ဟုမ္မလင်းမြို့နယ် စိုက်ပျိုးဦးစီးဌာနဦးစီးမှူး ဒေါ်စုစုထွေးနှင့်တွေ့ဆုံခြင်း

0
209

ထက်ဖြိုး မေးသည်။

“ရွှေဘိုမှာ ရွှေဘိုပေါ်ဆန်းဖြစ်သလို ဟုမ္မလင်းလို့ပြောလိုက်ရင် ဟုမ္မလင်း လက်ဖက်ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားမယ်”

လက်ဖက်လို့ပြောလိုက်ရင် ရှမ်းပြည်နယ်ကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ရှမ်းပြည်နယ်လောက် လက်ဖက်စိုက်ဧက အများကြီးမရှိပေမယ့် စစ်ကိုင်းတိုင်းမှာလည်း လက်ဖက်ထွက်ရှိတဲ့ ဒေသတစ်ခုရှိနေပါတယ်။ အဲဒီဒေသကတော့ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်မှာပါ။ စစ်ကိုင်းတိုင်းမှာ ရှမ်းနီလူမျိုးတွေက လက်ဖက်ကို အများဆုံးစိုက်ပျိုးကြပြီး နာဂနဲ့ ချင်းလူမျိုးများဟာလည်း စိုက်ပျိုးကြပါတယ်။ ဒါကြောင့် ချင်းတွင်းအထက်ပိုင်း ဟုမ္မလင်းဒေသဘက်မှာ လက်ဖက်ကို ဘယ်လိုစိုက်ပျိုးလုပ်ကိုင်နေကြပါသလဲ။ စတဲ့အကြောင်းအရာတွေကို ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

MGZ – ပထမဆုံးမေးချင်တာက ဟုမ္မလင်းဘက်မှာ လက်ဖက်စိုက်ပျိုးကြတယ်။ ဘယ်ချိန်ကတည်းက စိုက်ပျိုးခဲ့တာလဲ။ ဒီရဲ့ သမိုင်းကြောင်းလေးကို ရှင်းပြပေးပါ။

DSSH – ဟုမ္မလင်းမြို့နယ်ဟာ ပထဝီအနေအထားနဲ့ ပြောရမယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းတွင်းမြစ်အထက်ပိုင်းလို့လည်း ခေါ်တာပေါ့နော်။ ချင်းတွင်းအထက်ပိုင်းမှာ ဟုမ္မလင်းက လက်ဖက်ကို မင်းတုန်းမင်းကြီး ရတနာပုံခေတ်ကတည်းက ထီးသုံး၊ နန်းသုံးအဖြစ် လက်ဖက်ကျည်တောက်တွေကို ဆက်သခဲ့တယ်လို့ မှတ်သားရတယ်။ ဒီဘက်မှာရှိတဲ့ မောင်းခမ်း၊ ကောယား စတဲ့ရွာတွေက နှစ်တောင်လောက်ရှိတဲ့ အဝ လက်လေးတစ်လောက်ရှိတဲ့ လက်ဖက်ကျည်ထောက်တွေကို ၁၁ ကျည်ဆို ၁၁ ကျည်၊ ၄ ကျည်ဆို ၄ ကျည်ပေါ့။ လက်ဖက်ဆက်သရတဲ့ ရွာတွေထဲမှာလည်း ပါတယ်ဆိုပြီးတော့ လက်ဖက်စိုက်ခဲ့တဲ့ သက်တမ်းက ရာချီပြီလို့ မှတ်သားရပါတယ်ရှင့်။

MGZ – ဟုမ္မလင်းလက်ဖက်ဆိုပြီး ဟုမ္မလင်းမှာ လက်ဖက်စိုက်တယ်လို့ လူသိနည်းတယ်။ အဲဒါက ဘာကြောင့် လူသိနည်းသေးတာလဲ။

DSSH – ပထမဆုံးအခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့။ ဒီဒေသမှာ အများဆုံးနေထိုင်တာက ရှမ်းနီတိုင်းရင်းသား၊ နာဂ၊ ချင်းပေါ့။ ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားတွေက လက်ဖက်စားသုံးမှု အရင်တုန်းကတည်းက ရှိသလို ထုတ်တာ ပို့တာလည်းရှိတယ်။ ထုတ်ပြီး ပို့တဲ့အခါမှာ ကောင်းကောင်းမွန်မွန် မပို့နိုင်တာလည်း ပါတယ်။ ရှေးတုန်းက လက်ဖက်ကို အရောင်းအဝယ်လုပ်ခဲ့ကြတဲ့အခါမှာ ရှမ်းပြည်က လက်ဖက်နဲ့ မန္တလေးတို့ မုံရွာတို့က လက်ဖက်လုပ်ငန်းရှင်တွေဆီကို ကုန်ကြမ်းအဖြစ်နဲ့ပဲ ပို့ခဲ့တဲ့အတွက် လူသိနည်းတာလည်းပါတာပေါ့။

