သူကြီးမင်းနှင့် နိုင်ငံခြားပြန်

0
198

“အစ်ကိုသူကြီးမင်းကယ်ပါ။ အစ်ကိုသူကြီးမင်း ကယ်တော်မူပါ”

“ဟေ…ဘယ်သူတွေတုံးလဟဲ့”

“အစ်ကိုကြီးညီမ မိတင့်ပါ။ ကျွန်မသားအစ်ကိုကြီးတူကို ကယ်ပါဦး သူကြီးမင်း”

“ဟဲ့ ငါ့တူ ဘာဖြစ်လို့တုံး”

သူကြီးမင်း ဦးစိန်ဖိုးကွန့်တူ၊ ဒေါ်မိတင့်သား မောင်မောင်ချက်ဆိုတာ ရွာမှာတော့ ဆယ်လီ ဘရစ်တီလို့ပြောရမယ်။ လူသိများတာကိုး။ လူသိများဆို နေရာတကာပါတာကိုး။ ကလေးတွေကစားတာအစ လူပျိုတွေထန်းရည်းဝိုင်းအလယ် လူကြီးတွေ စကားဝိုင်းအဆုံးအကုန် ဝင်ဝင်ပါတတ်သတဲ့။ ဒါကြောင့် ကလေးလူကြီးတရွာလုံးက မောင်မောင်ချက်ကို သိကြတယ်။ ကောင်းသောသိခြင်းတော့မဟုတ်ဘူးပေါ့လေ။ သူကြီးမင်းတူဆိုတော့ အောင့်သက်သက်နဲ့ နေရာပေးပြီး မချစ်သော်လည်း အောင့်ကာနမ်းကြရတာကိုး။ ရွာထိပ်က ရေကန်ကြီးကိုတရွာလုံးကလူငယ်တွေ ဆယ်ကြတုန်း ကပဲကြည့်၊ မောင်မောင်ချက်က ဘာမှဝင်မလုပ်ဘဲ လတ်လျားလတ်လျားနဲ့သွားပြီး ဆယ်ဖီဆွဲလိုက်၊ ရွာကလှူထားတာတွေစားလိုက်နဲ့ လုပ်နေလို့ ကာလသားခေါင်း ဖန်သဂျိုးတို့နဲ့ကတောက်ကဆ ဖြစ်ကြသေးတာမဟုတ်လား။ ရွာထိပ်က ဇရပ်ကြီးကိုလည်း ရွာအဝင်အလှအပကို ဖျက်ဆီးသလို ဖြစ်နေလို့ ရွာအနောက်ကိုရွေ့ပစ်ရမယ်လို့ လိုက်လံပြောဆိုစည်းရုံးနေလို့ သူကြီးမင်းကိုယ်တိုင်ခေါ် ငေါက်လိုက်မှ ငြိမ်သွားဖူးတာမဟုတ်လား။ ရွာက အပျိုတွေ ရေသွားသွားခပ်တဲ့ရွာအရှေ့က ရေတွင်းကြီးကိုလဲ သူ့အိမ်နားကိုရွှေ့ပေးပါလို့ သူကြီးမင်းကို တိုက်တွန်းပြောဆိုဖူးသေးတာတဲ့ကိုး။ ဆိုတော့ မောင်မောင်ချက်ဆိုတာဟာ မြို့မေတ္တာခံယူမယ့် သားပေမို့ ဆိုသလို ရွာရဲ့ဆူအောင့်အောင့်မေတ္တာတွေ ရထားသူလို့ ဆိုရမှာပေါ့လေ။

” ခုတလောတော့ အားလုံးသိတဲ့အတိုင်း
ကိုဗစ်နိုင်တီးဆိုတဲ့ ကပ်ရောဂါကြီးဟာ
တကမ္ဘာလုံးကို ကူးစက်ပြန့်ပွားနေချိန်
ဆိုတော့ သူကြီးမင်းဦးစိန်ဖိုးကွန့်တို့ရွာလည်း
အလှုပ်ရှုပ်နေကြပါပြီ။ “

