သူကြီးမင်းနှင့် စက်ရုပ်

0
437

ညီညီဇေယျ ရေးသည်။

အရေးပိုင်မင်း ရွေစလွယ်တော်ရ နှစ်လုံးပြူးနှစ်လက်ပိုင် သူကြီးမင်းဆိုသော်ငြား ဦးစိန်ဖိုးကွန့်သည် ခေတ်ကို မျက်ခြေမပြတ်လှသူဖြစ်သည်။ အရွယ်နဲ့မလိုက် အမြဲတမ်းလည်း ဖျတ်လတ်တက်ကြွနေလေ့ရှိသည်။ ဖျတ်လတ်တက်ကြွနေသလောက် နေရာတကာလည်း ပါဝင်စွက်ဖက်လေ့မရှိပေ။ လူစည်ကားရာ ပွဲလမ်းသဘင်တို့တွင် သူကြီးမင်းကို သိပ်တွေ့ကြရလေ့မရှိပေ။

“ကျုပ်ရွာကို သူများရွာတွေထက် သာစေချင်တာဗျ။ ကျုပ်ရွာက ကျန်ခဲ့ရင်ကို မကြိုက်ဘူး”

တခါသား မြို့ကမဟာဂေဇက် စာစောင်တော်ကြီးက သူကြီးမင်းအား လာရောက်တွေ့ဆုံမေးမြန်းရာတွင် မျက်မှန်ကြီးကို ပင့်ပင့်တင်လျက် သူကြီးမင်းပြောခဲ့သော စကားဖြစ်သည်။

“ကျုပ်ရွာကို သူများရွာတွေထက် သာစေချင်တာဗျ”

ဟုတ်သည်၊ တစ်ရွာလုံးတွင် အကြီးဆုံး အမြင့်ဆုံးဖြစ်သော နှစ်ထပ်ခွဲပျဉ်ထောင်အိမ်ကြီးအပေါ်ထပ်က သူကြီးမင်းအခန်းတွင်သာ အောင်းနေလျက် ရပ်ရွာတိုးတက်ဖွံ့ဖြိုးရေး၊ သူများရွာတွေထက်သာရေးတို့ကိုသာ အစဉ်အမြဲတွေးတော ကြံစည်စိတ်ကူးကာနေလေ့ရှိသည်မဟုတ်လား။ မြေပြင်ဆောင်ရွက်ရန် ကိစ္စများအတွက်တော့ သူကြီးမင်းလွန်စွာအားကိုးရသော ရာအိမ်မှူး ကိုကျောက်ခဲတို့၊ မီးသတ်ရဲဘော် မောင်နိုးဝေတို့ရှိသည်။ ကိုကျောက်ခဲနှင့်မောင်နိုးဝေတို့ အုပ်စုဆိုတာကလည်း သူကြီးမင်းစိတ်ကို သိသူများမဟုတ် လော။ ရိပ်ကနဲမိုးအုံ့လာလျှင် ဖျတ်ကနဲလျှပ်စစ်မီး ပျက်သလို သူကြီးမင်းပါးစပ်ဟလိုက်တာနှင့် ချက်ဆို နားခွက်က မီးတောက်ကြသူတွေပင်မဟုတ်လော။ ထို့ကြောင့် ရွာအပေါ်တွင်လည်း သြဇာသက်ရောက်ကြသူများ ဖြစ်ကြပေသည်။ သူတို့ သြဇာမသက်ရောက်သည့်အပြင် သူတို့ကပင် ပြန်ကြောက်နေရသည်ကတော့ တစ်ရွာလုံးမှာ မောင်မောင်ချက်တစ်ယောက်ပင်။ သိကြသည့်အတိုင်း မောင်မောင်ချက်ဆိုသည်က မြို့တွင်ကျောင်းတက် လာသည့် ခေသူမဟုတ်ဟူသော လူစားဖြစ်၏။ သူကြီးမင်းနှင့်လည်း ဆွေမကင်း၊ မျိုးမကင်းမဟုတ်လော။ ဟိုတလောကပင် မောင်မောင်ချက်ကြောင့် ကျောက်ခဲတို့၊ ကိုနိုးဝေတို့အလုပ်ရှုပ်သွားကြသေးသည်။ ကိုဗစ်နိုင်တီးခေါ် ကပ်ရောဂါကာလကြီး ဖြစ်သဖြင့် ရွာသူရွာသားများ အိမ်အပြင်ထွက်ကြလျှင် နှာခေါင်းစည်းများဝတ်ပြီးမှ သွားလာထွက် ကြဖို့၊ နှာခေါင်းစည်းမဝတ်ဘဲ လမ်းပေါ်သွားလာကြလျှင် ဖမ်းမည်ဟု သူကြီးမင်းအမိန့်ဖြင့် ထုတ်ပြန် ကြေငြာထားသည်။