MGZ – ရှမ်းပြည်ရဲ့လက်ဖက်က လွှမ်းမိုးနေသလား။

DSSH – ကုန်ချောအဖြစ် တံဆိပ်တွေ ဘာတွေနဲ့ သေချာထုတ်ပြီးတော့ မပို့နိုင်သေးတာလဲ ပါပါတယ်။ ရှေးကတည်းက ထုတ်ခဲ့တာကတော့ လက်ဖက်စိုကိုလည်း မုံရွာအထိပို့တယ်။ ပို့ပေမယ့် ကျမတို့ရဲ့ ထွက်ကုန်တွေ တော်တော်များများက ဒီလိုပဲ ကုန်ကြမ်းနဲ့ပဲ ပြီးသွားတဲ့အခါကျတော့ ဟုမ္မလင်းလက်ဖက်ဆိုပြီး နာမည်မထွက်တာပေါ့။

MGZ – ဒီမှာ ရှမ်းနီနဲ့ နာဂတွေပဲ စိုက်ပျိုးကြတာလား။ တခြားတိုင်းရင်းသားတွေရော ပါသေးလား။

DSSH – ဟုမ္မလင်းမှာဆိုရင် ချင်းတွင်းမြစ်အထက်ပိုင်း မလင်း၊ နန်းစပိ၊ ပင်းမာ၊ ထွက်ဝ၊ ထမံသီ၊ တောက်လျှောက်ပေါ့။ ကောယား၊ မောင်းခမ်း၊ ခေါင်ခမ်း၊ ထိန်ကင်းပေါ့။ အဲဒီမှာရှိတဲ့ ချင်းတွင်းမြစ်ကမ်းဝဲယာမှာရှိတဲ့ ရှမ်းနီတိုင်းရင်းသားအများစု စိုက်ပါတယ်။ ရှမ်းလက်ဖက်လို့လည်း ခေါ်တယ်။ အညာလက်ဖက်လို့လည်း ပြောကြတယ်။ အရင်းက ဈေးကွက်မှာ။ နောက်ချင်းတွင်း လက်ဖက်လို့လည်း ပြောကြတယ်။ လက်ဖက်ကြမ်းကြမ်းတွေ မြင်တယ်ဆိုလို့ရှိရင် ရှမ်းနီလက်ဖက်ပေါ့။ နာဂတွေကျတော့လည်း တောင်ပေါ်မှာ လေရှီးတို့ လဟယ်တို့လည်း စိုက်ပါတယ်။ ခန္တီးတို့လည်း စိုက်ပါတယ်။

MGZ – ဒါဆိုရင် ရှမ်းပြည်နယ်က ထွက်တဲ့လက်ဖက်နဲ့ ဟုမ္မလင်းကထွက်တဲ့လက်ဖက် ဘာကွာခြားမှုတွေရှိလဲ။

DSSH – ရှမ်းပြည်က လက်ဖက်တွေကကျ တရုတ်မျိုး၊ လက်ဖက်မှာ အမျိုးအစားသုံးမျိုး ရှိတာပေါ့။ တရုတ်လက်ဖက်၊ အာသံ၊ အင်ဒိုချိုင်းနား။ အင်ဒိုချိုင်းနားလက်ဖက်မျိုးကတော့ မြန်မာနိုင်ငံမှာ စိုက်လေ့စိုက်ထမရှိဘူး။ ကျွန်မတို့ဆီကတော့ အာသံမျိုးရှင့်။ ရှမ်းပြည်မှာရှိတဲ့ဟာကကျ တရုတ်လက်ဖက်မျိုးပေါ့။ လက်ဖက်က ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၅၀ ကနေ ပေ ၅၀ဝ၀၊ ၆၀ဝ၀ လောက်အထိ စိုက်ပျိုးလို့ရတယ်။ ရှမ်းပြည်ကတော့ ကုန်းမြင့်ဖြစ်တယ်။ ဟုမ္မလင်းမှာ စိုက်တဲ့ဟာ အများစုကတော့ ဟုမ္မလင်းမြို့ဆိုရင် ပေ ၄၃၀ ရှိတယ်။ ဒီတောင်ပေါ်ဆို ၅၀ဝ၊ ၆၀ဝ။ See Level အမြင့်ပေါ့နော်။ လက်ဖက်ရဲ့ သဘာဝကိုက ပင်လယ်ရေမျက်နှာပြင်မြင့်လေ လက်ဖက်ရဲ့ အရည်အသွေးနဲ့ အနံ့က ပိုလို့ကောင်းလေဖြစ်ပါတယ်။ ထူးခြားတာက ရှမ်းပြည်မှာရှိတဲ့ လက်ဖက်တော်တော်များများက အနံ့ကကောင်းတယ်။ ဒီမှာရှိတဲ့ လက်ဖက်ကတော့ See Level အရ အရည်အသွေးက လက်ဖက်စိုအရည်အသွေးရော အရောင်အဆင်းရောက ကောင်းတယ်။ အနံ့မှာ နည်းနည်းလေး လိုအပ်မှုရှိတယ်။ ဒါကလည်း ပြောပလောက်တဲ့ ချို့ယွင်းချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်မျိုးနဲ့ အာသံမျိုးမှာလည်း ထူးခြားပြီးတော့ အရည်အသွေးကွာခြားတာမျိုးတော့ မရှိပါဘူး။

