အချစ်သည် အလှတရား

0
128

ကျော်လတ် ရေးသည်။

အမုန်းက ပူလောင်တယ်။ အချစ်က အေးတယ်။ အမုန်းက ရုပ်ဆိုးတယ်။ အချစ်က လှတယ်။ လူတစ်ယောက်ကို တကယ့်အချစ်စစ်နဲ့ ချစ်မိပြီဟေ့ဆိုရင် ကောင်းကင်ကြီးလှလာတယ်။ တိမ်စိုင်တွေ လှလာတယ်။ သစ်ပင်တွေ လှလာတယ်။ အို…ဟောဒီလောကဓာတ်ကြီးက အရာရာဟာ လှချင်တိုင်းလှလာတော့တယ်။ အချစ်သည် အလှတရား…. သဘာဝကြီးရဲ့ သင်ယူစရာမလိုတဲ့ တကယ့် အလှတရား။

ဒီလိုကလေးကလားတွေ လျှောက်ရေးနေလို့လည်း စိတ်ပျက်မသွားနဲ့ဦးဗျိုး။ ဦးမိုးဒီကြီး ပြောခဲ့သလိုပါပဲဗျာ။ အချစ်မှာ သက္ကရာဇ်မရှိဘူးတဲ့။ ဘယ်အရွယ်ပဲရောက်ရောက် အချစ်နဲ့ ပတ်သက်လာရင် နည်းနည်းတော့ ရင်ခုန်တတ်ကြတာပဲမဟုတ်လား။ ရင်ခုန်စရာဇာတ်ကားလေးတွေကြည့်မိရင်လည်း တလှပ်လှပ်တော့ ဖြစ်မိသေးသဗျ။ ဒီတစ်ပတ်တော့ ရိုမန်းတစ်ဇာတ်ကားတစ်ကား ညွှန်းမယ်ဗျာ။

ဇာတ်ကားရဲ့နာမည်က Sanam Teric Kasam တဲ့။ အသံလည်း မထွက်တတ်ပေါင်။ အဓိပ္ပာယ်လည်း မသိပေါင်။ အဲဒီတော့ ဂူဂဲကို အားကိုးတယ်ဗျာ။ အဓိပ္ပာယ်ကတော့ “မင်းကို တိုင်တည်ပြောပါတယ်၊ အချစ်ရယ်”တဲ့။ ဟင်ဒီစကားပြော ဘောလိဝုဒ်ရုပ်ရှင်ပါ။ ၂၀၁၆ က ထွက်ခဲ့တဲ့ ရိုမန်းတစ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

(၁)

“ဆာရူး” ဆိုတဲ့ ကောင်မလေးက ရှေးရိုးစွဲ ရိုးတိုးအတကောင်မလေးတစ်ယောက်ရယ်။ ပညာတတ်ပေမယ့် မဝတ်တတ်မစားတတ်တဲ့ ပုံတုံးလို့သတ်မှတ်ခံရတဲ့ ကောင်မလေးပေါ့။ ဒီလိုဖြစ်ရတာသူ့အဖေကြောင့်။ သူ့အဖေက တကယ့်ကိုအစွန်းရောက် ရှေးရိုးစွဲ ဟိန္ဒူအမျိုးသားကြီးတစ်ဦး။ ဒီတော့ ဆာရူးဆိုတဲ့ကောင်မလေးဟာလည်း ပညာတတ် ရှေးရိုးစွဲ ပုံတုံးကောင်မလေး ဖြစ်လာတာပေါ့။ ဒီလိုပုံစံကြောင့် အချစ်ရေးမှာ ကံမကောင်းဘူး။ အိမ်ထောင်ချပေးဖို့ သတိုးသားလောင်းတွေက သူ့အိမ်ကို လာလေ့လာတယ်။ သူ့ရဲ့ပုံတုံးပုံစံကြောင့် လန်သွားကြတယ်။ ရည်းစားတောင် မူးလို့ရှုစရာမရှိဘူးဆိုတဲ့ ကောင်မလေးပေါ့။

