အစိုးရသစ်အပေါ် မျှော်လင့်ချက်

0
256

၂၀၂၀ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် စစ်ကိုင်းတိုင်းအစိုးရအသစ်ကို ပြည်သူများ မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။ တိုင်းအစိုးရရဲ့ငါးနှစ်သက်တမ်း လုပ်ဆောင်ချက်များကိုလည်း မြင်တွေ့၊ ကြားသိခဲ့ရပြီဖြစ်တာမို့ နောင်လာမယ့် တိုင်းအစိုးရသစ်ကို ဘယ်လိုပုံစံမျိုးမြင်ချင်လဲ၊ လက်ရှိအစိုးရအပေါ် အားရသလားဆိုတဲ့ မေးခွန်းတွေကို ကျပန်းမေးမြန်းခဲ့ပါတယ်။ အဲဒီအထဲကမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဒေါ်ချယ်ရီ
စစ်ကိုင်း။

ဒေါက်တာမြင့်နိုင်က ဟိုးအောက်ခြေ ပြည်သူလူထုရဲ့အကြောင်းကို သိတယ်။ ဝန်ကြီးချုပ်ဖြစ်မှ မဟုတ်ဘူး။ နိုင်ငံရေးစလုပ်ကတည်းက ပြည်သူလူထုရဲ့ ခံစားချက်တွေကို မျှဝေခံစားပြီး လုပ်ခဲ့တဲ့သူဖြစ်တော့ နောက်ငါးနှစ်မှာလည်း သူ့ကိုပဲ ဆက်လုပ်စေချင်ပါတယ်။

သူက အလုပ်လည်း ကြိုးကြိုးစားစားလုပ်တာ တွေ့ရတယ်။ သူအုပ်ချုပ်တာကို သဘောကျတယ်။ နောက်ငါးနှစ်မှာ တရားဥပဒေစိုးမိုးရေးကို အဓိကထား ဆောင်ရွက်ပေးစေချင်ပါတယ်။

ဦးတင်ဝင်းမောင်
ရွှေဘို။

ဝန်ကြီးချုပ်ကို နားစေချင်ပါပြီ။ အသက်ကြီးပြီ။ သူ့ထက်ပိုပြီး Smart ဖြစ်မယ့်သူ မရှိဘူးလားပေါ့။ ဘယ်သူ့ကို ခန့်စေချင်ဆိုတာထက်ပိုပြီး အလုပ်လုပ်နိုင်မယ့်သူ၊ ပိုပြီးသန်မာသူကို ဖြစ်စေချင်တာပါ။ဒေါက်တာမြင့်နိုင်ကို သမိုင်းကြောင်းအရရော လုပ်နိုင်စွမ်းအရရော လေးစားပါတယ်။ ကိုယ့်မြို့နယ်က သူ့မဲပေးတာပါ။ ၂၀၂၀ မှာ အစိုးရကို ဒီထက်ပိုသွက်ပြီး ရှေ့ရောက်စေချင်တယ်။ မြန်မြန်ပြောင်းလဲစေချင်တယ်။ ပြောင်းလဲအောင်လည်း ထောက်ခံအားပေးမှာပါ။ ဥပဒေစိုးမိုးရေးမှာ ပြည်သူတွေကို အသိပညာပေးတာ အရမ်းအားနည်းတယ်။ သူမှားသူခံ၊ ကိုယ်မှားကိုယ်ခံ ဖြစ်ချင်တယ်။ အခုအခြေအနေက မျက်နှာကြီးငယ် နီးစပ်ရာကွာတယ်။ နောက်ငါးနှစ်မှာတော့ အစိုးရဝန်ဆောင်မှုကိစ္စတွေ၊ ဥပမာ လဝက၊ စည်ပင်ကို ဦးစားပေး ပြုပြင်စေချင်တယ်။ စိုက်ပျိုးရေးကို ဒီထက် အားစိုက်စေချင်တယ်။ ကျွန်တော်တို့ဘက်မှာ ဆည်မြောင်းတွေ သိပ်ညံ့တယ်။ စိုက်ပျိုးရေးမှာ ဝန်ကြီးဌာနရဲ့ ပါဝင်ပတ်သက်မှု အားမကောင်းဘူး။ အချက်အလက်စီးဆင်းမှု အားကောင်းပြီး ဌာနချင်း ချိတ်ဆက်မှုအားကောင်းတဲ့ အစိုးရအဖွဲ့မျိုး ဖြစ်စေချင်တယ်။