MGZ – ဒီမှာဆိုရင် လက်ဖက်ကို ကုန်ချောအဖြစ် ဘယ်နှစ်မျိုးလောက်ထုတ်လုပ်သလဲ။

DSSH – ဒီမှာဆိုလို့ရှိရင် လက်ဖက်စိမ်း ခူးပြီးလို့ရှိရင် ရိုးရိုးလက်ဖက်စို၊ လက်ဖက်အခါးခြောက်၊ အချိုခြောက်၊ အချိုခြောက်ကတော့ လက်ဖက်ရည်ဖျော်သောက်တဲ့ဟာပေါ့။ နောက်တစ်ခုကတော့ Green Tea လို့ခေါ်တဲ့ လက်ဖက်ခူးပြီးတာနဲ့ ပေါင်းခံ၊ ပေါင်းခံပြီးတော့ ချက်ချင်း အခြောက်ခံတဲ့ဟာ၊ အရွက်အစိမ်းကနေ တိုက်ရိုက် မီးနဲ့လှော်ပြီး ခြောက်တဲ့ဟာက Green Tea ပေါ့။ နောက်ပြီးတော့ ရိုးရိုးအခါးခြောက် ရေနွေးကြမ်းသောက်တဲ့ အခါးခြောက် အဲဒါမျိုးတွေထုတ်လုပ်ပါတယ်။ လက်ဖက်စိုကိုကျတော့ အသင့်စားပေါ့။ မယ့်လင်သီးတို့ စောင်းလျားသီးတို့ သံပုရာသီးတို့နဲ့ လုပ်တဲ့ လက်ဖက်အချဉ်ပေါ့။

MGZ – စိုက်ဧက ဘယ်လောက်လောက် ရှိမလဲ။

DSSH – ဧက ၈၈၀ဝ ကျော်ရှိပါတယ်။ ကျေးရွာအုပ်စု ၃၃ အုပ်စုမှာ လက်ဖက်စိုက်ပါတယ်။

MGZ – အခုဆိုရင် လက်ဖက်စိုက်တောင်သူတွေကို ချေးငွေချေးပေးတော့မယ်လို့သိရတယ်။ ဘယ်လိုပုံစံမျိုးချေးပေးမှာလဲ။

DSSH – လက်ဖက်စိုက်ခင်းတွေ တော်တော်များများက စိုက်ပြီးသားပေါ့။ ဒါပေမဲ့ သူတို့ဆီမှာ ဘာတွေလိုအပ်ချက်ရှိလဲဆိုရင် လက်ဖက်ခူးတဲ့ ကုန်ကျစရိတ်၊ အခုဆိုရင် လက်ဖက်ခူးလုပ်သားတွေ ရှားပါးလာတဲ့အခါကျတော့ လုပ်အားခပေါ့။ သူတို့တွေ အသုံးပြုတဲ့ထင်း။ နောက်တစ်ခုက လက်ဖက်ခင်းတွေ ပေါင်းရှင်းတဲ့ ကိုင်းဖြတ်တဲ့ လုပ်အားခပေါ့။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်လေးတွေ ကာမိအောင်ဆိုပြီး တစ်ဧကကို ၅၀ဝ၀ဝ နှုန်းနဲ့ ချေးဖို့ စီစဉ်ထားပါတယ်။ လက်ဖက်စိုက်တဲ့ တောင်သူတော်တော်များများက ပုံစံ (၁၀၅) ရှိပြီးသားဖြစ်ပါတယ်။ ပုံစံ (၁၀၅) ရှိပြီးတဲ့ တောင်သူတွေရယ်၊ အဓိကကတော့ ပုံစံ (၇) ပေါ့။ ပုံစံ (၇) ရှိပြီးတော့ ပုံစံ (၁၀၅) မရှိသေးဘူးဆိုရင်တောင် အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်တယ်ဆိုတဲ့ မှတ်ချက်နဲ့ ချေးပေးဖို့ စီစဉ်နေပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးမှာ ဖြစ်ပါတယ်။

MGZ – ဒီချေးငွေကရော လယ်ကွင်းထဲ ရောက်နိုင်ပါ့မလား။ ဒီချေးငွေတစ်ခုတည်းနဲ့ အထောက်အပံ့ဖြစ်ပါ့မလား။