သူက စာကြည့်တိုက်မှာ အလုပ်လုပ်တယ်။ ရုံးမှာ သူတစ်ဖက်သတ်ကြိုက်နေရတဲ့ အမျိုးသားတစ်ဦးရှိတယ်။ နာမည်က”အဘီမန်ရူ”တဲ့။ ရုပ်ချောတယ်။ ပညာတတ်တယ်။ အိန္ဒိယနညး်ပညာတက္ကသိုလ်ကျောင်းဆင်း။ ဆာရူးက တစ်ဖက်သတ်ကြိုက်နေမှန်းသိတော့ သူ့ကို အချဉ်ဖမ်းတယ်။ ခိုင်းစရာရှိတာတွေ ညာညာပြီး ခိုင်းတယ်။ ဒါကိုဆာရူးက ပျော်နေတာ။ တစ်ရုံးလုံးက သူ့ကိုကွယ်ရာမှာ ဟားတာပေါ့။ ဟိုကောင် အဘီမန်ရူက သူ့ကို ပုံတုံးမို့ ပြန်မကြိုက်ဘူး။ ဆာရူးကလည်းဒီပုံတုံးကို မပြင်နိုင်ဘူး။

သူ မပြင်နိုင်တာ အကြောင်းမဟုတ်ဘူး။ ပြဿနာက သူ့ညီမ။ ဆာရူးအိမ်ထောင်မကျသေးတော့သူ့ညီမ ကယ်ဗရီက အိမ်ထောင်ပြုလို့ မရဘူးဖြစ်နေတယ်။ ဟိုဘက်က သူ့ရည်းစားကောင်လေးကစိတ်မရှည်တော့ဘူး။ သူ့ကိုပစ်ထားခဲ့တော့မယ်လို့ ခြိမ်းခြောက်တယ်။ ဆာရူးဟာ မဖြစ်မနေအိမ်ထောင်ပြုဖို့ ကြိုးစားရတော့မယ်။ သူ့ကိုကြိုက်မယ့်သူကလည်း တစ်ယောက်မှမရှိ။ သူ့အားနည်းချက်ကို သူသိတယ်။ သူဝတ်တတ်စားတတ်အောင် စွဲဆောင်မှုရှိအောင် ကြိုးစားရတော့မယ်ဆိုတာ သူသိလိုက်ပြီ။ သူဘယ်လိုလုပ်မှာလဲ။ ဘယ်သူ့ကို အားကိုးမှာလဲ။

(၂)

အားကိုးမှားတာလား။ အားကိုးလိုက်တာ မှန်သွားတာလား။ ဘုရားမှ သိလိမ့်မယ်ထင်တယ်။ သူ့ပုံစံကို ပြောင်းလဲဖို့ ဆာရူး အကူအညီတောင်းဖို့ကြိုးစားလိုက်တဲ့သူဟာ သူ့ရဲ့ အသည်းတစ်ခြမ်းဖြစ်လာလိမ့်မယ်ဆိုတာ သူကြိုမသိခဲ့ဘူး။ ဖြစ်လာနိုင်စရာလည်း အကြောင်းမှ မရှိတာကိုး။

သူ့နာမည်က “အင်ဒါ”တဲ့။ ထောင်ထွက်။ လူသတ်မှုနဲ့ ၁၃ နှစ်သားမှာ ထောင်ကျခဲ့တဲ့သူ။
တစ်ကိုယ်လုံး တက်တူးတွေက အပြည့်။ သူနေထိုင်တဲ့ပုံစံက ဖရီးစတိုင်။ ဓလေ့ထုံးတမ်းတွေသူမသိဘူး။ ယဉ်ကျေးမှုတွေ မစဉ်းစားဘူး။ သူနေချင်သလိုနေတယ်။ ဆာရူးတို့နဲ့က ပြဒါးတစ်လမ်းသံတစ်လမ်းပဲ။ နေတာက ဆာရူးတို့အောက်ထပ်တိုက်ခန်းမှာနေတာ။ သူနဲ့တွဲနေတဲ့ ကောင်မလေးက နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ။ သူတို့အတွဲကဟော့တယ်။ ဓာတ်လှေကားဘေး လူမြင်ကွင်းမှာတင် နမ်းချင်နမ်းနေတာ။ ဖက်ချင်ဖက်နေတာ။အဲဒီတော့ ဘေးတိုက်ခန်းကလူတွေက အင်ဒါကိုကြည့်မရဘူး။ ဆာရူးအဖေ ဦးရှေးရိုးစွဲက ထိပ်ဆုံးကပေါ့။

တိုင်ကြ၊ တောကြတယ်။ ဒါလည်း မရဘူး။ အင်ဒါကို နှင်ထုတ်လို့မရဘူး။ အင်ဒါ့အဖေကနာမည်ကြီးရှေ့နေ လူချမ်းသာတစ်ဦး။ အဖေနဲ့မတည့်လို့ အိမ်ကထွက်ပြီး ဒီတိုက်ခန်းမှာ လာနေတာ။

ဆာရူးက အင်ဒါ့ကောင်မလေး ဖက်ရှင်ဒီဇိုင်နာနဲ့တွေ့ဖို့ ကြိုးစားတယ်။ အပွိုင့်မန့်ရဖို့ အနည်းဆုံးသုံးလ စောင့်ရမယ်တဲ့။ သူအဲဒီလောက် မစောင့်နိုင်ဘူး။ အမြန်ဆုံးတွေ့ရဖို့ အင်ဒါ့ကို ပြောပေးဖို့အကူအညီတောင်းရတယ်။ တစ်ရက် သူ့အဖေနဲ့အမေ ခရီးသွားတုန်း လူတွေအိပ်မောကျနေတဲ့မနက် ၄ နာရီအချိန်မှာ အင်ဒါ့အခန်းကို သွားတယ်။ အခန်းထဲဝင်ပြီး အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းတယ်။ အဲဒီအချိန်မှာ အင်ဒါ့ရည်းစား ဖက်ရှင်ဒီဇိုင်နာရောက်လာတယ်။ သူတို့ကိုအထင်လွဲပြီး စိတ်ဆိုးဒေါသထွက်ပြီး ပါလာတဲ့အရက်ပုလင်းကို နံရံပစ်ပေါက်တယ်။ ပုလင်းကွဲတွေက အင်ဒါ့ကျောမှာ စိုက်ကုန်တယ်။

ဆာရူးက သူ့ကြောင့်ဖြစ်ရတာဆိုပြီး အင်ဒါ့ကို ဆေးခန်းလိုက်ပို့တယ်။ ဒါကို သူတို့အိမ်ရာတံခါးစောင့်ကမြင်ပြီး အိမ်ရာတာဝန်ရှိတဲ့သူကို အကြောငး်ကြားတယ်။ ရဲတွေပါရောက်လာလို့ ဆာရူးက အတော်တောင်းပန်လိုက်ရတယ်။ အင်ဒါ့ကို တိုက်ခန်းပြန်လိုက်ပို့တယ်။

ဒါပေမယ့် မထင်မှတ်ဘဲ ပြဿနာတွေက ရှုပ်ကုန်တယ်။ ဆာရူးအဖေက ခရီးကနေ အစောကြီး ပြန်ရောက်လာတယ်။ အိမ်ရာတာဝန်ရှိတဲ့သူတွေကို သူ့ကိုတိုင်ကြတယ်။ မယုံလို့ အဖွဲ့လိုက်ကြီး အင်ဒါ့အခန်းကို သွားကြတယ်။ ဖြစ်ချင်တော့ ဆာရူးက သွေးတွေတအားထွက်နေတဲ့ အင်ဒါ့ဒဏ်ရာတွေကို ပြုစုပေးနေတုန်း။ နေရာကတော့ ကုတင်ပေါ်ဖြစ်နေတယ်။ သူ့အဖေတို့ လာကြတဲ့ အချိန်မှာ အထင်လွဲစရာတွေ ဖြစ်ကုန်တယ်။ သူ့အဖေကရှက်ပြီး သူ့ကို သမီးအဖြစ်ကနေ တစ်ခါတည်းစွန့်လွှတ်တယ်။ သေပြီလို့ သတ်မှတ်လိုက်ပြီလို့ပြောတယ်။

ဆာရူးရဲ့အဖြစ်ဟာ ဖွတ်မရ ဓားမ ဆုံးပဲ။ ဓားမဆုံးရုံတင်မဟုတ်ဘူး။ ဘဝပါပျက်ရတာ။ သမီးအဖြစ်က စွန့်လွှတ်ခံလိုက်ရတယ်။ အိမ်ပေါ်ကနှင်ချခံလိုက်ရပြီ။ ခါးသီးလိုက်တဲ့ဘဝ။

(၃)

“အချစ်ဆိုတာလည်း အခက်သားလား။ ရှင်းပြတိုင်းမရတဲ့ ပုစ္ဆာလို”တဲ့။ ကိုဗဒင်ရဲ့ သီချင်းစာသားလိုပေါ့ဗျာ။ အသွင်မတူ စရိုက်မတူတဲ့ ဆာရူးနဲ့ အင်ဒါ ချစ်သွားကြမယ်ဆိုတာ ဘယ်သူယုံမှာလဲ။ လာမယ့်ရွေးကောက်ပွဲ မုံရွာမှာ ပြည်ခိုင်ဖြိုးသောင်ပြိုကမ်းပြို အနိုင်ရမယ်ဆိုတာကမှ လူတွေယုံချင်ယုံကြဦးမယ်။

နေစရာအိမ်မရှိတော့တဲ့ ဆာရူးအတွက် အင်ဒါက အိမ်ခန်းတစ်ခု ငှားပေးတယ်။ မနက်ဆိုဈေးဝယ် အတူတူထွက်ကြတယ်။ စကားတွေပြောကြတယ်။ သူတို့ရဲ့နှလုံးသားတွေ တစ်စတစ်စရင်းနှီးလာကြတယ်။ ဒါပေမယ့် အင်ဒါကသူ့ချစ်ကြောင်း မပြသခဲ့ဘူး။ မပြတဲ့အပြင် ဆာရူးရဲ့ ပုံတုံးကို ပြောင်းဖို့အတွက် တခြားနာမည်ကြီးဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဆီတောင် သွားအပ်ပေးသေးတယ်။ ဆားရူးခေတ်မီလာတယ်။ ပိုလှလာတယ်။ ဆွဲဆောင်မှုရှိလာတယ်။

အင်ဒါက ဆာရူးအတွက် သတိုးသားလောင်းတွေတောင် ရှာပေးလိုက်သေးတယ်။ သူတို့နှစ်ဦး မသိလိုက်သေးတဲ့အချိန်မှာပဲ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားကြတာပါပဲ။

အချစ်စစ်ရဲ့လမ်းဟာ မဖြောင့်ဖြူးတတ်ဘူးတဲ့။ သူတို့ဘာတွေ ကြုံကြရမှာလဲ။ အပျော်နဲ့ဆုံးမှာလား။ ဝမ်းနည်းစရာနဲ့ ခွဲခွာကြရမှာလား…။

(ဒီဇာတ်ကားကို ကြည့်တဲ့အချိန်မှာ လက်ကိုင်ပဝါဖြစ်ဖြစ် တစ်ရှူးလေးပဲဖြစ်ဖြစ် ဆောင်ထားကြပါလို့ အကြံပြုပါရစေ။)