ဟင်းနုနွယ်ပင် အမျိုးမျိုး

0
85

ကိုသက်နိုင်ဦး ရေးသည်။

COVID ကာလ အိမ်မှာကိုယ်တိုင်ချက်စားတော့ အစိမ်းရောင်အရွက်တွေ ပိုစားဖြစ်လာတယ်။ ဟင်းနုနွယ်ဆိုတာကလည်း စားလို့ကောင်းရုံမက ဆေးဖက်လည်းဝင်သော အရွက်တစ်မျိုးပါ၊ ဟင်းနုနွယ်အမျိုးမျိုးရှိတယ်။ ဈေးမှာရောင်းသော အရွက်ဖားဖား ဒေသထွက်ဟင်းနုနွယ်တွေ (Amaranthus Spp)၊ Super Market ကြီးတွေမှာရောင်းသော တစ်ထွာသာသာ အစည်းလိုက် ဟင်းနုနွယ်လေးတွေ (ဒေါက်ခွရွက်လည်းခေါ်တယ်။ အမည်က(Spinacia Oleracea L.) တွေ၊ ဆူးပါသော ဟင်းနုနွယ်ဆူးပေါက် (Amaranthus spinosus – spiny amaranth, prickly amaranth, thorny amaranth) ဆိုတာလည်း ရှိတယ်။

လုံးဝစား၍မရသော အညိုရောင်ဟင်းနုနွယ်အရိုင်းပင် (Amaranthus viridis – slender amaranth, green amaranth) လည်း ရှိတယ်။ အရွက်ပေါ်မှာ အနီရောင်အကွက်များနဲ့ စားလို့ရတဲ့ အပင်ငယ်ငယ် ဟင်းနုနွယ်မျိုး(Amaranthus giganticus) လည်း ရှိပါသေးတယ်။ ကြော်လိုက်ရင် အနီရောင်အရည်တွေ ထွက်လာပေမည့် အရသာက အထူးကောင်းပါတယ်။

ဟင်းနုနွယ်ပင် အများစုမှာ သံဓာတ်ပါဝင်မှုများလို့ အမျိုးသမီးများနဲ့ အထူးသင့်လျော်သော အရွက်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်အရွက်များမှာ ဖောလစ်အက်ဆစ် ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ စားသုံးသင့်တဲ့ အရွက်ဖြစ်တယ်။

သူ့အထဲမှာပါသော ဒီဒြပ်ပေါင်းက သန္ဓေသားဖွံ့ဖြိုးစေဖို့ များစွာအထောက်အပံ့ ဖြစ်စေပါတယ်။ ဖောလစ်အက်ဆစ်ပါခြင်းက ဒီအပင်ကို သဘာဝတရားကထည့်ပေးသော လက်ဆောင်တခုပါပဲ၊ဆေးဝယ်ဖို့ ငွေကြေးခက်ခဲနေသော ကိုယ်ဝန်ဆောင်သည်တစ်ယောက်ကို ဟင်းနုနွယ်စားဖို့ တိုက်တွန်းဖူးတယ်။

Spinach ခေါ် (ဒေါက်ခွရွက်)ဆိုတာ

ရုက္ခအမည် Spinacia oleracea အမည်ရှိသော ဒေါက်ခွရွက် (ဟင်းနုနွယ်) အကြောင်း ဖော်ပြလိုပါတယ်။ သူလည်း အရွက်ကို စားလို့ရသော(edible vegetable) အပင်လေးတွေဖြစ်ပါတယ်။ သူ့အရွက်ကို အစိမ်းလိုက်စားကြတယ်၊ အများကခေါ်ကြတာကတော့ Common Spinach လို့ ခေါ်ကြတယ်။

Spinach လို့ Dictionary မှာရှာရင် ဟင်းနုနွယ်လို့ ဘာသာပြန်ကြတယ်၊ တကယ်တော့ ကျွန်တော်တို့နေ့စဉ်စားနေသော ဟင်းနုနွယ်နဲ့ အပင်ပုံစံမျိုးစုမျိုးစိတ်ကအစ မတူပါဘူး၊ အနောက်တိုင်းက ပိုစားကြတဲ့အရွက်ပါ၊ Spinach leaves လေးတွေကို အစိမ်းစားတယ်၊ သုပ်စားကြတယ်၊ ချက်ပြုတ်ပြီးလည်း စားကြသည်။ မျိုးခွဲစံနစ်အရ Common Spinach ဖြစ်သည့် Spinacia Oleracea ကို ယခင်အခါက မျိုးရင်း Chenopodiaceae (ခီနိုပိုဒီရေးစီး)ထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။ Chenopodiaceae (ခီနိုပိုဒီရေးစီး) ဆိုသည်မှာ မြူရွက်များပါသည့် မျိုးရင်းဖြစ်တယ်။