DSSH – ချေးငွေက တောင်သူလယ်သမားတွေအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးဖို့။ စိုက်ပျိုးတဲ့အခါမှာ လုပ်အားခတွေသုံးဖို့။ သွင်းအားစုတွေ သုံးဖို့အတွက် အမျိုးမျိုးချေးပေးနေတယ်။ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ မိုးစရိတ်၊ ဆောင်းစရိတ် ချေးပေးတယ်။ သမဝါယမကနေ အိတ်ဆဲ ဘဏ်ချေးငွေ၊ မြစိမ်းရောင်။ ကျမတို့တောင်သူလယ်သမားတွေက ချေးငွေတွေကို အထပ်ထပ် ချေးတယ်။ တစ်မျိုးနဲ့တစ်မျိုး ချေးငွေတွေ ထပ်သွားနိုင်တယ်။ အခု လက်ဖက်ချေးငွေဆိုလို့ရှိရင်လည်း ပေါင်းရှင်းတဲ့ ကုန်ကျစရိတ်တွေ အမှန်တကယ်သုံးမယ်ဆိုရင် အကျိုးရှိတဲ့ ကုန်ကျစရိတ်ဖြစ်လာမယ်။ ကျမတို့အနေနဲ့က တောင်သူတွေကို လယ်ယာလုပ်ငန်းခွင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာသုံးဖို့ စည်းရုံးတာ၊ ဆွေးနွေးတာ၊ ပညာပေးတာမျိုး လုပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီချေးငွေကို ချေးတယ်။ သူတို့ရဲ့လူမှုရေး တစ်ခုခု သုံးမိတယ်။ သားသမီးဆိုင်ကယ်ဝယ်ပေးတာတို့ ဖုန်းဝယ်ပေးတာတို့ သူတို့တစ်ခုခုကို သုံးမိတယ်ဆိုလို့ရှိရင် ချေးငွေပြန်ဆပ်တဲ့အခါမှာ အဲဒါလေးတွေ အခက်အခဲရှိနိုင်တယ်။ အခက်ခဲရှိတဲ့အခါကျရင် သူတို့တွေက ပုံစံ (၇) တွေကို ပေါင်လိုက်တာတို့ တခြားတစ်ယောက်ဆီမှာ အပ်လိုက်တာတို့ အဲလိုမျိုးတွေက ပြန်မရွေးနိုင်မှာ ဖြစ်မှာစိုးတဲ့အတွက် ဒီချေးငွေတွေကို သူတို့ရဲ့ လုပ်ငန်းခွင်မှာ တကယ်သုံး။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကနေ အကျိုးအမြတ်ရရှိပြီးတော့မှ ချေးငွေကနေ အကျိုးရှိအောင် ဆွေးနွေးပညာပေးတာတွေ လုပ်ရတယ်။ သူတို့ကို သတိတွေပေးရတယ်။ အတတ်နိုင်ဆုံး သူတို့ရဲ့လယ်ယာလုပ်ပိုင်ခွင့်တွေ မဆုံးရှုံးအောင်ဖြစ်ပါတယ်။ အမှန်တကယ် အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် ဒီချေးငွေတွေကလည်း သီးနှံအလိုက် အကျိုးရှိတဲ့ ချေးငွေတွေဖြစ်ပါတယ်။

MGZ – လက်ရှိဟုမ္မလင်းလက်ဖက်က ဘယ်ဒေသတွေကို ဖြန့်ဖြူးနေလဲ။ လက်ရှိ ဈေးကွက်အခြေအနေလေးကို ရှင်းပြပေးပါဦး။

DSSH – လက်ဖက်စိုကို မုံရွာ၊ မန္တလေး ဈေးကွက်ကိုလည်း ပို့တယ်။ လက်ဖက်ခြောက်ကိုလည်း အဲဒီဈေးကွက်ကိုပဲ ပို့တယ်။ လက်ဖက်ခြောက်မှာကတော့ ပါကင်လေးတွေ ထုပ်ထုပ်ပြီး ရောင်းလာတာရှိတယ်။ ပိဿာချိန်နဲ့ ပို့တဲ့ဟာရှိတယ်။ လက်ဖက်စိုလည်း အဲလိုနည်းပဲ။ ထုပ်ပိုးပြီးတော့ ပို့တာတွေရှိတယ်။ အဓိကကတော့ မုံရွာ၊ မန္တလေးဈေးကွက်ကို ပို့တယ်။ ဒါပေမဲ့ ဒီဒေသက လူမျိုးအများစုက လက်ဖက်ကို ရိုးရာအနေနဲ့လည်းသုံးတယ်။ နေ့တိုင်းရေနွေးကြမ်းသောက်တယ်။ နေ့တိုင်းလက်ဖက်သုပ်စားတယ်။ ပွဲလမ်းသဘင်ပေါ့။ ရိုးရာပွဲ၊ နတ်ပွဲ၊ မင်္ဂလာဆောင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် တောင်းပန်တာ၊ ကျေအေးတာကအစ လက်ဖက်က ရိုးရာသုံးဖြစ်နေတဲ့အခါကျတော့ ဈေးကွက်မှာ တွင်တွင်ကျယ်ကျယ် မရောင်းရဘူးဆိုရင်တောင်မှ ဒေသသုံးအနေနဲ့ ဒီမှာရှိတဲ့တိုင်းရင်းသားတွေအနေနဲ့ ဆက်ပြီးတော့သုံးနေဆဲ ဖြစ်ပါတယ်ရှင့်။ တချို့ တစ်လေကျ ဈေးကွက်ကို မရောက်နိုင်ဘူး။ တစ်ဧက၊ နှစ်ဧကလေးတွေ ရှိတဲ့ဟာက မုံရွာ၊ မန္တလေး မပို့နိုင်ဘူးဆိုရင်တောင်မှ သူ့ရဲ့တစ်နေ့တစ်နေ့ ထုတ်လို့ရတဲ့ဟာနဲ့ အဲဒီဝင်ငွေလေးတွေနဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေ ဖြစ်နေတာပါ။

