အဆိပ်ပင်လော၊ ဆေးပင်လော ကိုယ်ရံကြီး

0
676

Botanical name: Crinum asiaticum L. Family -Amaryllidaceae ((ခတ္တာမျိုးရင်း)) Myanmar name ကိုယ်ရံကြီး အင်္ဂလိပ်အမည် -Lily Poison Bulb giant crinum lily, grand crinum lily, spider lily

ဟိန္ဒီအမည် -Nagdamni


တစ်လောက မိတ်ဆွေအငြိမ်းစား ကျောင်းဆရာမကြီးတစ်ဦးနှင့်တွေ့ရာ သူ့လက်ထဲတွင်ကိုင်လာသော အရွက်ရှည်ရှည်ကြီး တစ်ရွက်ပါလာသဖြင့် စကားမစပ် မေးကြည့်ရာ ကိုယ်ရံကြီးဂမုန်းပင်မှ အရွက်ဖြစ်ကြောင်း ပြောသည်။


သူပြောသည်မှာ- “ကျွန်မအငြိမ်းစားယူပြီးကတည်းက ထွေရာလေးပါးရောဂါတွေဝင်လာတော့တာပဲ။ အဆိုးဆုံးကတော့ လူက ဝလာတာနဲ့အမျှ ဒူးနာရောဂါကစွဲကပ်လာတယ်။ အထူးသဖြင့်ဘုရားဝတ်မပြုနိုင်တော့ဘူး။ ထိုင်ပြီးရင် ပြန်မထနိုင် တော့ဘူး။ တစ်ယောက်ယောက်ကိုခေါ်ပြီးဆွဲထူခိုင်းမှ ထနိုင်တော့တယ်။ ဒါနဲ့ တူမဆရာဝန်မလေး နဲ့တိုင်ပင်ပြီးတော့ အရိုးအဆစ်အထူးကုနဲ့ပြတယ်။ ဓာတ်မှန်တွေရိုက်၊ သွေးစစ်ပေါ့။ အဖြေကတော့’OA’ ခေါ်တဲ့ အရိုးပါးရောဂါဝင်နေပြီ။ ဒူးထဲက အရွတ်ကလေးကလည်း ပါးနေပြီ။ ကျီးပေါင်းလည်း ရှိနေပြီပြောတယ်။ ဆေးရုံကြီးမှာ လေ့ကျင့်ခန်းလည်း လုပ်ခိုင်းတယ်။ စားရမယ့်ဆေးတွေလည်း ပေးပါတယ်။


ကောင်းမလာဘူး။ နောက်ဆုံးအရွတ်ထဲ ဆေးထိုးထည့်ရမယ်ထင်တယ်လို့ တူမ ဆရာဝန်မလေးကပြောတော့ ကြောက်လိုက်တာ။ တစ်နေ့ကံကောင်းချင်တော့ ကိုယ်လိုပဲ ဒူးနာလို့တုတ်ထောက်သွားနေရတဲ့ အငြိမ်းစားကျောင်းဆရာကြီး တစ်ဦး
နဲ့ သွားတွေ့တယ်။ သူ့ဒူးက အခုအတော်လေးကောင်းသွားပြီ။ သူညွှန်းတာနဲ့ ဒီလမ်းဘေးကရေမြောင်းစပ်တွေမှာ တွေ့တွေ့နေတဲ့ ကိုယ်ရံကြီးပင်က အရွက်ကို မီးကင်၊ ညအိပ်ရာအဝင်ဒူးမှာပတ်စည်းပြီး အိပ်၊ မနက်ကျတော့ ဖြုတ်ပစ်၊နောက်ညကျတော့ ကိုယ်ရံကြီး ရွက်မီးကင်ပြန်စည်းနဲ့ ငါးရက်လောက်လုပ်ပြီးတော့ မူလ ရောင်နေတာလည်းမရှိတော့ဘူး။ အတွင်းကနာတာလည်းအလျှင်း မပျောက်သေးပေမယ့် သက်သာပြီ” လို့ပြောပါတယ်။


ကိုယ်ရံကြီးဂမုန်းပင်ကို အချို့အရပ်များတွင်]]တောခတ္တာပင်}} ဟုခေါ်ကြပြီး အချို့အရပ်တွင်]]ပြည်လုံးချမ်းသာ}} ပင်ဟု ခေါ်ကြသည်။ ရခိုင်ပြည်နယ်တွင် ]]ရေထုပ်ပင်}} ဟုခေါ်သည်ဟုလည်းပြောကြသည်။ ကိုယ်ရံကြီးဂမုန်းပင်သည် အဆိပ်ပင်ဖြစ်သည်။ အဆိပ်ပင်ဖြစ်ကြောင်း သိရန်မှာတိရစ္ဆာန်များ စားမစားကြည့်ရန်ပင်ဖြစ်သည်။