၂၀ဝ၃ ခုနှစ်မှာတော့ မျိုးခွဲပညာအရ မျိုးရင်း Amaranthaceae (ဟင်းနုနွယ်မျိုးရင်း ) ထဲကို ပေါင်းထည့်လိုက်ပါတယ်။ ဒီအပင်က Subfamily Chen-opodioideae ထဲမှာ ပါလို့နေပါတယ်။ ပန်းခိုင်ထွက်ပုံကိုကြည့်ရင် ရိုးရိုးဟင်းနုနွယ်ပင် Amaranthus တွေနဲ့ မတူကွဲပြားပါတယ်။

အပင်သရုပ်

Spinach အပင်က တစ်နှစ်ခံပင်(annual plant) အပင်မျိုးဖြစ်တယ်၊ အပင်အမြင့်က ၁ ပေသာသာ မြင့်သော ပင်ပျော့ (Herbs) လေးသာ ဖြစ်တယ်။ အရွက်က ရွက်ထီး (Simple Leaves) ဖြစ်ပြီး ရွက်လွှဲ (Alternate) ထွက်ပါတယ်။ အရွက်ပုံစံက အမျိုးမျိုးပါ။ ဘဲဥပုံ Ovate ကနေ Triangular ၃ ထောင့်ပုံစံ အထိ ရှိကြတယ်။ အရွက် အရွယ်က အမျိုးမျိုးရှိကြတယ်။ အပင်၏ အခြေပိုင်းက အရွက်တွေက အရွယ်ကြီးကြပြီး အပင်၏အပေါ်ပိုင်း ပန်းခိုင်အနားက အရွက်တွေကတော့ ငယ်ပါတယ်။ ရွက်ညှာ Petioles က ရှည်ပါတယ်။

ဟင်းနုနွယ်မျိုးရင်းကဖြစ်လို့ သူ့ရဲ့ပန်းလေးတွေက အလွန်သေးငယ်ပြီး မထင်ရှားပါဘူး၊ အရောင်ကလည်း စိမ်းဝါဝါအရောင် ရှိကြတယ်။ အသီးလေးတွေက အစုလိုက်ရှိနေကြပြီးအတွင်းမှာ အစေ့ပေါင်းများစွာ ရှိနေကြပါတယ်။

Spinach မှာ ပါဝင်သော အရာများ (Ref. Wikipedia)

Spinach Leaves (ဟင်းနုနွယ်ရွက်)အစိမ်းမှာ ရေပါဝင်မှု ၉၁ ရာခိုင်နှုန်း၊ အသားဓာတ် ၃ ရာခိုင်နှုန်း၊ အဆီအနည်းငယ်သာပါတယ်။ အရွက် 100g(3.5 oz) ကနေ ကယ်လိုရီ ၂၃ အထိထောက်ပံ့နိုင်တယ်။ သူ့အထဲမှာ မြင့်မားလှသော အဟာရတန်ဖိုး(High Nutritional Value) ပါတယ်။ ဒါပေမယ့် ဒီတန်ဖိုးကိုရဖို့ အရွက်ကို အစိမ်းစားတာ၊ သုပ်စားတာ၊ ရေနွေးနဲ့ဖျောစားတာတွေ လုပ်စားမှသာ ရနိုင်တာပါ၊ မီးဖိုပေါ်မှာ အကြာကြီးကြော်လှော်ချက်ပြုတ်ရင်တော့ အာဟာရတွေ မရတော့ပါဘူး၊ အစိမ်းရောင်အရွက်ထဲမှာ ဗိုက်တာမင်အေ၊ စီ၊ ကေ ( Vitamin A, Vitamin C, Vitamin K) တို့ ပါဝင်သလို မဂ္ဂနီစီယံ Magnesium, မဂင်းနိစ် Manganese, သံဓာတ် Iron၊ ဖိုလိတ် Folate တွေလည်း ပါဝင်ပါတယ်။

ထို့ပြင် Spinach တွေက (10-19% of DV) အရင်းအမြစ်ဖြစ်ပြီး B Vitamins Riboflavin နဲ့ Vitamin B6, Vitamin E, ကယ်လစီယံ Calcium, ပိုတက်စီယံ Potassium, အမျှင်ဓာတ် Dietary Fiber တွေ ပါဝင်ပါသေးတယ်။ အရွက်ထဲမှာသံဓာတ်နဲ့ ကယ်လစီယံလည်း မြင့်မားစွာပါတယ်။ Oxalates ပါဝင်မှု မြင့်မားလွန်းလို့ ရေနဲ့ အပူပေးချက်ပြုတ်ခြင်းဖြင့် Oxalic Acid ပါဝင်မှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဂေါက်နဲ့အဆစ်အမြစ်ရောင် ရောဂါရှိသူတွေ၊ကျောက်ကပ်ရောဂါသမားတွေက ဟင်းနုနွယ်ကို စားသုံးဖို့ မသင့်လျော်ပါဘူး။

