အကျပ်အတည်း၏ သဘော

0
38

မင်းသေ့ ရေးသည်။

မျှော်လင့်မထားသော၊ ကြိုတင်တွက်ဆမထားသော၊ အရေးပေါ်အားဖြင့် ထည့်တွက်မထားသော၊ ရိုက်ခတ်မှုကြီးသော၊ သက်ရောက်မှု ကျယ်ပြန့်သော၊ ထိခိုက်မှုမြင့်မားသော၊ ထိန်းချုပ်ရခက်ခဲသော အန္တရာယ်၊ အခက်အခဲ၊ အကျပ်အတည်းများနှင့် ကြုံဆုံရတတ်ပါသည်။

လက်ရှိအခြေအနေသည် ဤသို့ဤပုံ ဖြစ်ပါသည်။ အခက်အခဲ၊ အကျပ်အတည်းနှင့် ပြဿနာများသည် ငုပ်နေသည်များကို ပေါ်စေသည်။ ငုပ်လျှိုးပုန်းအောင်းနေသည်များကို ထင်ရှားလာစေခဲ့ပါသည်။ ယခင် သာမန်အချိန်၊ ပုံမှန်အခြေအနေများတွင် သိသိသာသာ မျက်နှာမပြသောလက္ခဏာရပ်များသည်၊ အန္တရာယ်နှင့် ကြုံချိန်၊ အခက်အခဲနှင့်ကြုံချိန်၊ အကျပ်အတည်းကျရောက်ချိန်၊ ပြဿနာများနှင့် ကသောင်းကနင်းဖြစ်နေချိန်တို့တွင် ထင်ထင်ရှားရှား ကိုယ်ရောင်ကိုယ်ဝါ ပြလာလေ့ရှိပါသည်။ ၎င်းတို့မှာ၊ တစ်ဦးချင်း၏ ငုပ်လျှိုးဗီဇများနှင့် လူ့အဖွဲ့အစည်း၏ သိုဝှက်စရိုက်လက္ခဏာများ ဖြစ်ပါသည်။

တွေ့ရှိချက်အသစ်များ

ကိုဗစ်ကပ်ဘေးအလွန် မြန်မာ့လူ့အဖွဲ့အစည်း၌ တွေ့ရှိချက်အသစ်များကို မျက်ဝါးထင်ထင်တွေ့ရပါလိမ့်မည်။ တွေ့ရှိချက်အသစ်များဆိုတာ ဘာပါလဲ။

ဟန်ဆောင်ထားသော၊ ဖုံးကွယ်ထားသော၊ အတုအယောင်ပြုထားသော၊ ငုပ်လျှိုးဖုံးဖိထားသော၊ အပေါ်ယံပြုမူထားသော၊ သဏ္ဍာန်လုပ်သရုပ်ဆောင်ထားသော စရိုက်များသည် မျက်ဝါးထင်ထင် ပေါ်လာပါလိမ့်မည်။

တစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး၏ စရိုက်လက္ခဏာ အနေအထားကို အစစ်အမှန်အတိုင်း မြင်နိုင်၊ ကြည့်နိုင်၊ လေ့လာနိုင်လိမ့်မည်ဟု ယူဆပါသည်။ ယခု ကပ်ဘေးကာလသည် ဖြစ်ပျက်မှု အခင်းအကျင်းကြီး ဖြစ်ပါသည်။ လူတို့သည် ယခုလို ကပ်ဘေးအကျပ်အတည်းကာလတွင် ဘယ်သို့သော အပြုအမူစရိုက်များကို ပြုမူကြသနည်းဆိုသည့် မေးခွန်းကို ဆုပ်ကိုင်မေးမြန်းကြည့်ဖို့ လိုပါသည်။

ထိုမေးခွန်းဖြင့် လူ့အဖွဲ့အစည်းကို အကဲဖြတ်သလို၊ ကိုယ့်ကိုယ်ကိုလည်း မေးခွန်းထုတ်ဖို့ဖြစ်ပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်း၏ အရည်အသွေးများက ဘာများပါသလဲ။