ဦးသက်နိုင်ဦး
ဆားလင်းကြီး။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာဆို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကတော့ စီမံကိန်းရှိတဲ့ ဒီဘက်ခြမ်းကို တစ်ခေါက်မှ ရောက်မလာဘူး။ စီမံကိန်းနယ်မြေမှာရှိတဲ့ ပြည်သူလူထုကို ဂရုစိုက်တဲ့ပုံစံ မတွေ့ရဘူး။သူ့ကို ကြိုက်တယ်၊ မကြိုက်ဘူး မှတ်ချက်မပေးလိုဘူး။ ဒါပေမဲ့နောက်တက်လာမယ့် ဝန်ကြီးချုပ်ကိုတော့ ကျွန်တော်တို့ပြည်သူလူထုနဲ့တစ်သားတည်း ဖြစ်စေချင်တယ်။ ကျွန်တော်တို့ကို ဂရုစိုက်တဲ့ဝန်ကြီးချုပ်မျိုးလိုချင်တယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘယ်လိုနေရတယ်၊ ဘယ်လိုထိုင်ရတယ်၊ ဘယ်လိုလုပ်ကိုင်စားသောက် နေရတယ်ဆိုတာကို ဒေသခံတွေနဲ့ လာရောက်ဆွေးနွေးဖို့ လိုတယ်။ နောက်ငါးနှစ်မှာ ဘယ်သူပဲ ဝန်ကြီးချုပ်ဖြစ်ဖြစ် ဒီဘက်က ဒေသခံတွေကိုလည်း ပစ်မထားဘဲ မကြာခဏ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။

နန်းတင်တင်ဝင်း
ဟုမ္မလင်း။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ဒီအထက်ပိုင်းမှာ လမ်းပန်းဆက်သွယ်ရေးကအစ ဘာတစ်ခုမှ တိုးတက်ပြောင်းလဲတာ မတွေ့ရလို့ပါ။ အစိုးရသက်တမ်း ၅ နှစ်မှာ အထက်ပိုင်းမှာ အထွေအထူး တိုးတက်ပြောင်းလဲသွားတာ ဘာတစ်ခုမှမရှိပါဘူး။ အဲဒီတော့ လာမယ့် အစိုးရသက်တမ်း ၅ နှစ်မှာ ကျွန်မတို့ အထက်ပိုင်းကို အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့။ အဲဒါတွေကို အသေးလေးကအစ ပြုပြင်ပြောင်းလဲပေးမယ့် အစိုးရမျိုးကို မျှော်လင့်ပါတယ်။

ဦးထွန်းမြင့်ရွှင်
ကလေးဝ။

လူထုနဲ့ တွေ့ဆုံအဖြေရှာ၊ လူထုနဲ့တစ်သားတည်း ထပ်တူကျတဲ့ တိုင်းအစိုးရမျိုး လိုချင်ပါတယ်။

