွာထဲမှာ မရှိတော့ဘူးတဲ့။ ရွာထဲက တွေ့လိုက်တဲ့လူတွေပြောတာကတော့ မမိတင့် အကြော်ဆိုင်မှာ ‘ဖုစမတ်’အကြောင်းဆိုလား ပြောနေသံကြားပြီး မတွေ့ရတော့တာပဲတဲ့။ နောက်နေ့ အဲဒီဘုရားမှာ စာရင်းရှင်းတမ်းကြေငြာထားတာ တွေ့ကြရတာပဲတဲ့။ ဘာတဲ့ ဘုရားထံကရရန် ကျပ်ခုနှစ်ရာနှစ်ကျပ် ပြားငါးဆယ်တိတိ’ဆိုတဲ့ ဘလက်ဘုတ်ကြီး အဝေးကတောင် မြင်နိုင်ကြသတဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here