အကဲဖြတ် မေးခွန်းများ

ကပ်ဘေး၏ ရိုက်ခတ်မှုကြောင့် နေ့စဉ် လူမှုဘဝများသည် ကြီးကြီးကျယ်ကျယ်ရော၊ အနည်းအများပါ ရိုက်ခတ်မှု ရှိနေပါသည်။ ထိုအခြေအနေသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ကိုယ်ခံအားကို အကဲဖြတ်နိုင်မည့် အခင်းအကျင်းအဖြစ် ပေါ်လာပါသည်။ တစ်နည်းအားဖြင့် ကပ်ဘေးသည် လူ့အဖွဲ့အစညး်ကို စာမေးပွဲစစ်နေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်း၏ အရည်အသွေးကိုအကဲဖြတ်နေခြင်း ဖြစ်ပါသည်။ ဘယ်သို့သော ပေတံမေးခွန်းများဖြင့် အကဲဖြတ်ပါသနည်း။

နိုင်ငံတော်

ပထမဆုံး မေးခွန်းမှာ၊ နိုင်ငံတော်နှင့် အုပ်ချုပ်မှုစံစနစ်ဖြင့် စရပါမည်။

အဘက်ဘက်က ပြိုဆင်းယိုယွင်းလာခဲ့သော မြန်မာ့အုပ်ချုပ်မှုစနစ်သည် ကပ်ဘေးကာလ၌ နှာခေါင်းကျည်ပွေ့ တွေ့နေရပြီဖြစ်ပါသည်။ ယခင့်ယခင်များကလည်း တစ်ကမ္ဘာလုံးရိုက်ခတ်ချက်မဟုတ်သော နိုင်ငံတွင်း ဒေသဆိုင်ရာ အရေးပေါ်ဘေးအန္တရာယ်များ ကြုံခဲ့ပါသည်။ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရာသီဥတုပူပြင်း၍ ရေရှားပါးခြင်းစသည့် သဘာဝဘေးများဖြင့် ကြုံခဲ့ရပါသည်။ ၂၀ဝ၈ ခုနှစ်တွင် တိုက်ခတ်ခံရသော နာဂစ်မုန်တိုင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် ကျရောက်ခဲ့ပါသည်။ လူပေါင်း သိန်းနှင့်ချီ သေကြေခဲ့၍ လူပေါင်းသိန်းနှင့်ချီ ဘဝရပ်တည်ချက်များ ယိုယွင်းပျက်စီးခဲ့ပါသည်။ ထိုကာလ၌ ပျက်စီးသွားသော လူမှုဘဝများကို ပြန်လည်ကုစားခဲ့သည့် နိုင်ငံတော်အစီအစဉ်များ ရှိခဲ့ပါသည်။ သို့သော် ဘယ်၍ဘယ်မျှ ထိရောက်ခဲ့ပါသလဲ။ ဤဖြစ်ရပ်ကို သုတေသနပြုလေ့လာထားသည့် သုတေသနစာတမ်းများ ရှိပါသည်။ တွေ့ရှိချက်များမှာ အနှုတ်လက္ခဏာဆောင်သော ရလဒ်များသာ တွေ့ရပါသည်။

ထို့နောက် ၂၀၁၀ နှင့် ၂၀၂၀ ကာလအတွင်း ရေကြီးရေလျှံမှုဘေး၊ ရေရှားပါးခြင်း၊ ရာသီဥတုပူပြင်းခြင်းနှင့် မြေပြိုခြင်း စသည့်ဘေးဒုက္ခများဆိုင်ရာ ဒေသအလျောက် ကြုံဆုံခဲ့ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအထိ မဟုတ်စေကာမူ ဒေသအလိုက် ထိခိုက်မှုပြင်းထန်သော လူမှုဘဝများများစွာ ရှိခဲ့ပါသည်။ ၎င်းဖြစ်စဉ်များ၌ နိုင်ငံတော်ယန္တရားသည် ပြည်သူတို့၏ နေ့စဉ်လူမှုဘဝများကို ဘယ်လောက် အမြော်အမြင်ရှိရှိ မူဝါဒချ၊ ကုစားစီမံနိုင်ခဲ့ပါသနည်း။