“ဗျို့သူကြီး လုပ်ပါဦးဗျ။ ဒါမဖြစ်သင့်ဘူးဗျ”

“ဟေ မောင်ချက်၊ မင်းဘာဖြစ်လာတာတုံးကွ”

“သူကြီးလူ ကိုကျောက်ခဲတို့ ကိုနိုးဝေတို့ပေါ့ဗျ၊ လမ်းပေါ်မတ်တတ်မသွားတဲ့လူ ဖမ်းကြမလို့တဲ့”

“ဟေ”

“အဲဒါကြောင့် မမိတင့်တို့၊ မမေစိုးတို့ ကလေးအမေတွေက သူတို့ကလေးလေးတွေ အိမ်ထဲတံခါးပိတ်ထားနေကြရတယ်၊ ကလေးတွေက မတ်တတ် မသွားနိုင်ကြသေးဘူးလေ၊ လေးဘက်ထောက်ပဲ သွားနိုင်သေးတဲ့ ကလေးတွေကိုး၊ ခုအဲလိုကလေးတွေ ဒုက္ခရောက်နေကြရှာတယ်ဗျ”

“ဟေ ကျောက်ခဲနဲ့နိုးဝေခေါ်စမ်း”

“ဟုတ် သူကြီးမင်း ရောက်ပါပြီ”

“မင်းတို့က လမ်းပေါ်မတ်တတ်မသွားတဲ့လူ ဖမ်းကြမလို့ဆိုကွ”

“ဟုတ်တယ်လေ၊ သူကြီးမင်းပဲ အမိန့်ထုတ်ထားတာလေ၊ အိမ်အပြင်ထွက်ကြရင် မတ်တတ် ထွက်ကြဖို့၊ မတ်တတ်မထွက်ရင် ဖမ်းဖို့”

“ဟေ အဲဒီတော့ လေးဘက်ထောက်သွားတဲ့ကလေးတွေက ဒုက္ခရောက် ရောက်”

“ဟာ သူကြီးမင်းနှယ် မတ်တတ်တယ်ဆိုတာ နှာခေါင်းစည်း မတ်က်စ်ကိုပြောတာဗျ၊ ဟာ မောင်မောင်ချက် မင်းအတော်ရှုပ်တဲ့ကောင်ပဲကွာ”

အဲဒါနဲ့အဲဒီနေ့က ကိုကျောက်ခဲတို့က ရွာထဲက လေးဘက်ထောက်သွားတဲ့ ကလေးအမေတွေကို တစ်အိမ်တက်ဆင်း ဒိုးတူဒိုးပြန်ရှင်းပြလိုက်ကြရသည်မှာ ထမင်းလွတ်ကြရော ဟူလေသည်။

(၂)

ခုတလောတော့ တစ်ရွာလုံး လှုပ်လှုပ်ရွရွဖြစ်နေ ကြသည်။ အထူးသဖြင့် မီးသတ်ရဲဘော်မောင်နိုးဝေ တို့တစ်သိုက် အလုပ်တွေရှုပ်နေကြသည်။ ဟုတ်သည်။ ခေတ်မီတက်ကြွသောသူကြီးမင်း ဦးစိန်ဖိုးကွန့်က သူ့ရွာအတွက် ခေတ်မီ မီးသတ်စက်ရုပ်ကားကြီး ဝယ်ယူလိုက်ပြီမဟုတ်လော။ သည်နယ်တခွင်တွင် ဦးစိန်ဖိုးကွန့်ရွာကသာလျှင် ဦးဦးဖျားဖျား ဝယ်ယူပိုင်ဆိုင်နိုင်ခြင်းပင်ဖြစ်သဖြင့် တစ်ရွာလုံး သည်သတင်းကိုပဲ ပြောဆိုဝေဖန်သုံးသပ်နေကြ သည်။ သူကြီးမင်းသည် သူ့ရွာကို သူများရွာထက် သာချင်သည်လေ။

“ရေပက်စက်ရုပ်ကြီးဆိုတော့ သင်္ကြန်အတွက် သုံးဖို့နေမှာပါကွာ၊ ငါတို့ဂွင်တော့ ပျောက်ပါပြီ”

