အထင်ကြီးလောက်စရာ မှုခင်းဆေးပညာ

0
102

ကျော်လတ် ရေးသည်။

ဇာတ်ကားနာမည်က Forensic တဲ့။ ရိုးရှင်းတဲ့ နာမည်တစ်ခုပါ။ မြန်မာလိုဆိုရင် မှုခင်းဆေးပညာလို့ အဓိပ္ပာယ်ရပါတယ်။ အိန္ဒိယတောင်ပိုင်းက မာလာယာလန်း ဘာသာစကားပြော ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားအမျိုးအစားကိုတော့ လျှို့ဝှက်သည်းဖို စုံထောက်ဇာတ်ကားလို့ သတ်မှတ်ထားပါတယ်။

(၁)

တစ်ခုသော ကြက်သားသည်ရှေ့မှာ ငေးမောနေတဲ့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်။ သူဟာ ကြက်သားသည်ကို အကြီးအကျယ် စိတ်ဝင်စားနေတယ်။ ကြက်သားသည်က ကြက်တစ်ကောင်ကို ဖမ်း၊ လည်ပင်းကို အရှင်လတ်လတ် တစ်ချက်တည်းလှီး၊ သွေးသံရဲရဲ ခုတ်ထစ်ဖြတ်တောက်ပေးလိုက်တာကို ကောင်လေးဟာ မျက်တောင်မခတ်တမ်း ကြည့်နေတယ်။ ပြီးတော့ ကြက်သားဝယ်နေတဲ့ သူ့အဖေမသိအောင် ကြက်ခေါင်းကို ယူခဲ့တယ်။ အိမ်ရောက်တော့ ကြက်ခေါင်းကို ဖန်ဗူးထဲထည့် ခုတင်အောက်မှာ သိမ်းထားတယ်။ ခုတင်အောက်က ဖန်ဗူးတွေထဲမှာ ဖားလို အကောင်လေးတွေကို အရှင်လတ်လတ်ထည့်ထားတယ်။ ကောင်လေးရဲ့ဝါသနာက အထူးအဆန်းပဲ။

အဲဒီလိုသိမ်းထားတာကို ကောင်လေးအဖေက သိသွားတယ်။ ကောင်လေးကို ရက်ရက်စက်စက် အပြစ်ပေးတော့တာပဲ။ လက်ကို ကြိုးချည်၊ ထုပ်တန်းမှာဆွဲ၊ ခါးပတ်နဲ့ အတင်းရိုက်တော့တာပဲ။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်၊ ကောင် လေးရဲ့ငယ်ဘဝတစ်လျှောက်လုံး ဒီလိုကြိမ်ဖန်များစွာ အရိုက်ခံရပါတယ်။ မိခင်လည်းမရှိ၊ အခြားသော မွေးချင်းပေါက်ဖော်လည်းမရှိဆိုတော့ ဆွဲမယ့်ကယ်မယ့် ဖျောင်းဖျမယ့်သူလည်း မရှိဘူးပေါ့။ ဒါဟာ ကောင်လေးရဲ့ရင်ထဲမှာ တစ်သက်တာလုံးစိုက်နေတဲ့ ဆူးကြီးတစ်ချောင်း ဖြစ်သွားတော့တာပါပဲ။

ကောင်လေးဟာ ဒီလိုနဲ့ အားသန်တဲ့ ဆယ်ကျော်သက်အရွယ် ရောက်လာပါတယ်။ ဒါလည်း ရက်ရက်စက်စက် အရိုက်ခံရဆဲပါ။ တစ်ညနေမှာတော့ အဖေဖြစ်သူအရက်သောက်နေတုန်း ကောင်လေးဟာ ဝိုင်ယာကြိုးကိုသုံးပြီး ဖအေဖြစ်သူရဲ့လည်ပင်းကိုစွပ်၊ ပြီးတော့ မလွှတ်တမ်းဆွဲပြီးတော့ သတ်ပစ်လိုက်ပါတော့တယ်။ အလောင်းကို ခြံထဲမှာ ဘယ်သူမှမသိအောင် မြှုပ်လိုက်ပါတယ်။ ဒါဟာ လူတွေပျော်ရွှင်နေတာကို မကြည့်စိမ့်တဲ့၊ မနာလိုဖြစ်တတ်တဲ့ စိတ္တဇလူသတ်သမား တစ်ယောက်ရဲ့ ခရီးအစပါပဲ။

(၂)