ကျွန်တော်တို့သည် နိုင်ငံတော် ယန္တရားနှင့်အုပ်ချုပ်စီမံခေါင်းဆောင်မှုစနစ်ကို အမြဲတမ်းလိုလို မေးခွန်းထုတ်နေရပါလိမ့်မည်။ ချည့်နဲ့ယိုယွင်း၍ လူမမာကဲ့သို့သော လူ့အဖွဲ့အစည်း၏ ကြံ့ခိုင်သန်မာ၍ အမြော်အမြင်ရှိရှိ စီမံကွပ်ကဲနိုင်သော အရည်အသွေးပြည့် အုပ်ချုပ်မှုယန္တရားကို မျှော်လင့်လို့မရနိုင်ပါ။ မျှော်လင့်လို့ မရနိုင်စေကာမူ ဒီအတိုင်းပစ်ပယ်ထားရန်လည်း မဟုတ်ပါ။ ဘေးထိုင်ဘုပြောများသည့် လူ့အဖွဲ့အစည်းတွင် နိုင်ငံတော်လည်း အလားတူ ချည့်နဲ့နေဆဲ ဖြစ်ပါသည်။

ယခု ကိုဗစ်ကပ်ဘေး၌ ပို၍ပင် သိသာလာပါသည်။ ယခင်က လူမှုကယ်ဆယ်ရေးနှင့် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့တို့လောက်နှင့် အရေးပေါ်စီမံခန့်ခွဲ ကုစားကြရသည်ဖြစ်သော်လည်း၊ ယခု ထိုသို့မဟုတ်ပါ။ နိုင်ငံတော် အစိုးရတစ်ဖွဲ့လုံးအပြင်၊ ဗြူရိုကရေစီ ယန္တရားတစ်ခုလုံးကပါ အရေးပေါ်အခြေအနေကို ထိန်းချုပ်ရန်ပါဝင်ရခြင်းဖြစ်သည်။ ထို့အတူ လူမှုအဖွဲ့အစည်းအပါအဝင် လူ့အဖွဲ့အစည်းရှိ မဏ္ဍိုင်အသီးသီးကပါ ဝင်ရောက် ဝိုင်းဝန်းကိုင်တွယ်နေရသည့် အနေအထား ဖြစ်ပါသည်။ အပင်ပန်းဆုံးမှာ ကျန်းမာရေးဌာနမှ အရာထမ်း၊ အမှုထမ်း၊ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ ဖြစ်သည်။

ခေတ်အဆက်ဆက်က လျစ်လျူရှုခံရသော၊ ဦးစားပေးမခံရသော၊ အသုံးစရိတ်အနည်းဆုံးထဲကတစ်ခုသော ကျန်းမာရေးဌာန၏ စွမ်းဆောင်ရည်သည် စိတ်ဓာတ်က တစ်ရာ၊ ခွန်အားက ဗလာဖြစ်နေဆဲ ဖြစ်နေပါသည်။ သာမန်လူတစ်ယောက်အားသံရိုက်၊ လွှထိုးအလုပ်များ ခဏနှင့်သင်ပေးလို့ရငြားသော်လည်း ဆေးထိုးအပ်ကိုင်သည့်အလုပ်ကို ချက်ချင်းလက်ငင်း ခဏနှင့်သင်ပေးလို့ မရပါ။ လူထုကျန်းမာရေး (Comunity Health)ကို ခေတ် အဆက်ဆက် လျစ်လျူရှုခံခြင်းသည် ယခုအချိန်၌ လက်တွေ့ နှာခေါင်းကျည်ပွေ့တွေ့နေရပြီဖြစ်သည်။ ခွန်အားဗလာပေမယ့်၊ စိတ်ဓာတ် အထောင် အသောင်းဖြင့် ထိန်းထားနိုင်သော ကျန်းမာရေး ဝန်ထမ်းများ ကူခြင်းကယ်ခြင်းကြောင့်သာ အဆုံးစွန်ဆုံး ဆိုးရွားခြင်းမဖြစ်သေးဟု နားလည်ရပါသည်။

ဤကား နိုင်ငံတော်ယန္တရားနှင့် အုပ်ချုပ်မှုစံစနစ်အတွက် အကဲဖြတ်ရမည့် စဉ်းစားချက်များဖြစ်ပါသည်။