ကာလခေါင်းဖန်သဂျိုးက သူကြွေနေသောာ ရွာလည်ကအပျိုလေးကို ကိုယ်တိုင်ရေမလောင်းရသဖြင့် ကြေကွဲစွာ ရှုမြင်သုံးသပ်ရှာသည်။

“အို မီးသတ်စက်ရုပ်ပါတဲ့ဆို ဒါ မောင်နိုးဝေတို့လို မီးသတ်ရဲဘော်တွေကို မလိုတော့ဘူး။ စော်ကားတာပဲကွ”

တစ်ရွာလုံး ဝေဖန်ပြောဆိုနေကြချိန်တွင် မောင်မောင်ချက်ကတော့ မောင်နိုးဝေတို့မီးသတ်စခန်းရှေ့က ခေတ်မီမီးသတ်စက်ရုပ်ကားကြီးကို ကြည့်လျက် အားရလျက်ရှိသည်။

“ရေတွေ အတော်ပြေးမှာပဲဗျနော် ကနိုးဝေ”

“အင်ဂျင်ပါဝါမြင်းကောင်ရေ ၁၄၀ ပဲကွာ၊ ပေတစ်ရာလောက်ကို လှမ်းငြိမ်းသတ်နိုင်သတဲ့၊ ရီမုကွန်ထရိုးခေါ် အဝေးထိန်းခလုတ်နဲ့ခိုင်းလို့ ရသတဲ့ကွ၊ မနက်ဖြန် စမ်းသပ်အသုံးပြုသရုပ်ပြပွဲ လုပ်မှာပဲကွာ”

(၃)

ညက တိတ်ဆိတ်လျက်ရှိသည်။ ဇီးကွက် အော်သံတချက်ချက် ညငှက်တို့၊ အော်သံတို့မှလွဲ ၍တိတ်ဆိတ်လျက်။ မနက်ဖြန်ကျင်းပမည့် မီးသတ်စက်ရုပ်ကားကြီးသရုပ်ပြပွဲအတွက် တနေကုန်စီစဉ်လုပ်ကိုင်ကြရသဖြင့် မောင်နိုးဝေတို့လည်း အိပ်မောကျကြပြီ။

“ဟာ မီး မီး”

“မီးဗျို့ မီး မီး မီးလောင်နေပြီ”

“ဘယ်မှာ ဟာ သူကြီးမင်းအိမ်ကြီးပဲဟ”

“ဟာ သူကြီးမင်းအိမ်ကြီး မီးလောင်နေသဟေ့ လာကြ ငြိမ်းကြဟေ့”

“ဝေါ ဝေါ တီးပေါ် တီးပေါ်”

“ဟာ မီးသတ်စက်ရုပ်ကားကြီးလာပြီဟေ့”

“ရဲဘော်တို့ ညာညှိ တိတ်နိတ်သုံးတိတ်နိပ်သုံး”

“ဟာ ခွေးမသားနိုးဝေ မီးလောင်နေပါတယ်ဆို ခုမှအိပ်ချင်မူးတူးနဲ့ ညာညှိတုံး”

“ဗျို့ကနိုးဝေ ဒီစက်ရုပ်ကားကြီးနဲ့ ဘယ်လိုငြိမ်းရမှာတုံး၊ အဝေးထိန်းစနစ်ဆို ဘယ်မှာတုံး လမုကွန်ထရိုးက”

အခြေအနေက ရှုပ်ထွေးကုန်ပြီ၊ မီးကတော်တော်လောင်နေပြီ၊ ငြိမ်းသတ်မရသေး၊ ရွာရှိ အကြီးဆုံးသော သူကြီးမင်းအိမ်တော်ကြီး မဟုတ်လား။ စက်ရုပ်ကားကြီးကို ရုတ်တရက်မည်သူမျှ မလုပ်တတ်ကြ။

“ဟေ့လူ ကနိုးဝေ မြင်းကောင်ရေ ၁၄၀ ဆိုဗျ”

မောင်မောင်ချက်က လှမ်းအော်သည်။

“ပေတစ်ရာအတွင်း ငြှိမ်းနိုင်တယ်ဆိုဗျ”

“အဝေးထိန်းစနစ်နဲ့ဆို၊ လုပ်ပါဗျ၊ လှမ်းငြှိမ်း လိုက်စမ်းပါ”

