အချစ်ဖြင့် အရာရာကို အကောင်းတိုင်းဖြစ်စေမည်

0
110

ကျော်လတ် ရေးသည်

Bheemasena Nalamaharaja ဆိုတဲ့ဇာတ်ကားဟာ အိန္ဒိယတောင်ပိုင်းက ကန်နဒါစကားပြောရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မြန်မာလိုဆိုရင် “ဘိမသေန နာလမဟာရာဇာ” လို့ ခေါ်ရမယ် ထင်ပါတယ်။ ဘုရင်တစ်ပါးကို ပေးတဲ့ဘွဲ့မျိုးပေါ့။ ကိုဗစ်ကြောင့် ရုံမတင်နိုင်ဘဲ Amazon Prime Video မှာ အောက်တိုဘာ ၂၉ ရက်က စတင်ပြသခဲ့ပါတယ်။ ခြုံငုံပြောရရင် အတိတ်မေ့ဝေဒနာခံစားနေရတဲ့ အမျိုးသမီးတစ်ဦးကို သတိပြန်ရအောင် သူ့အမျိုးသားက ကြိုးစားကုသပေးတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

(၁)

သားသမီးတွေစွန့်ပစ်သွားတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးနေတဲ့ ဘိုးဘွားရိပ်သာတစ်ခုမှာ အမျိုးသမီးငယ်လေးတစ်ယောက်ရှိတယ်။ အဘိုး၊ အဘွားတွေကို မေတ္တာအပြည့်နဲ့စိတ်ရှည်ရှည်စောင့်ရှောက်ပေးလို့ ရိပ်သာကလူတိုင်း သူမကို ချစ်ကြတယ်။ သူမနာမည်က”စာရာမေရိ”တဲ့။ အလုပ်တွေ တအားလုပ်လွန်းလို့ရိပ်သာက သူမကို အနားယူခိုင်းတယ်။ “နဒီမူလာ”လို့ခေါ်တဲ့ အပန်းဖြေစခန်းတစ်ခုကို သူမကိုပို့လိုက်တယ်။

အပန်းဖြေစခန်းရောက်တော့ လက်ရာကောင်းတဲ့ထမင်းချက်တစ်ယောက်နဲ့ တွေ့ရတယ်။ သူနဲ့ခင်မင်သွားပြီးတော့ သူ့အကြောင်းတွေကို နားထောင်ရတယ်။ စခန်းမှာရှိစဉ်တစ်လျှောက်လုံး ထမင်းချက်ရဲ့ဘဝဇာတ်ကြောင်းတွေကို မပြတ်တမ်းနားထောင်ခဲ့ရတယ်။

စားဖိုမှူးရဲ့နာမည်က “လတ်တီရှာ”ပါ။ သူဟာငယ်စဉ်ကတည်းက မိဘတွေမရှိလို့ မိဘမဲ့ကျောင်းမှာ ကြီးပြင်းခဲ့ရတယ်။ သူ့မှာ ညီအစ်ကိုအရင်းလိုခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် ခွဲတယ်ရယ်လို့မရှိဘူး။ သူငယ်ချင်းနာမည်က “ခန်ဒါ”တဲ့။ သူ့ကကျ မိဘမဲ့မဟုတ်ဘူး။ မိဘတွေက စွန့်ပစ်သွားတာ။

လတ်တီရှာနဲ့ ခန်ဒါဟာ မိဘမဲ့ကျောင်းကနေ အပြင်ကိုရောက်ပြီး လမ်းပေါ်ပျော်ကလေးတွေဖြစ်ကုန်တယ်။ ခန်ဒါဟာ ဆိုင်ရှင်တွေမသိအောင် စားစရာတွေယူတတ်လာတယ်။ တစ်နေ့မှာ ဟိန္ဒူဘုရားကျောင်းတစ်ခုကို သူတို့နှစ်ယောက်သွားကြတယ်။ ဟိုရောက်တော့ သူများစားဖို့ထားတဲ့ ထောပတ်အိုးတစ်ခုကို သူတို့ခိုးစားကြတယ်။ အိုးခွံကိုတော့ တစ်နေရာမှာ ပစ်ထားခဲ့တယ်။ အဲဒီအိုးခွံလေးကို ဝ၀ကစ်ကစ်နဲ့အစားမက်တဲ့ ကောင်မလေးတစ်ယောက်က ယူလိုက်တယ်။ ဒီအခိုက်ဟာကံကြမ္မာတစ်ခုရဲ့အစ။ အချစ်တစ်ခုရဲ့မွေးဖွားခြင်း။ ရင်နာစရာဇာတ်လမ်းတစ်ခုရဲ့ နိဒါန်းဆိုတာကိုတော့ ဘယ်သူမှမသိလိုက်ဘူး။

ဝ၀ကစ်ကစ်ကောင်မလေးရဲ့နာမည်က “ဗယ်လီ”တဲ့။ သူ့ဘ၀က လယ်တီရှာတို့နဲ့ တစ်ခြားစီ။ စီးပွားရေးပြေလည်တဲ့ မုန့်တိုက်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသမီးလေး။ မိခင်ကချစ်လိုက်တာ။ သမီးလေးစားချင်တာမှန်သမျှ ချက်ကျွေးတယ်။ လက်ရာကလည်းကောင်း၊ စိတ်ကလည်းရှည်ဆိုတော့ ဗယ်လီလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ၀၀ကစ်ကစ်လေးဖြစ်လာတယ်။ အစားနဲ့ပါးစပ်ကလည်း ပြတ်တယ်လို့မရှိဘူး။ အစားမက်လွန်းလို့ ဖခင်က သိပ်မကြိုက်ဘူး။ မုန့်တွေ ခိုးခိုးစားလွန်းလို့ ခဏခဏအပြစ်ပေးခံရတယ်။

ဖခင်က ဒေါသအိုး လူ့ဂွစာ၊ တစ်ခါတစ်ခါအစွန်းရောက်တတ်တယ်။ ဗယ်လီကိုအပြစ်ပေးတာလည်း တစ်ခါတစ်ခါ ပြင်းထန်လွန်းတယ်။ မုန့်ခိုးစားလို့ဆိုပြီး မီးဖိုခန်းထဲထည့်ပြီး ပိတ်ပစ်ထားတတ်တယ်။ ကလေးကို စိတ်ဒဏ်ရာရစေတဲ့အပြစ်ပေးမှုမျိုးတွေပေါ့။ ဗယ်လီရဲ့ရင်ထဲမှာ ဖခင်ကိုကြောက်လည်းကြောက်၊ ချစ်လည်းချစ်တယ်။

အဲဒီနေ့မှာတော့ ဗယ်လီရဲ့ရင်ထဲမှာ ဖခင်ကို ချစ်တဲ့စိတ်တွေမရှိတော့ဘူး။ ကြောက်တဲ့စိတ်နဲ့မုန်းတဲ့စိတ်တွေပဲ ရှိတော့တယ်။ လတ်တီရှာ ခိုးစားထားတဲ့ အိုးခွံလေးကို ဘုမသိဘမသိကိုင်လာတဲ့ ဗယ်လီကို ထောပတ်ခိုးစားတယ်ဆိုပြီး ဖအေကအပြစ်ပေးပါတယ်။ ရေကန်ကြီးထဲမှာ လှေပေါ်တင်၊ လှေကိုချာချာလည်အောင် လှော်ခိုင်းပါတယ်။ ဗယ်လီက ကြောက်လည်းကြောက်၊ မူးလည်းမူးနဲ့တအားငိုပါတယ်။ ဒါလညး် ရပ်မပေးပါဘူး။ ဒီလိုနဲ့ လှေမှောက်သွားပါတယ်။ သူ့ကို ကယ်နိုင်လိုက်ပေမယ့် သူ့အမေကိုတော့ မကယ်လိုက်နိုင်ဘူး။

ငယ်ရွယ်တဲ့ ဗယ်လီဟာ စိတ်မှာအနာတရဖြစ်သွားပါတော့တယ်။ ဖခင်ကိုလည်း လူသတ်သမားဆိုပြီး အမုန်းကြီးမုန်းသွားပါတော့တယ်။

(၂)

ဒီလိုနဲ့ အချိန်တွေ ကုန်လွန်သွားကြတယ်။ လတ်တီရှာဟာ အချက်အပြုတ်ဝါသနာပါတော့ လူကြီးတွေဆီမှာ သင်ယူပြီး ကျွမ်းကျင်တဲ့ လက်ရာကောင်းစားဖိုမှူးဖြစ်လာတယ်။ သူငယ်ချင်း ခန်ဒါနဲ့အတူ မိဘမဲ့ရိပ်သာရဲ့ အပြင်ဘက်လောကကြီးဆီကို ချီတက်သွားကြတယ်။ ၁၅ နှစ်ကြာတဲ့အခါမှာတော့ တောထဲက “နဒီမူလာ”အပန်းဖြေစခန်းမှာ စားဖိုမှူးရာထူးရသွားတယ်။

တစ်ဖက်မှာတော့ ဗယ်လီဟာ ဆိုးသွမ်းတဲ့ မိန်းကလေးဖြစ်လာတယ်။ ဖအေနဲ့မတည့်၊ ပတ်ဝန်းကျင်နဲ့လည်း အဆင်မပြေတဲ့ ကျားသစ်ရိုင်းမလေးတစ်ယောက် ဖြစ်လာတယ်။ အိမ်ထောင်ချပေးလို့လည်း မရ။ အလုပ်လည်း ကောင်းကောင်းမလုပ်။ အရက်တွေသောက် မူးပြီးအော်ဟစ်နေတတ်တယ်။ သူငယ်ချင်းတွေအိမ်လိုက်နေ၊ ဒုက္ခမျိုးစုံပေးတယ်။သူ့ဒဏ်ကို မခံနိုင်တော့တဲ့ သူငယ်ချင်းတွေဟာသူ့ကို လတ်တီရှာ စားဖိုးမှူးလုပ်နေတဲ့ နဒီမူလာအပန်းဖြေစခန်းဆီ ပို့လိုက်ကြတယ်။

ကံကြမ္မာဟာ ဆန်းကြယ်ပါတယ်။ မုန့်ခိုးစားမိတဲ့ အကြွေးတွေကို လတ်တီရှာတစ်ယောက် ပြန်ပေးဆပ်ရမယ့်အချိန်ရောက်လာပြီပေါ့။ ဘာနဲ့ပေးဆပ်ရမှာလည်း၊ အချစ်တွေ၊ မေတ္တာတွေနဲ့ ပေးဆပ်ရမယ့်အချိန်ရောက်လာပါပြီ။

ငပွေးမလေး ဗယ်လီကတော့ စခန်းကိုရောက်လာပြီး မွှေတော့တာပဲ။ နဒီမူလာလည်း အငြိမ်မနေရဘူး။ ရှိတဲ့လူတွေလည်း ကောင်းကောင်းမနေရဘူး။ သူ့ဒုက္ခအခံရဆုံးက လတ်တီရှာပဲ။ မူးတယ်။ လျှောက်လုပ်တယ်။ ညကျရင် အိပ်မက်ယောင်နေသလို လျှောက်အော်နေတတ်တယ်။ သူ့ကို စိတ်မမှန်ဘူးဆိုပြီး စခန်းက သတ်မှတ်လိုက်ကြတယ်။

ဒီကောင်မလေးကိုမှ လတ်တီရှာက သံယောဇဉ်ဖြစ်သွားတယ်။ အတူသွား၊ အတူစား၊ အတူနေတာကြာလာတော့ နှစ်ယောက်စလုံးဟာ ချစ်သွားကြတယ်။

စခန်းက ပြန်သွားပြီးမကြာဘူး။ ဗယ်လီဟာ လတ်တီရှာကို တောထဲကထွက်ခဲ့ဖို့ ခေါ်တယ်။ မြို့မှာ အစားအသောက်ရောင်းတဲ့ကားလေးဝယ်ပြီး လမ်းဘေးစားသောက်ဆိုင်လေး ဖွင့်ကြတယ်။ လက်ရာကောင်းလွန်းတော့ လတ်တီရှာရဲ့ဆိုင်ဟာ အင်မတန်ရောင်းကောင်းပါတယ်။ သူတို့နှစ်ယောက်ဟာလည်း လမ်းပေါ်မှာပဲ မင်္ဂလာဆောင်ဖြစ်ကြတယ်။

လတ်တီရှာနဲ့ ဗယ်လီဟာ တစ်အိုးတစ်အိမ် ထူထောင်လိုက်ကြပြီပေါ့။ ဒါပေမယ့် သူတို့နှစ်ယောက်တည်းတော့ မဟုတ်ဘူး။ သူတို့အိမ်မှ ာလတ်တီရှာသူငယ်ချင်း ခန်ဒါလည်း ပါတယ်။ ပြဿနာက ဒါပဲ။ ခန်ဒါနဲ့ဗယ်လီဟာ မတည့်ကြဘူး။ တကျက်ကျက် ရန်ဖြစ်ကြတယ်။ လတ်တီရှာဟာ ငယ်သူငယ်ချင်း ခန်ဒါနဲ့ ချစ်ရသူ ဗယ်လီကြားဗျာများရပါတယ်။ နောက်ဆုံးတော့ ခန်ဒါဟာ အိမ်ကထွက်သွားပါတယ်။ သူတို့မှာ သမီးလေးတစ်ယောက်လည်း ရလာပါတယ်။ ဒါပေမယ့် ဗယ်လီရဲ့အမူအကျင့်တွေကြောင့် သူတို့အိမ်ထောင်ရေးမှာ ပြဿနာတွေဖြစ်လာပါတယ်။ တစ်ညမှာတော့ ရန်ဖြစ်ပြီး လတ်တီရှာဟာ သမီးလေးကိုခေါ်ပြီး အိမ်ကထွက်သွားပါတယ်။ မိုးတွေကလည်းသည်းကြီးမည်းကြီးရွာနေပါတယ်။ ဗယ်လီကလိုက်ရှာတဲ့အချိန်မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပါတယ်။ အတိတ်လည်းမေ့သွားတယ်။

(၃)

တော်တော်သပ်ရပ်တဲ့ဇာတ်ကားလေးပါ။ အစပိုင်းတော့ ဘယ်လိုအူကြောင်ကြားဇာတ်ကားပါလိမ့်လို့ တွေးမိပါသေးတယ်။ နောက်ပိုင်းရောက်လေလေ ဆွဲဆောင်နိုင်လေလေပါပဲ။ သိပ်လှတဲ့အချစ်ဇာတ်ကားလေးတစ်ကားပါ။ ကြည့်သင့်တဲ့ဇာတ်ကားပါလို့ညွှန်းပါရစေ။ စိတ်ပညာသဘောတရားတွေ ထည့်ရိုက်ထားနိုင်တဲ့ဇာတ်ကားပါ။ တောင်ပိုင်းကားတွေထဲမှာ တော်တော်အဆင့်တန်းရှိတဲ့ဇာတ်ကားပါ။