MGZ – လက်ရှိဈေးကွက်မှာ လက်ဖက်စိုက်တောင်သူတွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေက ဘာတွေများရှိဦးမလဲ။

DSSH – အဓိကက ဈေးကွက်မှာ ဈေးကောင်းမရတာ သူတို့ရဲ့ပြဿနာဖြစ်ပါတယ်။ လက်ဖက်ကရတဲ့ ဝင်ငွေနဲ့ တစ်နေ့တစ်နေ့ ကုန်ကျတဲ့ ကုန်ကျစရိတ်နဲ့ မကာမိတာတစ်ခုရယ်၊ နောက်တစ်ခုကျတော့ လက်ဖက်က စိုက်ပျိုးပြီးဆိုပေမယ့် ပေါင်းရှင်းတာ၊ လက်ဖက် ကိုင်းဖြတ်တာတို့ လက်ဖက်ကိုင်းဖြတ်တာက သိပ်ပြဿနာမရှိဘူး။ သူက သုံးနှစ်မှ တစ်ကြိမ်ဖြတ်လို့ရတယ်။ ပေါင်းရှင်းတာကကျ ဒီလိုပေါင်းတွေ ဘာတွေ ရှင်းပစ်ထားမှပဲ လက်ဖက်ခူးချိန်မှာ လက်ဖက်ပေါ်ချိန်မှာ လက်ဖက်က ကောင်းကောင်းထွက်မှာ ဖြစ်ပါတယ်။ အဲဒီတွက်ကြောင့်မို့ သူတို့က ကုန်ကျစရိတ်နဲ့ ငါတို့ရတဲ့ဝင်ငွေနဲ့ မကာမိဘူးဆိုတာလေးတွေ ဒါမျိုးလေးတွေ ဖြစ်လာတယ်။ အဲဒါလေးတွေကတော့ သူတို့ရဲ့အခက်အခဲဖြစ်ပါတယ်။

MGZ – ဈေးကွက်က ဘာဖြစ်လို့မရတာလို့ထင်လဲ။ ရှမ်းပြည်နယ်မှာလည်း တစ်နိုင်ငံလုံး ဖြန့်နေတဲ့အချိန်မှာ ဒီမှာလည်း လက်ဖက်ထွက်တယ်။ ဈေးကွက်ကမရဘူး။ လက်ဖက်စိုက်ပျိုးလုပ်ကိုင်မှုတစ်ခုတည်းနဲ့ ရပ်တည်လို့မရဘူးဆိုတော့ ဘယ်လိုမျိုးဖြေရှင်းလို့ရနိုင်မလဲ။ ဆရာမမှာ ဘယ်လိုမျိုး စဉ်းစားထားတာတွေရှိသလဲ။