Spinach ကိုစားရင် ရနိုင်သော အကျိုးတွေက

သူကိုစားရင် အရိုးအဆစ်တွေကိုသန်မာစေတယ်၊ Energy စွမ်းအင်ကို အထောက်အပံ့ဖြစ်စေတယ်။ ဟင်းနုနွယ်ထဲမှာ မဂင်းနိစ်၊ သံ၊ ကြေးနီ၊ ကယ်လစီယံ၊ မဂ္ဂနီစီယံ၊ ပိုတက်စီယံတွေနဲ့ ဖော့စ်ပရပ် စသော သတ္ထုဓာတ်တွေပါလို့ သူ့ကိုစားရင် ခန္ဓာကိုယ်ထဲမှာ သတ္ထုမျှခြေအနေအထားကို ဖြစ်စေတယ်။

ဟင်းနုနွယ်မှာ Fibre ခေါ်တဲ့ အမျှင်ဓာတ်တွေပါလို့ ဝမ်းချုပ်ခြင်း မဖြစ်စေပါဘူး၊ သံဓာတ်ပါဝင်မှု မြင့်မားတာကြောင့် သွေးနီဥ ဆဲလ်တွေ တိုးပွားပြီး၊ ဟီမိုဂလိုဘင် ပါဝင်မှုကို တိုးစေပါတယ်။နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာရောဂါများဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်။

အမြင်အာရုံကို ကောင်းစေတယ်။ ဟင်းနုနွယ်ဟာ ခန္ဓာကိုယ်တွင်းက သွေးဖိအားတွေကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းပေးတယ်။ ဆီးချိုရောဂါကိုကာကွယ်နိုင်တယ်၊ ဆံပင်ကျွတ်ခြင်းကိုတားဆီးပေးပြီး အရွယ်တင် နုပျိုစေတယ်။ ကင်ဆာရောဂါအချို့ မဖြစ်အောင် တားဆီးပေးနိုင်တယ်။ အရွက်ထဲမှာ ကယ်လိုရီပါဝင်မှု နည်းတာကြောင့် ဝိတ်ချသူများလည်း စားသုံးနိုင်တယ်။

မြန်မာ့ဆေးကျမ်းများနဲ့ Spinach(ဟင်းနုနွယ်)

ဆေးကျမ်းတွေမှာ Spinach (ဟင်းနုနွယ်ရွက်) လို့ တိုက်ရိုက်မခေါ်ဘဲ(ဒေါက်ခွရွက်) လို့ သုံးနှုန်းပြောဆိုတာကလည်း မှတ်သားစရာပါ။ သူကသဲဆန်သောနေရာ ကုန်းမြင့်နေရာတွေမှာပေါက်တယ်။ အမြင့် ၁ ပေခန့်ရှိပြီးအရွက်သား ထူတယ်။ အသားများပြီး ၃ ထောင့်ပုံစံရှိတယ်။

ဂုဏ်နှင့် စွမ်းရည်

အရွက်သည် ချို၏၊ အေး၏၊ အနည်းငယ်စပ်၏၊ ရတ္တပိတ် သွေးအန်သွေးလျှံရောဂါကိုနိုင်၏၊ rv များကို သုတ်သင်၏၊ ရောင့်ရဲခြင်းကို ဖြစ်စေ၏၊ လေကိုပွား၏၊ သလိပ်ကိုဖြစ်စေ၏၊ ဆီးဝမ်းကိုရွှင်စေ၏၊ အဆိပ်ကိုနိုင်၏၊ ပဉ္စငါးပါးစလုံး ပြုတ်ထားသော အရည်က အဖျားရောဂါများဦးစီးသော ရောဂါများကိုနိုင်၏ လည်ချောင်းပူခြင်း၊ အနာအဖုများရောင်ခြင်း၊ အသက်ရှု ပြွန်တန်ရောင်ခြင်းပေးကျွေးရ၏၊ လည်ချောင်းပူလောင်ခြင်းကင်းဝေးစေဖို့ အရွက်သတ္ထုရည်ကို ငုံဆေးအဖြစ် သုံးနိုင်၏၊ အူနှင့်ပတ်သက်သော ရောဂါများအတွက် ချက်ပြီးကျွေးရ၏။ ကျောက်တည်သောရောဂါများ၊ သကြားထိုင်သောဆီးချိုရောဂါများအတွက် အရွက်၏ သတ္ထုရည်ကို ပေးကျွေးပါက ပျောက်ကင်းစေပါတယ်။

ဆေးဖက်လည်းဝင်၊ အဟာရလည်းရှိ၊ ဈေးလည်းချိုပြီး၊ ကျန်းမာရေးနဲ့ညီညွတ်သော ဒေါက်ခွရွက် (ဟင်းနုနွယ်ရွက်)ကို စားကြစို့လား။