စီးပွားရေး အဆောက်အအုံ

လက်ရှိ မြန်မာ့စီးပွားရေး အဆောက်အအုံသည် မပြိုလဲသေးသည့်တိုင်၊ နူရာဝဲစွဲ လဲရာသူခိုးထောင်းအဖြစ်နှင့် ကြုံနေရပါသည်။ စီးပွားရေးကဏ္ဍကြီးတစ်ခုလုံးသည်၊ ပြည်ပကို အားကိုးအားထားပြုနေရ၍ နိုင်ငံကြီးများ (တရုတ်)၏ လောင်းရိပ်အောက်တွင် ရုန်းမထွက်နိုင်သေးသည်မှာကြာပြီဖြစ်ပါသည်။ အထွေထွေသော ကုန်စည်များသည် ပြည်ပနှင့်မကင်း။ ပြည်ပ၏ ထုတ်ကုန်များကိုသာ သွင်းယူသုံးစွဲနေရသည်မှာ ကြာပြီဖြစ်သည်။ တိုင်းပြည်အတွင်း၌ ကုန်ကြမ်းသာ ထုတ်လုပ်နိုင်သည်။ ကုန်ကြမ်းထုတ်လုပ်နိုင်သည်ဆိုသော်ငြားလည်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များသည် ပြည်ပနိုင်ငံများနှင့် မယှဉ်နိုင်။ ပို့ကုန်အရည်အသွေး မမီ။ အကြောင်းနှစ်ရပ်ကြောင့် ဖြစ်ပါသည်။ နံပါတ်တစ် အမြောက်အမြားမထုတ်လုပ်နိုင်ခြင်းနှင့် နံပါတ်နှစ် အရည်အသွေးမမီခြင်းတို့ကြောင့် ဖြစ်သည်။ တစ်နည်းဆိုရသော် အရည်အသွေးတစ်ပြေးညီ ထုတ်ကုန်များကိုအမြောက်အမြား မထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်သည်။ သယံဇာတထုတ်ကုန်များဖြစ်သည့် ရုပ်ကြွင်းလောင်စာ၊ သစ်၊ ကျောက်မျက် စသည်တို့သည်သာ ကုန်ကြမ်းအနေဖြင့် ပို့ကုန်အရည်အသွေးအလွန်မီနေခြင်း ဖြစ်သည်။ ၎င်းတို့မှလွဲ၍ ကျန်သောထုတ်ကုန်အားလုံးမှာ ရွက်ကြမ်းရေကျိုအဆင့်ထက် မပို။

တိုင်းပြည်၏ စီးပွားရေးအဆောက်အအုံသည် နေဖြစ်ရုံတစ်မယ် အနေအထားမျှသာ ဖြစ်ပါသည်။ ကိန်းဂဏန်းများက စီးပွားရေးတိုးတက်မှုညွှန်းကိန်းကို အပေါင်းလက္ခဏာပြသော်လည်း လက်တွေ့ လူမှုစီးပွားဘဝများမှာ ထင်သလောက်မပြောင်ရောင်၊ မစိုပြေ၊ မလန်းဆန်း၊ ယခုလိုအကျပ်အတည်းကာလ၌ နှာခေါင်းကျည်ပွေ့တွေ့နေရပြီ ဖြစ်သည်။

တစ်နေ့လုပ်မှ တစ်နေ့စားရသည့် နေ့စားနင်းပြားများ၏ ဘဝများသည် သိန်းသောင်းကုဋေရှိနေပါသည်။