အခုပြီးခဲ့တဲ့ တိုင်းအစိုးရကရော လူထုနဲ့ထပ်တူမကျဖူးလားဆိုရင် လူထုနဲ့ တွေ့ဆုံပွဲတွေတော့ လုပ်တယ်။ ဒါပေမယ့် တင်ပြမှု၊ တောငး်ဆိုမှု ပြန်လည်ချထားမှုတွေက စီစဉ်ပြီးသားကို အကွက်ချပြီး တင်ပြသလိုမျိုးတွေလို တွေ့ရတယ်။ မြို့နယ် EC တွေ ပြောတာယုံ ကိုယ်တိုင်ဆင်းမကြည့် ဝေဝေ၀ါးဝါးလုပ်တဲ့ တိုင်းဝန်ကြီးတွေကို အလိုမရှိပါဘူး။ ကျွန်တော်တို့နယ်မှာဆို ၂၀၁၅ မတိုင်ခင်ကတည်းကဒေသခံတွေလက်မခံတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ရှိခဲ့တယ်။ ဒေသခံတွေ လက်မခံလို့ အကောင်အထည်လည်း မဖော်ဖြစ်ခဲ့ဘူး။ NLD အစိုးရလက်ထက်မှာ ထပ်ပေါ်လာပြန်တယ်။ အမတ်အချို့ပြောတာဆိုတာများ ကုမ္ပဏီပွဲစားလား ထင်ရတယ်။ သဘာ၀ပတ်ဝန်းကျင် ချစ်မြတ်နိုးပါတယ်ဆိုတဲ့ ဝန်ကြီးချုပ်ကြီးက မစိန်လူထုတွေ့ဆုံပွဲမှာ ချင်းတွင်းမြစ်ဘေးမှာ လုပ်မယ့် အဲဒီစီမံကိန်းကို အကောင်အထည်ဖော်မယ့်အကြောင်း ထည့်ပြောသွားတယ်။ ဒါကြောင့် နောက်ငါးနှစ်မှာတော့ ကုမ္ပဏီဘက်လိုက်လူထုမကြိုက်တဲ့ တိုင်းအစိုးရအဖွဲ့မျိုးကို အလိုမရှိဘူး။ လူထုအသံ၊ လွှတ် တော်အသံ၊ လူထုအသံဖော်ဆောင်ရွက်မယ့်လူထုနဲ့ တစ်ထပ်တည်းကျတဲ့ တိုင်းအစိုးရမျိုးကို လိုချင်ပါတယ်။

ဒေါ်ယုမွန်ကို
မုံရွာ၊ LL.B တရားလွှတ်တော်ရှေ့နေ။

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို ပြောရရင်မကြိုက်ဘူး။ ပြည်သူလူထုက အားကိုးလို့ သူ့ဆီတင်တဲ့စာတွေကို မဖတ်ဖူးလို့ ကြားသိရတယ်။ အရေးယူတာလည်း မတွေ့ရဘူး။ ဖြေရှင်းပေးတာလည်းမတွေ့ရဘူးလို့ ပြောနေကြတာပဲ။ အထူးသဖြင့် စည်ပင်သာယာကိစ္စတွေမှာပေါ့။ စီမံခန့်ခွဲမှုမှာ လိုအပ်ချက်တွေ တွေ့ရတယ်။ နောက်ငါးနှစ်မှာတော့ မြို့ပြတောနေလူတန်းစားရဲ့ စားဝတ်နေရေးအခက်အခဲ၊အလုပ်အကိုင်အခက်အခဲတွေကို ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းပေးနိုင်တဲ့၊ ဆရာဝန်မဟုတ်တဲ့ စီမံခန့်ခွဲရေးပညာရှင်တစ်ယောက်ကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် မြင်လိုတယ်။

အောက်ခြေပြည်သူကို စောင့်ရှောက်တဲ့အစိုးရ လိုချင်တယ်။ ဥပမာ ကန်သာယာစီမံကိန်းမျိုးထက် ပျံကျဈေးသည်၊ အလုပ်သမားတွေအတွက် အလုပ်အကိုင်ကို ကောင်းမွန်စေတဲ့ အစီအမံမျိုးကို စီစဉ်ဆောင်ရွက်စေချင်တယ်။

တရားဥပဒေ စီမံမှုမှန်ကန်ရေးကို ကြီးကြပ်လို့ မရမှန်းသိပေမယ့် အကြံပြုထောက်ပြစေချင်တယ်။ ဌာနဆိုင်ရာတွေကို ကြီးကြပ်နိုင်တဲ့ အစိုးရမျိုးကို မျှော်လင့်မိပါတယ်။