DSSH – စိန်ခေါ်မှုတစ်ရပ်အနေနဲ့ဆိုရင် လက်ဖက်က ဈေးကောင်းမရတဲ့အခါကျတော့ လက်ဖက်စိုက်ခင်းနဲ့ လက်ဖက်လုပ်ငန်းကို တောင်သူတွေက စွန့်လွှတ်ချင်စိတ်လေးတွေ ဖြစ်လာတာပေါ့။ ဒီနေရာမှာငါတို့ အိမ်နေရာတွေ၊ ဈေးနေရာတွေ၊ မြို့နဲ့နီးလာတဲ့နေရာမှာ ဒီလိုတွေ ရောင်းလိုက်မယ်ဆိုရင် သူတို့အတွက် လက်ဖက် လုပ်ငန်းကို စွန့်လွှတ်လိုက်သလို ဖြစ်သွားမှာပေါ့။ အဲဒီအခါကျတော့ ကျွန်မတို့အနေနဲ့ လက်ဖက်ကို ဈေးကောင်းရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အားသာချက် ကျမတို့ဆီမှာ တစ်ခုရှိပါတယ်။ အဲဒီ အားသာချက်က ဘာလဲဆိုတော့ ကျွန်မတို့ ဟုမ္မလင်းမှာ အရင်ကတည်းက ရှေးကတည်းက မိရိုးဖလာနည်းနဲ့ စိုက်ပျိုးလာတယ်။ အဘိုးအဘွားတွေက ပင်ကြားတန်းကြား စိုက်ခဲ့တာမဟုတ်တာလည်း အားသာချက်တစ်ခုပဲ။ ဒီအပင်က လွတ်လွတ်လပ်လပ် အစာအဟာရကို ယူနိုင်တယ်။ သဘာဝအတိုင်းပေါက်တဲ့အပင်။ နောက်တစ်ခုကကျ ဓာတ်မြေသြဇာ လုံးဝမသုံးဘူ။ ဓာတ်မြေသြဇာမသုံးခြင်းဟာ သူတို့ရဲ့ဝင်ငွေအရ မသုံးနိုင်တာဖြစ်သလို ဓာတ်မြေသြဇာ မလိုလောက်အောင် ကျမတို့မြေဆီသြဇာကလည်း ဖွံ့ဖြိုးဆဲဖြစ်တယ်။ နောက်အားသာချက်တစ်ခုကကျ ပိုးမကျဘူး။ ပိုးမကျတဲ့အခါကျတော့ ပိုးသတ်ဆေးတို့ သုံးစွဲစရာမလိုဘူး။ လက်ဖက်ကို သိုလှောင်တဲ့အခါမှာလည် ဟုမ္မလင်းမြို့နယ်ရဲ့ ရာသီဥတုအခြေအနေအရ ဓာတုဆေးဝါးတွေနဲ့လည်း ထိန်းသိမ်းစရာမလိုဘူး။ သူတို့ရဲ့ သဘာဝနည်းနဲ့ ဝါးကျည်ထောက်ထဲထည့်တာရှိတယ်။ အိုးတွေထဲမှာ ထည့်ပြီးတော့ သိုလှောင်တာရှိတယ်။ သိုလှောင်ထားတဲ့ စနစ်အရလည်း ဓာတုပစ္စည်း ဓာတ်ကြွင်း လုံးဝမပါဝင်တဲ့ ထွက်ကုန်တစ်ခု ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုမျိုးသာ ဖြစ်နေတာ အားသာချက်တစ်မှ မဖန်တီးပေးနိုင်တာက ဈေးကွက်ပေါ့။ သီးနှံတိုင်းမှာပဲ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ GAP လို့ခေါ်တဲ့ Good Agriculture Practices ပေါ့နော်။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများနဲ့ သီးနှံမှန်သမျှဟာ ဈေးကောင်းရနိုင်တယ်။ ဒါ့ကြောင့်မို့လို့ မိရိုးဖလာနည်းကို နည်းနည်းလေး မွမ်းမံလိုက်ရုံ၊ နည်းနည်းလေး ထိန်းသိမ်းလိုက်ရုံ၊ ကျွန်မတို့အနေနဲ့သူတို့ကို လမ်းညွှန်ပေးလိုက်ရုံနဲ့ သူတို့ရဲ့ ထွက်ကုန်က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနဲ့ ညီညွတ်တဲ့ ထွက်ကုန်တစ်ခုခုဖြစ်လာမယ်ဆိုရင် ဈေးကောင်းရအောင် ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပြီး လုပ်နေပါတယ်။

MGZ – လက်ဖက်စိုက်တောင်သူတွေကို မေးကြည့်တော့ နည်းပညာအခက်အခဲပေါ့။ မိရိုးဖလာစိုက်ပျိုးလုပ်ကိုင်ထုတ်လုပ်မှုတွေနဲ့ပဲ ဖြစ်စဉ်ကြီးတစ်ခုလုံးကို သွားနေရတော့ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး ဆရာမတို့ အစိုးရပိုင်းက ဘယ်လိုမျိုးအစီစဉ်တွေရှိသလဲ။