လက်လှုပ်မှ ပါးစပ်လှုပ်ရသည့် ကျောမွဲများ၏ဘဝသည် အသိန်းအသောင်းကုဋေ ရှိနေပါသည်။ မြေပေါသော်လည်း နေစရာရှားသည့် တိုင်းပြည်၌ကျနော်တို့ နေထိုင်နေရပါသည်။ မြန်မာပြည်လူ့အဖွဲ့အစည်းအတွင်းက ဓနဥစ္စာ ခွဲဝေမှုသည် တစ်ဖက်စောင်းနင်း ဖြစ်နေပါသေးသည်။ ဆင်းရဲချမ်းသာ ကွာဟမှုသည် ကြီးမားကျယ်ပြန့်နေဆဲ ဖြစ်ပါသည်။ ဓနရှိ လူတန်းစားများသည် သုံးမကုန်အောင် ရှိနေ၍ ဓနမဲ့လူတန်းစားသည် တစ်ထွာသော ဝမ်းကိုပင် မဖြည့်နိုင်သည့်အခြေအနေ၌ ရှိနေပါသည်။ စက်ရုံကြီးများနံဘေး၌ အချိန်တန် မီးဖိုချောင်မှာ မီးခိုးမအူနိုင်သော ဘဝများ အထင်းသား ဘွင်းဘွင်းကြီး ပေါ်လာနေပါသည်။

စီးပွားရေး အုပ်ချုပ်စီမံမှုသည် အလှူပေးနေသော ပေါ်လစီဖြင့် အလုပ်မဖြစ်ဆိုတာကိုလက်တွေ့နားလည်မည်ဟု ထင်ပါသည်။ ယခင်က ဘေးအန္တရာယ်ကြုံလျှင် လှူကြတန်းကြ၊ ဖေးကြမကြ၊ ဝိုင်းကြ၊ ဝန်းကြဖြင့် တစ်ယောက်တစ်လက်ကူညီရုံဖြင့် ဖလားထိုးပေါ်လစီက အလုပ်ဖြစ်သည့်တိုင် ယခုမူ ထိုသို့ မဟုတ်တော့ပါ။ ရေရှည်၌ဉာဏ်အမြော်အမြင်ဖြင့် ခိုင်မာသော စီးပွားရေးအဆောက်အအုံကို မတည်ဆောက်ခဲ့ကြဘဲ တစ်ပွဲထိုး ပေါ်လစီဖြင့် စခန်းသွားခဲ့သည်မှာ ကြာခဲ့ပြီ။ ယခု ကပ်ဘေးအခြေအနေ၌ စီးပွားရေးအဆောက်အအုံ၏ သက်လုံနှင့် ကိုယ်ခံအားကို မျက်ဝါးထင်ထင် မြင်ခဲ့ရပြီဖြစ်သည်။

ဖလားထိုးပေါ်လစီနှင့် တစ်ပွဲထိုး မဟာဗျူဟာကို ပြန်လည်ဆန်းစစ်သင့်ပြီဟု နားလည်လက်ခံစေလိုပါသည်။

လူမှုအရင်း

လူတစ်ဦးချင်းအကြား ရိုင်းပင်းကူညီမှု၊ ဖေးမမှုများကို ကပ်ဘေးကာလ၌ ခပ်စိပ်စိပ်တွေ့လာရ၍ ဝမ်းသာကြိုဆိုမိပါသည်။ မြန်မာ့လူ့အဖွဲ့အစည်း၌ ငုပ်လျှိုးနေသော ယဉ်ကျေးမှုသဒ္ဓါဓာတ်ခံများ ကိုယ်ရောင်ကိုယ်ဝါပြလာပြီဟု သတိမူမိပါသည်။ သို့သော် ယခင်က မြန်မာတို့ ကြုံခဲ့သည်မှာ၊ ကာလအပိုင်းအခြား တစ်ခုသက်သက်မျှသာ။ ယခုတော့ ထိုသို့ မဟုတ်ပြီ။ ကာလသည် မည်မျှ ရှည်ကြာမည်ဟု မပြောနိုင်။ မခန့်မှန်းနိုင်။

