ဟောဒီက အသားစုံပြုတ်

0
38

ဒီတစ်ပတ်မှာတော့ မုံရွာမှာ ကိုဗစ်ပိုးတွေ့တာတွေလည်း များနေပြီမို့ အိမ်မှာပဲ တစ်ခုခုလုပ်စားပြီး အိမ်တွင်းအောင်းကြရအောင် ချစ်တို့ရေ။ ဘာလုပ်စားရင်ကောင်းမလဲဆိုတာ စဉ်းစားလိုက်တော့ အခုလို ဆောင်းရဲ့ အငွေ့အသက် ပြယ်စပြုချိန် နွေရဲ့အငွေ့အသက်တချို့ ခိုဝင်လာချိန်မှာ အလိုက်ဖက်ဆုံးဖြစ်တဲ့ ထိုင်းရိုးရာ အစားအသောက်တစ်ခုလည်းဖြစ်တဲ့ အသားစုံပြုတ်လုပ်နည်းလေးကို ပြောပြသွားမယ်နော်။

အသားစုံပြုတ်လုပ်ဖို့အတွက် လိုအပ်တာတွေကတော့

၁။ ကြက်သား ၁၀ ကျပ်သား
၂။ ဝက်ပေါင်သား ၁၀ ကျပ်သား
၃။ ငါးခူ ၁၀ ကျပ်သား
၄။ ဆိတ်ရိုး ၁၀ ကျပ်သား
၅။ ဟင်းခပ်အသားမှုန့် အနည်းငယ်
၆။ ဆန်မှုန့်အနည်းငယ်
၇။ ဂျံမှုန့် အနည်းငယ်
၈။ ငရုတ်ကောင်းမှုန့်
၉။ အုန်းနို့
၁၀။ ရေ
၁၁။ ဆား
၁၂။ ဆလတ်ရွက်
၁၃။ ကန်စွန်းရွက်
၁၄။ ရှာလကာရည်/ မန်ကျည်းရည်
၁၅။ ငရုတ်သီးစိမ်း
၁၆။ ကြက်သွန်ဖြူ
တို့လိုအပ်ပါတယ်။

၁။ ပထမဆုံးလုပ်ရမှာကတော့ အသားတွေကို ဟင်းခပ်မှုန့်နဲ့ဆားထည့်ပြီး နှံ့အောင်နယ်ပြီး
ရေအနည်းငယ်နဲ့ လုံးရမှာပါ။ အဲဒီအချိန် ဆန်မှုန့်နဲ့ဂျုံမှုန့်ကို ဆတူရောပြီး အုန်းနို့နဲ့ ခပ်ပြစ်ပြစ်နယ်ထားပါ။

၂။ အဲဒီနောက် ရေနွေးပွက်ပွက်ဆူအောင် တည်ပြီး ဆိတ်ရိုးတွေထည့်ပြီး ပြုတ်ရပါမယ်။

၃။ ဆိတ်ရိုးထည့်ပြီး အနံ့မွှေးလာရင် ဆန်မှုန့်နဲ့ ဂျုံမှုန့်ကို အုန်းနို့နဲ့နယ်ထားတဲ့ ခပ်ပျစ်ပျစ် အရည်
ကို လုံးထားတဲ့အသားနဲ့ နယ်ပြီး ထည့်ပါ။

၄။ ပြီးရင် အချဉ်အတွက် မန်ကျည်းနှစ်/ ရှာလကာနှစ် တစ်ခုခုကို ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ စိပ်ပြီး စိမ်ထားပါ။

၅။ ဟင်းရည်မွှေးလာပြီဆို ငရုတ်ကောင်းမှုန့် ခပ်ပါ။

၆။ ပြီးရင် ဟင်းရည်ကိုခပ် အချဉ်ထည့်ပြီး အသားစုံပြုတ်ကောင်းကောင်းလေး သုံးဆောင်နိုင်ပါပြီ။ နူးရွနေတဲ့ အသားလေးတွေကိုဆယ်ပြီး ဆလတ်ရွက်နဲ့ထုပ် အချဉ်နဲ့ နှစ်စားရင်း အင်မတန်အရသာရှိတဲ့ ဟင်းရည်ချိုချဉ်ဆိမ့်လေးကိုသောက်ရင်း အားရပါးရစားကြမယ်နော်။

မုံရွာက အမျိုးတို့ရေ အသားစုံပြုတ်လေး အိမ်ထဲမှာလုပ်စားရင်း ကိုဗစ်ကူးစက်မှု လျော့ကျစေဖို့ ဒီတစ်ပတ်တော့ အပြင်မထွက်ဘဲ ကာကွယ်လိုက်ရအောင်။ ကြည်ပြာ့ကို ကျွေးမယ်ဆိုရင်လည်း စိတ်မဆိုးဘူးနော် ။