DSSH – ကျွန်မတို့အနေနဲ့ အခုလောလောဆယ် လက်ဖက်တောင်သူ တော်တော်များများပေါ့။ သူတို့အလွယ်နည်းလေးတွေ သုံးနေကြတာရှိတယ်။ လူနဲ့ခုတ်ထွင်ရှင်းလင်းမယ်ဆိုရင် လုပ်အားခက တစ်နေ့ ၃၀ဝ၀၊ ၄၀ဝ၀ လောက်ရှိမယ်။ တစ်ရက်ကို လူ ၅ ယောက်လောက် သုံးရမယ်ဆိုရင် ၂၀ဝ၀ဝ ကျော်လောက် ကုန်လိမ့်မယ်။ အဲဒီအခါတော့ သူတို့က ဘာလေးတွေ သုံးလာကြမလဲဆိုတော့ ပေါင်းသတ်ဆေး၊ ပေါင်းသတ်ဆေးက လက်ဖက်ခင်းတွေမှာ သုံးလိုက်မယ်ဆိုရင် ပေါင်းလည်း အမြန်သေတယ်။ အများကြီးလည်း အကုန်ကျခံစရာမလိုတော့ဘူး။ ဒီလိုလေးတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျ ကျမတို့အနေနဲ့ ခုနားက GAP ဆိုတဲ့ လမ်းစဉ်ကို မရောက်ခင် သူတို့မိရိုးဖလာနဲ့ စိုက်ခင်းတွေကို ဓာတုပစ္စည်းတွေကြောင့် မဆုံးရှုံးသွားအောင် ပထမဦးဆုံး ပေါင်းသတ်ဆေးအလွန်အကျွံ သုံးစွဲတာတို့ ဖြစ်နိုင်ရင် ပေါင်းသတ်ဆေးမသုံးစွဲဖို့ ပညာပေးတယ်။ အဲဒါပြီးလို့ရှိရင် မိရိုးဖလာအတိုင်းစိုက်ခဲ့တဲ့ မြေတွေပေါ်မှာ GAP ထုတ်ကုန်တစ်ခုဖြစ်ဖို့အတွက်ကို သူတို့ရဲ့မြေမှာ ဘယ်လိုဓာတ်ကြွင်း အာနိသင်ရှိမလဲ၊ လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါမလား။ ကျွန်မတို့ဇုန်သုံးခု မောင်းခမ်း၊ ကောယား၊ ခေါင်ခမ်း ဒီလက်ဖက် အများဆုံးစိုက်တဲ့ရွာတွေမှာ မြေနမူနာတွေ စစ်ဆေးပြီးတော့ မြေနမူနာတွေပို့မယ်။ တောင်သူတွေကို ပုံမှန်မူလထုတ်နေတဲ့ ပုံစံကို နည်းနည်းလေး ပြုပြင်ပေးမယ်။ ဥပမာ လက်ဖက်စို၊ လက်ဖက်ခြောက်လုပ်တဲ့အခါမှာ သန့်ရှင်းမှုလို မယ်။ Quality ကို ထိန်းသိမ်းတာလိုမယ်။ ဒီထက် Quality ကောင်းအောင် ဘယ်လိုလုပ်မလဲဆို တာလေးတွေကို ပညာပေးပြီးတော့မှ လမ်းစဉ်တွေကို လိုက်နာအောင်လုပ်ပြီးတော့ ပါကင်ကအစ ဒါမျိုးတွေလုပ်ပေးမယ်ဆိုရင် ဈေးကွက်ကို ရောက်ရှိနိုင်မယ်လို့ထင်တယ်။ ဒီတစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်မတို့ဌာနတစ်ခုတည်းမဟုတ်ဘဲနဲ့ NGO တို့ INGO တို့နဲ့ ဆက်စပ်ပြီးတော့မှ လက်ဖက်တို့ ကော်ဖီတို့ ဒီထုတ်ကုန်တွေကို စိုက်ပျိုးရေးနဲ့ အစားအစာဖွံ့ဖြိုးနည်းစနစ်စီမံကိ န်း (AFDF) ပရောဂျက်နဲ့ ဆက်စပ်ပြီးတော့ ဆောင်ရွက်ဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။

MGZ – ကျွန်တော်တို့အခုမြင်တွေ့နေရတာက လက်ဖက်စိုက်တာက နှစ်ရှည်သစ်တောထဲမှာ စိုက်ထားတာတွေ့ရတယ်။ အဲဒီရဲ့ထူးခြားချက်လေးကိုလည်း ပြောပြပေးပါ။

DSSH – ထူးခြားချက်က ဟုမ္မလင်းရဲ့ ရာသီဥတုက တခြားနေရာတွေနဲ့ ကွဲပြားပါတယ်။ ဥပမာ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ အထက်ပိုင်း မတူသလိုဘဲ ဟုမ္မလင်းမြိ ု့နယ်ကျတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းထဲမှာပါတယ်။ ကျွန်မတို့ရဲ့ ရာသီဥတုက မိုးဆိုလို့ရှိရင်လည်း မိုးရေချိန်လက်မ ၁၀ဝ ကျော်လောက်ရွာတယ်။ အပူချိန်က တစ်ခါတစ်လေကျ ၄၁ ကျော်တတ်တယ်။ အအေးကလည်း ဇန်နဝါရီမှာ အအေးဆုံးလ ဖြစ်တယ်။ ၇ ဒီဂရီ၊ ၈ ဒီဂရီလောက်အထိ အေးတယ်။ ကျွန်မတို့ရဲ့ရာသီဥတုက အေးလွန်း၊ ပူလွန်း၊ ရွာတဲ့အခါလည်း တအားရွာတယ်။ ရာသီဥတုက အစွန်းထဲမှာပါတယ်။ ရှမ်းပြည်မှာက အေးပြီးတော့မှ ခြောက်သွေ့တယ်။ ကျမတို့က ပူ၊ အိုက်၊ စွတ်စိုတဲ့ထဲမှာပါတယ်။ ကွင်းပြင်ထဲမှာ စိုက်တာထက်စာရင် အရိပ်ဆိုရင်လည်း အရိပ်ရတယ်။ မိုးဆိုရင်လည်း မိုးရတယ်။ ဒါကြောင့်မို့လို့ သဘာဝသစ်တောတွေထဲမှာ စိုက်တာဖြစ်ပါတယ်။