ကျွဲ၊ နွား၊ ဆိတ်တို့ကို လွှတ်ကျောင်းထားသောအခါကိုယ်ရံကြီးပင်အနားရောက်လျှင် ရှောင်ကွင်းသွားကြကြောင်း တွေ့ရသည်။ ထို့ကြောင့် ပင် အင်္ဂလိပ်လို ပေးထားသော နာမည်မှာ (Poison Bulb) “အဆိပ်မီးသီးပင်” ဟုခေါ်ခြင်းဖြစ်သည်။


ကိုယ်ရံကြီးပင်မှ အဖြူရောင် သို့မဟုတ်အညိုရောင်ပန်းပွင့်များ ပွင့်ပြီးလျှင် အသီးထွက်လာသည်။ ၎င်းအသီးသည် မီးသီး(ဘတ်သီး)နှင့်အလွန်တူသည်။ ခူးဆိတ်ကြည့်လျှင် အစေးဖြူများ ထွက်လာသည်။ ၎င်းအစေးများနှင့် ထိလျှင်ယားသည်။ အခန့်မသင့်လျှင် ထိမိသည်နှင့်တစ်ကိုယ်လုံးတွင် ယားဖု၊ ယားပိမ့်များ ထွက်လာတတ်သည်။ ထို့ကြောင့်ပင် အဆိပ်မီးသီးပင်ဟုခေါ်ခြင်းဖြစ်မည်။

တိုင်းရင်းဆေးပညာဦးစီးဌာနမှထုတ်သော လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ အတွဲ(၉) တွင် ကိုယ်ရံကြီးပင်တွင်ပါဝင်သောဒြပ်ပေါင်းမှာ Alkaloid and Glueopyramoside and tannic acid ဖြစ်ကြောင်း တွေ့ရသည်။

ကိုယ်ရံကြီးပင်၏ ထူးခြားချက်မှာ မိမိကိုယ်တိုင်က အဆိပ်ပင်ဖြစ်ရသော်လည်း အဆိပ်ဖြေဆေး အဖြစ်အသုံးပြုနိုင်ခြင်းဖြစ်သည်။ အဆိပ်သင့်ရောဂါများတွင် နာမည်ကျော်လှ သည့် တိုင်းရင်းဆေးခန်း သုံးဆေး နံပါတ်(၃၂) နန်းတွင်းလျှာပွတ်
ဆေး ဖော်စပ်ရာတွင် ကိုယ်ရံကြီး ဂမုန်းပင်ဥကိုလည်း ထည့်သွင်းဖော်စပ်ထား သည်ကိုတွေ့ရသည်။

၎င်းနန်းတွင်း လျှာပွတ်ဆေးကြီးသည်သတိမေ့လျော့ နေသူကိုပင် လျှာပွတ်ပေးခြင်းဖြင့်သတိ ပြန်လည်စေနိုင်သည်။ ဆီးချို၊ သွေးချိုကျစေနိုင်သည်။


ကင်းဆိပ်၊ မြွေဆိပ်စသော အဆိပ်ရှိသောသတ္တဝါများကိုက်လျှင် ကိုက်သောနေရာတွင် ၎င်းဆေးမှုန့်သိပ်ပေးခြင်း၊ ဝမ်းတွင်းသို့ အနည်းငယ်စားစေခြင်းဖြင့် အဆိပ်ပြေစေနိုင်သည် ဟုရှေးကသမားစဉ် ဆေးကျမ်းများတွင်ဖော်ပြသည်။


၁၉၇၂ ခုနှစ် မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းက ထုတ်ဝေသည့် “ပုံပြမြန်မာဆေးပင်များ အဘိဓာန်ညွန့်ပေါင်း ပထမတွဲ” တွင်ဖော်ပြထားသည်မှာ ကိုယ်ရံကြီးအရွက်များကိုကြက်ဆူဆီသုတ်ပြီး အပူပေး၍ နူနာ၊ ခူနာနှင့်
လက်ဖျား ခြေဖျားရောင်နာများ ကိုအုံပေးရသည်။


ဖိလစ်ပိုင်နိုင်ငံတွင် အရွက်ပြုတ်ရည်ကိုသလိပ်ရွှင်ဆေး အဖြစ်အသုံးပြုသည်။ အမြစ်မှုန့်သည် အများသုံးသော အဆိပ်ဖြေဆေးဖြစ်သည်ဟုဖော်ပြထားသည်။ ရှင်နာဂသိန်၏ ပုံပြဆေးအဘိဓာန်တွင်ကား အရွက်ပြုတ်ရည်ဖြင့် ရေချိုးခဲ့သော်
အဖောအရောင်ကျ၏။ အရွက်ကိုမီးကင်စည်းပေးခဲ့သော် ခါးနာ၊ ဒူးရောင်ခြင်းတို့အတွက်အကျိုးရှိ၏။

ထို့ပြင် ရှေးလူကြီးတို့သည် မိမိအိမ်ဆောက်ရာ၌ အကြောင်းအမျိုးမျိုးကြောင့်မြေကြမ်းသည်ဟုယူဆလျှင် ကာကွယ်ရန် ကိုယ်ရံကြီး ဂမုန်းပင်ကို အိမ်ရှေ့ထောင့်တစ်ထောင့်တွင်စိုက်ပျိုးကြ၏ဟု ရေးသားထားသည်။


အစွမ်းထက်သော နန်းတွင်းလျှာပွတ်ဆေးကြီးကို ပရဆေးဆိုင်များ၊ အိမ်တွင်းသုံးစွဲရန် အလို့ငှာ ဖော်စပ်လိုပါက ဆေးနည်းနှင့် ပါဝင်ရမည့်တိုင်းရင်းဆေးပစ္စည်း များမှာ၁။ နှင်းပန်းဥ တစ်ကျပ်သား
၂။ ကြွေဥ တစ်ကျပ်သား
၃။ မြက်မုန်ညင်းဥ တစ်ကျပ်သား
၄။ နနွင်းဥ တစ်ကျပ်သား
၅။ ကန့်ပလူဥ တစ်ကျပ်သား
၆။ ပန်းဥ တစ်ကျပ်သား
၇။ ကြက်သွန်နီဥ တစ်ကျပ်သား
၈။ ကြက်သွန်ဖြူဥ တစ်ကျပ်သား
၉။ ပိန်းမဟော်ရာဥ တစ်ကျပ်သား
၁၀။ တောခတ္တာဥ တစ်ကျပ်သား
၁၁။ ဆီမီးတောက်ဥ တစ်ကျပ်သား
၁၂။ ဝဥ တစ်ကျပ်သား
၁၃။ ကိုယ်ရံကြီးဥ တစ်ကျပ်သား
၁၄။ ကင်ပလင်းမြစ် တစ်ကျပ်သား
၁၅။ ပဒိုင်းနက်မြစ် တစ်ကျပ်သား
၁၆။ ဂျပ်နက်မြစ် တစ်ကျပ်သား
၁၇။ နန်းလုံးကြိုင်မြစ် တစ်ကျပ်သား
၁၈။ ဆီးဖြူမြစ် တစ်ကျပ်သား
၁၉။ ပန်းညိုရွက် တစ်ကျပ်သား
၂၀။ သနပ်ပစ္စည်းရွက်တစ်ကျပ်သား
၂၁။ ရောင်ဖြူဆေးရွက် တစ်ကျပ်သား
၂၂။ မဖောက်ထုံးတစ်ကျပ်သား
၂၃။ မြားဆိပ် တစ်ကျပ်သား
စုစုပေါင်း ၂၃ကျပ်သားဆေးတစ်ခွက်စာပမာဏ လူကြီးနှစ်ပဲသား၊ ကလေးနှစ်ရွေးသား။


တစ်နေ့သုံးကြိမ်။
ဆေးဝါး၏အကျိုးသွားနှင့် အသုံးပြုရမည့် ရေလဲများ
၁။ အစားမှားသော်၊ ချွေးငုပ်သော် ရေနွေးဖြင့်လည်းကောင်း၊
၂။ ဆီးချိုသွေးချိုရောဂါတွင် ရေနွေးဖြင့်လည်းကောင်း၊
၃။ အနာဝင်အညှော်မိသော် လေးညှင်းပြုတ်ရည်ဖြင့်လည်းကောင်း၊
၄။ လျှာနာသော် ပွတ်ပေးခြင်းဖြင့်လည်းကောင်း၊
၅။ ငန်းမန်းဖမ်း၍ လူမှန်းမသိသော် အုန်းဆီဖြင့်ဖျော်၍ နားကိုကျပ်ပေးခြင်းဖြင့်လည်းကောင်း၊
၆။ အဖျားအမျိုးမျိုးတို့ကို ရေနွေး သို့မဟုတ်ကွမ်းရွက်ပြုတ်ရည်ဖြင့် လည်းကောင်းသုံးစွဲနိုင်သည်။


ဆေးဝါးမှီဝဲစဉ်ဖြစ်ပေါ်နိုင်သော ဆိုးကျိုးအာနိသင်များမရှိပါ။ တိုင်းရင်းဆေးခန်းသုံးဆေးနည်းများကို မည်သူမဆို မိမိအိမ်တွင်သုံးစွဲရန်အတွက် ဖော်စပ်သုံးစွဲခွင့်ရှိပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here