“ဟာ မနက်ဖြန်မှ သရုပ်ပြသင်တန်းပေးမှာကွ၊ ခု ငါဘာမှမလုပ်တတ်ဘူး”

မီးသတ်ရဲဘော်မောင်နိုးဝေမှာ စက်ရုပ်ကားကြီးကို ဘယ်ကစလုပ်လို့ ဘာကိုင်ရမည်မသိဖြစ်နေရှာသည်။

“တော်ဗျာကြာပါတယ်။ ဟေး ရေပုံးတွေနဲ့ ခါတိုင်းလိုပဲ ငြိမ်းကြစို့ဟေ့”

ကာလသားဖန်သဂျိုးတို့အုပ်စုတွေ၊ ကိုကျောက်ခဲတို့အဖွဲ့တွေ အိမ်တွေထဲက ရေတွေ ပြေးခပ်ကြ၊ မီးချိန်တွေနဲ့ ဆွဲကြဖြင့် ဝိုင်းဝန်းငြှိမ်းသတ်လိုက်ကြတာ နံနက်အရုဏ်မလာမီ မီးငြှိမ်းသတ်နိုင် သွားလေသည်။ နောက်ရက်တွင် အဝေးထိန်းစနစ် မီးသတ်စက်ရုပ်ကားကြီးသရုပ်ပြပွဲကြီး မပြုလုပ်ဖြစ်ဟု ကြားသိရပြီး စက်ရုပ်ကားကြီးအားလည်း ပြန်လည်ရောင်းချလိုက်သလိုလို ကြားကြရလေသည်။

မီးလောင်မှုအား စစ်ဆေးသုံးသပ်ရာ ရှို့မီးဖြစ်နေပြီး တရားခံမှာ မောင်မောင်ချက်ဟု စစ်ဆေး ပေါ်ပေါက်လေသည်။ မိမိမှာ မိမိတို့ရွာဂုဏ်ကို ပြသလိုပါသဖြင့် ရှို့ရခြင်း ဖြစ်ပါကြောင်း၊ အထူးအားဖြင့် မီးသတ်စက်ရုပ်ကြီး၏ စွမ်းပကားကို လက်တွေ့သိမြင်လိုသည်က တစ်ကြောင်း၊ အဝေးထိန်းစနစ် စမ်းသပ်လိုသဖြင့် ရွာမှာ အကြီးဆုံးသူကြီးအိမ်ကို ရှို့ကြည့်ရခြင်းဖြစ်ပါကြောင်း၊ ယခုမူ မီးသတ်စက်ရုပ်မှာ ကောင်းစွာစွမ်းဆောင်နိုင်ခြင်းမရှိသည်သာမက ၎င်းအတွက်ပင် ဝန်ထုပ်ဝန်ပိုးဖြစ်နေပါကြောင်း စသဖြင့် မောင်မောင်ချက်ကထွက်ဆိုရာ သူကြီးမင်းစိတ်ဆိုးတော်မူသဖြင့် မောင်မောင်ချက်အား ကိုယ်ထိလက်ရောက် ထိုးကြိတ်လေရာ တရားခွင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသောဟူလေသည်။

မောင်မောင်ချက်မှာ ပြစ်မှုထင်ရှားသဖြင့် ပြစ်ဒဏ်ကျခံရရှာကာ သူကြီးမင်းဦးစိန်ဖိုးကွန့်ကိုမူ ထိုနေ့မှစ၍ မမြင်တွေ့ကြရတော့ဟု ဆိုကြလေသည်။ အချို့ကလည်း မြို့မှာ မီးသတ်စက်ရုပ်ကားကြီး သွားရောင်းတာ ပြန်မလာသေးသလိုလို၊ ရတနာသိင်္ခရွာဘက်မှာ အခြေချနေသလိုလို ပြောနေကြလေသည်။

စာဖတ်သူများအနေဖြင့် ဆံပင်တိုတိုခေါင်း ပေါင်းထားလျက်၊ ကော်ကိုင်းမျက်မှန်အနက်နှင့်၊ ခပ်ဝ၀ပြည့်ပြည့်အသံ

“ကျုပ်တို့ရွာကို သူများရွာထက်သာအောင် လုပ်ချင်တာ” ဟုပြောတတ်သော သူကြီးမင်း ဦးစိန်ဖိုးကွန့်ကိုတွေ့မိလျှင် မုံရွာဂေဇက်ကို အကြောင်းကြားပေးကြစေလိုပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here