MGZ – မောင်းခမ်းမှာ လက်ဖက်ထုတ်လုပ်တဲ့စက်ရုံရှိခဲ့တယ်လို့ သိရတယ်။ ဒီကထွက် လက်ဖက်မှန်သမျှ အဲဒီမှာပဲ ကုန်ချောထုတ်တယ်လို့လည်း သိရတယ်။ အခုရပ်နားသွားပြီလို့ ပြောကြတယ်။ အဲဒါဘယ်လိုဖြစ်တာလဲ။

DSSH – အဲဒီလက်ဖက်ခြောက်စက်ရုံ ရှိတုန်းက လက်ဖက်စိုက်တောင်သူ တော်တော်များများက နွေကျတော့ ကိုယ့်ဖာသာကိုယ် လုပ်တယ်။ မိုးကျတော့ တစ်ဦးကို ခူးပြီးသား ပိဿာ နှစ်ဆယ်၊ အစိတ်လောက်ရတဲ့ဟာကို ဒီလက်ဖက်ခြောက်စက်ရုံကိုပဲ ရောင်းလိုက်တယ်။ ဒါပေမဲ့ ၂၀ဝ၈ ခုနှစ်လောက်ဖြစ်မယ်။ လက်ဖက်တွေဆေးဆိုးတယ်။ နိုင်ငံတကာဈေးကွက်မှာလည်း လက်ဖက်တွေက ဆေးဆိုးတယ်ဆိုပြီးတော့မှ လက်ဖက်ဈေးကွက်ပျက်သွားတယ်။ အဲဒီအချိန်ကစပြီးတော့မှ လက်ဖက်ခြောက်စက်ရုံက ပြန်ပြီးတော့ မလည်ပတ်နိုင်တော့တာ။ သူကတော့ ပုဂ္ဂလိက လက်ဖက်ခြောက်စက်ရုံဖြစ်ပါတယ်။ အဲဒီလက်ဖက်ခြောက်စက်ရုံရပ်သွားတော့ ဒီအနီးအနားမှာပဲ လက်ဖက်ခြောက်လက်ဖက်စို လုပ်ကြရတာပေါ့။

MGZ – လက်ဖက်ဆိုတာက မြန်မာလူမျိုးတွေရဲ့ အမှတ်သရုပ်လက္ခဏာတစ်ခု။ အဲဒီမှာမှ ပြန်ခွဲလိုက်ရင် ရှမ်းပြည်လို့ပြောလိုက်ရင် လက်ဖက်ကိုပြေးမြင်ကြတယ်။ စစ်ကိုင်းတိုင်းရဲ့ ဟုမ္မလင်းမှာလည်း လက်ဖက်ရှိတယ်။ ရှိတဲ့အတွက် ဟုမ္မလင်းရဲ့ အမှတ်အသားတစ်ခုဖြစ်လာအောင် ဆရာမအနေနဲ့ တိုတိုနဲ့လိုရင်းပြောပါဆိုရင် ဘယ်လိုပြောမလဲ။

DSSH – လက်ဖက်စိုက်တောင်သူတွေကို လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းကို လုံးဝမစွန့်လွှတ်စေချင်သေးဘူး။ ကျွန်မတို့ဌာနအနေနဲ့ လက်ဖက်စိုက်ပျိုးတဲ့စနစ်၊ ထုတ်လုပ်တဲ့စနစ်၊ ဈေးကွက်စနစ်တွေကို ကျွန်မတို့ဌာနအပြင် လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုကို အားပေးနိုင်မယ့် ဌာနတွေပေါ့။ ချေးငွေလိုမျိုး၊ စားသုံးသူမြှင့်တင်ရေးလိုမျိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့လိုမျိုး၊ ချိတ်ဆက်ပြီးတော့ လက်ဖက်စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက လက်ဖက်လို့ ကြားလိုက်တာနဲ့ ဟုမ္မလင်းလက်ဖက်က အရည်အသွေးရှိတယ်လို့ဖြစ်အောင် GI ဆိုတာရအောင်၊ ရွှေဘိုမှာ ရွှေဘိုပေါ်ဆန်းဖြစ်သလို ဟုမ္မလင်းလို့ ပြောလိုက်ရင် ဟုမ္မလင်းလက်ဖက်ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆန္ဒရှိပါတယ်။ ကြိုးလည်း ကြိုးစားသွားပါ့မယ်။

MGZ – ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါဗျ။