ဟုမ္မလင်းတွင် ကွာရန်တင်းခန်းများ သီးခြားကန့်မထား၍ နေထိုင်သူများ စိုးရိမ်

0
1605

တင်မျိုးငြိမ်း
ဟုမ္မလင်း၊ စက်တင်ဘာ- ၁၅

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့၊ အမှတ် (၁) အထက်တန်းကျောင်းတွင် ကွာရန်တင်း၌ အခန်းများ သီးသန့်ပိုင်းခြားထားခြင်းမရှိ၍ နေထိုင်သူများ စိုးရိမ်မှုရှိနေသည်။

အမျိုးသမီးကွာရန်တင်းဆောင်တွင် ၈ ဦးရှိပြီး အရင်ရောက်လာသူများနှင့် နောက်ရောက်လာသူများအား တစ်ခန်းတည်း ပေါင်းထားသည်ဟု ဆိုသည်။

“လူကလည်း အရမ်းများလာတော့ ရေချိုးခန်းကလည်း တစ်ခန်းတည်း ပေါင်းသုံးနေရတယ်။ ညဘက်ဆို မိန်းမသားတွေပဲ အိပ်ရတော့ မိန်းကလေးအစောင့်လေး ချပေးထားစေချင်ပါတယ်”ဟု ကွာရန်တင်းဝင်နေသူ မနန်းခမ်းဇင်က ပြောသည်။

အဆိုပါ ကွာရန်တင်းစင်တာတွင် ရေချိုးခန်းမှာ တစ်ခန်း တည်းရှိ၍ အမျိုးသား၊ အမျိုးသမီး ပေါင်းသုံးနေရကြောင်း သိရသည်။

“ကျွန်တော်တို့ အာခေါင်တို့ပတ် လာယူသွားတာလည်း ၆ ရက် ရှိပါပြီ။ ခုထိ အဖြေမသိရသေးပါဘူး။ လူဦးရေကလည်း ထပ်ထပ်တိုးလာတော့ အရမ်းလည်း စိုးရိမ်နေရပါတယ်”ဟု ကွာရန်တင်းဝင်နေသူ ဦးရှိုင်းထက်အောင်က ပြောသည်။

ထိုကွာရန်တင်းစင်တာတွင် အမျိုးသား ၆ ဦးရှိပြီး အမျိုးသမီးများနှင့်ရောကာ အိမ်သာ၊ ရေချိုးခန်း အတူသုံးနေရသောကြောင့် အဆင်မပြေကြောင်း ပြောသည်။

“ဆေးအဖြေကတော့ နည်းနည်းကြာနေလို့ တိုင်းကို လှမ်းပြောထားပါတယ်။ မသိရသေးပါဘူး”ဟု ဟုမ္မလင်း ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် ကွာရန်တင်းဝင်နေသူ ဦး ၂၀ ရှိပြီး ၎င်းတို့အား စားသောက်ရေးအဆင်ပြေစေရန် မြို့လယ် မြသိန်းတန်ဘုန်းတော်ကြီးကျောင်းက နံနက်စာများ စီစဥ်ပို့ဆောင်ပေးလျက် ရှိသည်။