ဆင်ပိန် ကျွဲအဆင့်ဖြစ်နေသည့်တိုင် ဖဲ့ပေးစရာ အသားရှိနိုင်ပါသေးသည်။ ကျွဲအဆင့်မှာဆိတ်အရွယ်သို့ ရောက်လာလျှင်ကား၊ မိသားစုအရေးသည် ပထမဦးစားပေး ဖြစ်ရပါတော့မည်။ ပုလင်းပြည့်မှ ရေလျှံပါသည်။ တစ်ဝက်၊ ဖင်ကပ်ရှိသော ပုလင်း၌ ရေမလျှံနိုင်ပါ။ လောလောဆယ်၊ ပေးလှူနိုင်သေးသည့် အခြေအနေများ ရှိနေသေး၍ နှစ်လိုဖွယ်ဖြစ်ရပါသည်။ သို့သော် ရေရှည်၌မည်သို့မည်ပုံဖြစ်ပါမည်နည်း။ အဖြေသည် လူမှုကော်စေး၏ ကပ်အားအပေါ်တွင် မူမတည်တော့ပါ။ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ Quality ဖြင့်သာ အဆုံးအဖြတ်ပြုရတော့မည် ဖြစ်သည်။

Quality of Society

အပေါ်ထပ်အဆောက်အအုံမှသည် အောက်ခြေလူမှုအလွှာတန်းစားအထိ အကဲဖြတ်ရမည့်မေးခွန်းများ ရှိပါသည်။ လူ့အဖွဲ့အစည်း၏ အရည်အသွေးတစ်ခုလုံးသည် အပေါ်ထပ်အလွှာတစ်ခုတည်းကို ကြည့်၍ တိုင်းတာလို့မရပါ။ အထက်လွှာ၏ လုပ်ရပ်များသည် အောက်ခြေအထိသက်ရောက်သလို၊ အောက်ခြေက အပြုအမူအမူအကျင့်များသည်လည်း အထက်လွှာတစ်ခုလုံးကို ယိုင်နဲ့စေပါသည်။ အပြန်အလှန် အညမညသဘောဖြင့် မှီတည်နေသည့် လူ့အဖွဲ့အစည်းသဘော ဖြစ်ပါသည်။

ကပ်ဘေးကာလအခင်းအကျင်း၌

နိုင်ငံတော်အုပ်ချုပ်မှုစံစနစ်၏ အရည်အသွေး မြင့်မှု၊ နိမ့်မှု၊ ညံ့ဖျင်းမှု၊ ထိန်းကျောင်းနိုင်မှု၊ပဲ့ကိုင်နိုင်မှု၊ မြော်မြင်စီမံခန့်ခွဲနိုင်မှုနှင့် အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး၏ စုဖွဲ့လုပ်ဆောင်မှု အရည်အချင်းသည် လူထုအတွက် အကဲဖြတ်စရာကွင်းပြင် ဖြစ်လာပါသည်။

အဘက်ဘက်၌ အလွယ်လုပ်၊ ပြီးစလွယ်ရောင်းဝယ်ဖောက်ကား၊ ထုတ်လုပ်ဖြန့်ဖြူး၍ ပြည်ပသို့ မှီခိုမှု လွန်ကျွံနေ၍ အလှမ်းကျယ်အလယ်လပ်နေသော စီးပွားရေးကဏ္ဍကြီးတစ်ခုလုံးသည် လက်တွေ့ လူမှုစီးပွားဘဝများကို ရေရှည်အားဖြင့် အာမခံချက် ပေးမထားနိုင်ကြောင်း ပေါ်လွင်ထင်ရှားနေပြီ ဖြစ်သည်။

ဖလားထိုးဓလေ့၊ အရပ်ကူပါ လူဝိုင်းပါ ကြွေးကြော်သံဖြင့် အရေးပေါ်အခြေအနေတို့ကိုကူညီကယ်ဆယ်ခဲ့သည့် လူ့အဖွဲ့အစည်းသည် ကာလတို အရေးပေါ်အခြေအနေ၌ အလုပ်ဖြစ်ခဲ့သော်လည်း ရေရှည်အရေးပေါ်အခြေအနေမျိုး၌ သဒ္ဓါဓာတ်ခံဖြင့် ကာလရှည်တောင့်မခံနိုင်ကြောင်း သတိချပ်သင့်ပါသည်။

ဤဖြစ်ရပ် သုံးချက်သည်ပင်၊ ကပ်ဘေးအလွန်ကာလ၌ စနစ်တကျ ပြန်လည်တည်ဆောက်သိုင်းဝိုင်းပြုပြင်ရမည့်အချက်များ ဖြစ်နိုင်ပါသည်။ စဉ်းစားဆင်ခြင်ကြပါကုန်။