ဟိုတလောကတော့ တရွာလုံးပျော်ရွှင်ဝမ်းမြောက်သွားကြသေးတယ်။ မောင်မောင်ချက် တယောက် နိုင်ငံခြားသွားအလုပ်လုပ်မလို့ဆိုတာကိုး။ ဒီလိုနဲ့ မောင်မောင်ချက်တစ်ယောက် ဘယ်နိုင်ငံသွားအလုပ်လုပ်တယ်မသိတော့ တရွာလုံး စိတ်လက်ပေါ့ပါးပျော်ရွှင်လိုက်ကြရတာဆိုပဲ။

ခုတလောတော့ အားလုံးသိတဲ့အတိုင်း ကိုဗစ် နိုင်တီးဆိုတဲ့ ကပ်ရောဂါကြီးဟာ တကမ္ဘာလုံးကို ကူးစက်ပြန့်ပွားနေချိန်ဆိုတော့ သူကြီးမင်းဦးစိန်ဖိုးကွန့်တို့ရွာလည်း အလှုပ်ရှုပ်နေကြပါပြီ။

“ဟဲ့…တရွာလုံးတရုန်းရုန်းနဲ့ ဘာလုပ်ကြ တာတုန်း”

“အို ကိုသေတ္တာနှယ် ရွာသတင်းထောက်လုပ်ပြီး မသိဘူးလား၊ ကျုပ်တို့နိုင်ငံမှာဗိုင်းရပ်စ်ကူးသူတွေ့ တယ်ဆိုလို့ တရွာလုံး ပဲနှစ်ဝယ်နေကြတာလေ”

“ဘာ..ဘာပဲနှစ်လဲ၊ ပဲနှစ်တွေဘာလုပ်ဖို့လဲ”

“အိုတော် ကာလသားခေါင်းဖန်သဂျိုးတို့၊ ကျောင်းဆရာကြီးဦးမြင့်မောင်တို့ ပြောနေကြတာ တရွာလုံးပဲနှစ်ဘိုင်း လုပ်ကုန်ကြပြီတဲ့”

“ဟာ ပဲနှစ်မဟုတ်ပါဘူး… Panic Buying ပါဟာ၊ ကြောက်လန့်တကြား မစဉ်းစားမဆင်ခြင်ဘဲ ဝယ်ကြတာကိုပြောတာပါ”

ကျောင်းဆရာကြီးဦးမြင့်မောင်နှင့် ကျေးလက် ဆေးမှူးလေးကိုနိုးစိုင်တို့လည်း ရွာဦးဘုန်းကြီးကျောင်းတွင် ပြဿနာရှင်းနေရသည်။ ဖြစ်ပုံကသည်လို။ ကာလသားခေါင်းဖန်သဂျိုးက ဘုန်းကြီးကျောင်းက ကိုရင်တွေကို အတင်းလာခေါ်သည်။

“ဟဲ့ဒကာလေး ငါ့ကိုရင်တွေ ဘယ်ပင့်သွား မလို့တုန်း”

“တင်ပါ့ဘုရား၊ ခုဆိုရင်တပည့်တော်တို့ရွာကို ကပ်ရောဂါကြီး မကျရောက်မကူးစက်နိုင်အောင် ကာကွယ်ကြရမယ်ဘုရား”

“အေးလကွယ် အဲဒါနဲ့ငါ့ကိုရင်တွေကို ဘယ်ခေါ်ဘာလုပ်”

“ရောဂါမကူးစက်အောင် ကိုရင်တိုင်း ၁၄ ရက် လုပ်ရမယ်တဲ့ဘုရာ့၊ ဒါ့ကြောင့် ကိုရင်တိုင်းလုပ်ဖို့ ကိုရင်တွေလာခေါ်တာဘုရား”

ဘုန်းတော်ကြီးမှာ ကျောင်းဆရာကြီးနှင့် ဆေးမှူးလေးကိုသွားခေါ်ခိုင်းပြီး မေးရမြန်းရတော့သည်။

“ဟာ ကိုဖန်သဂျိုးရာ ကိုရင်တိုင်းမဟုတ်ပါဘူး၊ ကွာရင်တိုင်း Quarantine လုပ်တာပါဗျာ။ ရောဂါကူးစက်မှုမရှိအောင် ဘယ်သူနဲ့မှမထိတွေ့ မဆက်သွယ်ဘဲ နေရတာကိုပြောပါဗျ”

“ဒီလိုလား၊ ဒါဖြင့် ဒီလိုကိစ္စတွေကို တရွာလုံးသိအောင် ရှင်းပြမှဖြစ်မယ်၊ တယောက် တပေါက်ထင်ရာလုပ်ကိုင်နေကြရင် အားလုံးအလွဲ တွေဖြစ်ကုန်ကြမဟဲ့၊ ဆရာဦးမြင့်မောင် လူစုပြီး ဟောဖို့၊ ပြောဖို့ လုပ်ကြပေတော့”

“တင်ပါ့ဘုရား”

ဤသို့ဖြင့် တရွာလုံးဘုန်းကြီးကျောင်းစုဝေးစေလျက် ကပ်ရောဂါအကြောင်း ရှင်းလင်းပညာပေးပွဲကြီး လုပ်ကြရလေသည်။

“ဗျို့ကိုသတ္တော လူစုလူဝေးကို ရှောင်ရမယ် ဆိုဗျ၊ ကျွန်တော်မလာတော့ဘူးဗျာ”

“ဟာ ဒီတခါတော့ ဘာမှမဖြစ်နိုင်ပါဘူးတဲ့ဗျ လာစမ်းပါ”

ဤသို့ဖြင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးမှ ကင်းဝေးစေရေး အရေးပေါ်လူထုအစည်းအဝေးကြီးအား ရွာဦးဘုန်းကြီးကျောင်းကြီးအတွင်း၌ ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပကြလေသည်။

“ခုလို အားလုံးစုစုဝေးဝေး စုံစုံညီညီ ခေါ်လိုက်ရတာကတော့ ရောဂါကာကွယ်ဖို့ လူစုလူဝေးတွေ မလုပ်ကြဖို့ပါပဲ”

အစည်းအဝေးကြီးမှ အောက်ပါအချက်များ ပြုလုပ်ဆောင်ရွက်ထားကြရန် သဘောတူဆုံးဖြတ်ကြလေသည်။

တရွာလုံးဘယ်မှ မသွားမလာကြတော့ပဲနေကြရန်၊ ရွာကိုအဝင်အထွက်ပိတ်ချပစ်ရန်၊ ရွာသို့ ပြန်လာသူရှိပါက ၁၄ ရက် သီးသန့်ခွဲထားရန်၊ သီးသန့်ခွဲထားစောင့်ကြည့်နေရာအဖြစ် ရွာအနောက်ပိုင်း သုသာန်အနီးက ကွင်းပြင်တွင် ယာယီတဲများထိုးကြရန်၊ ဒါတောင် နေရာနှင့်ပတ်သက်ပြီး ပြဿနာအနည်းငယ်တက်ကြသေးသည်။ ပထမ ရွာလယ်ခေါင်က စပါးဂိုဒေါင်ကြီးကို လုပ်ကြမည်ဟုတင်ပြသည်။ ထိုအခါ ဦးကိုသက်က သူ့အိမ်နှင့်နီးသည်ဟု ဆိုသောကြောင့် ခုလို ရွာသုသာန်အနီးကို ရွေးကြရခြင်းဖြစ်လေသည်။

ဤသို့ဖြင့် အခြားမှရွာသို့ ပြန်ဝင်လာသူ မည်သူမဆို ၁၄ ရက်သုဿန်၌နေရမည်ဟု သဘော တူကြလေသည်။

ဤအချိန်တွင်ပင် သူကြီးမင်း၏တူ မောင်မောင်ချက်က ရွာသို့ပြန်ရောက်လာခြင်းဖြစ်ပေတော့သည်။ ရွာအဝင် ကင်းစောင့်အဖွဲ့နှင့် မောင်မောင်ချက်တို့ ရွာတံခါးမှာ ပြဿနာဖြစ်ကြပြီ။

အထုပ်တွေ၊ အပိုးတွေနှင့် မောင်မောင်ချက်ကို ကာလသားခေါင်းဖန်သဂျိုးက အဝင်မခံ၊ ယခု အချိန်သည် အင်မတန်အရေးကြီးပါကြောင်း၊ အပြင်ဧည့်သည်များအား ရွာတွင်းအဝင်မခံပါကြောင်း၊ အထူးသဖြင့် နိုင်ငံခြားပြန်များဆိုလျှင် ပိုမဝင်စေချင်ကြောင်း၊ နိုင်ငံရပ်ခြားတွင် ရောဂါများဖြစ်ပွားနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံခြားပြန်မောင်မောင်ချက်အနေဖြင့် သုသာန်တွင် နေရမည်ဖြစ်ပါကြောင်းဖြင့် တာဝန်ရှိသူကာလသားခေါင်းမှ လိုအပ်သည်များကို ရှင်းလင်းပြောပြလေသည်။

“ကယ်ပါဦးအစ်ကိုကြီး မောင်မောင်ချက်ကို သုသာန်ပို့ကြမလို့တဲ့”

“ဟေ…အေးလေ သူကနိုင်ငံခြားက ပြန်လာတာမဟုတ်လား ပို့ရမှာပေါ့”

“ဟုတ်ပါတယ် သူကြီးမင်း၊ သူက နိုင်ငံခြားက ပြန်တာဆိုတော့ ၂၈ရက်တောင်နေသင့်ပါတယ်”

“မ…မဟုတ်ပါဘူးဗျာ၊ နိုင်ငံခြားပြန်မဟုတ်ပါဘူး”

“ဟမင်းပဲ နိုင်ငံခြားသွားအလုပ်လုပ်မယ်ဆို ရွာထဲပြောသွားတာပဲလေ”

“အေးလေ မင့်အမေဆို ရွာထဲလျှောက်ကြွားနေတာပဲ၊ ဘယ်နိုင်ငံရောက်ပြီတို့၊ ဘယ်လောက် ရတာတို့”

“မ…မဟုတ်ပါဘူးဗျာ။ ဘယ်နိုင်ငံမှ မရောက်ပါဘူးဦးကြီးရယ်”

“ဟေ…ဒါဖြင့်မင့် ဘယ်သွား”

“ဟို…ဟို ဘက်ရွာသွား…သွားနေတာ ပါဗျာ”

“ဟုတ်…ဟုတ်ပါတယ် အစ်ကိုကြီး၊ သူ့ကို ဟိုဘက်ရွာက အမျိုးတွေဆီပို့…ပို့ထားတာပါ”

“သယ်…မသိဘူး၊ နင်တို့ဟာနင်တို့ နိုင်ငံခြားသွားသွား၊ ရွာနေနေ၊ ဘယ်နေနေ ပြန်ဝင်လာသူမည်သူမဆို ၁၄ ရက်ခွဲနေစေပဲ”

ဤသို့ဖြင့် ရွာ၏ဆယ်လစ်ဘရစ်တီ နိုင်ငံခြားပြန်ဆိုသောသူကြီးမင်း၏တူ မောင်မောင်ချက်မှာ ရွာအနောက်သုဿန်၌ ဆယ့်လေးရက် ကိုရင်တိုင်းအဲလေ ကွာရင်တိုင်းလုပ်ခံရရှာလေ သောဟူလေသည်။

ပေါ့ပါးပျော်ရွှင်စွာဖြင့် ဗိုင်းရပ်စ်အန္တရာယ်မှ ကင်းဝေးကျန်းမာကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here