အိန္ဒိယတောင်ပိုင်းက ဒထရိုင်ဗူသရမ်ဒဆိုတဲ့ မြို့လေး။ အကသင်တန်းကို အစ်မနဲ့အတူလိုက်လာတဲ့ ၅ နှစ်အရွယ်ကောင်မလေးတစ်ယောက် သင်တန်းဆင်းခါနီးမှာ ပျောက်သွားပါတယ်။ ကောင်မလေးနာမည်က ဒီဗီယာတဲ့။ ရက်အနည်းငယ်အကြာမှာတော့ ဒီဗီယာရဲ့အလောင်းကို အမှိုက်ကန်တစ်ခုရဲ့ဘေးမှာ ဘောလုံးကန်တဲ့ ကောင်လေးတွေက စတင်တွေ့သွားပါတယ်။ ဒီဗီယာရဲ့ခန္ဓာကိုယ်မှာ ရက်ရက်စက်စက် ဓားနဲ့ထိုးသတ်ထားတဲ့ ဒဏ်ရာကို တွေ့ရပါတယ်။

ဒီဗီယာဟာ ရဲအရာရှိခပ်ကြီးကြီးတစ်ဦးရဲ့ တူမဖြစ်တော့ မီဒီယာတွေက ဒီအမှုကို စိတ်ဝင်စားကြပါတယ်။ အကောင်ကြီးကြီးရဲ့တူမလည်းဖြစ် မီဒီယာတွေကလည်း စိတ်ဝင်စားဆိုတော့ ဒီအမှုကို ကိုင်တွယ်ဖို့ ထက်မြက်တဲ့ အမျိုးသမီးရဲအရာရှိ တစ်ဦးကို တာဝန်ပေးပါတယ်။ သူမကတော့ လက်ထောက်ရဲမှူး ရစ်သီကာဆေဗီယာ ဖြစ်ပါတယ်။

ရစ်သီကာဟာ သူမကို ကူညီဖို့ မှုခင်းဆေးပညာရှင်အဖွဲ့တစ်ခုကို အထက်အရာရှိဆီ တောင်းပါတယ်။ အခြားအဖွဲ့တွေက မအား၊ ရမယ့်ရတော့ ရစ်သီကာ မျက်နှာချင်းမဆိုင်ချင်တဲ့ လူတစ်ယောက်ကိုပဲ ရပါတော့တယ်။ သူ့နာမည်က ဆမ်မြူရယ်ဂျွန်ကတ်တူတရန်တဲ့။ ရစ်သီကာရဲ့ ခင်ပွန်းဟောင်းရဲ့ညီပါ။ ရစ်သီကာဟာ ဆမ်တို့ မိသားစုနဲ့ ကမ္ဘာ့ရန်တွေဖြစ်ပြီး အိမ်ထောင်ပြိုကွဲခဲ့တာပါ။ ဒါ့ကြောင့် ခင်ပွန်းဟောင်းနဲ့ ပတ်သက်တဲ့ အမျိုးအဆွေတွေမှန်သမျှကို မျက်နှာချင်းမဆိုင်ချင်လောက်အောင် ဖြစ်နေတဲ့သူပါ။ ခုတော့ အမှုအတွက်အရေးကြီးတော့ ဆမ်နဲ့ လက်တွဲအလုပ်လုပ်ရပါတော့တယ်။ ဒါပေမယ့် သူ့ကို နည်းနည်းလေးမှ မျက်နှာသာမပေးသလို အထင်လည်း မကြီးပါဘူး။ ဆမ့်ကို စောင့်ကြည့်ဖို့ ရှီခါဆိုတဲ့ ကောင်မလေးကိုတောင် သူ့မှုခင်းဆေးအဖွဲ့ထဲမှာ ထည့်လိုက်ပါတယ်။

ဆမ်ကတော့ ပညာရှင်ပီသပါတယ်။ သူ့အလုပ်ကိုသူ ပရော်ဖက်ရှင်နယ် ပီပီသသ လုပ်ပါတယ်။ ကောင်မလေးအလောင်းကရတဲ့ အဝတ်အစားကို သေချာစစ်ဆေး၊ မှန်ဘီလူးတွေနဲ့ကြည့်၊ မိုက်ခရိုစကုပ်တွေနဲ့စစ်၊ ပြီးတော့ အမျိုးမျိုးဓာတ်ခွဲစစ်လိုက်တဲ့အခါ လူသတ်သမားဟာ လူကြီးမဟုတ်ကြောင်း၊ ကလေးတစ်ယောက်သာ ဖြစ်နိုင်ကြောင်း ရစ်သီကာကို ပြောပါတယ်။ သူ့ကိုကြည့်မရတဲ့ ရစ်သီကာကတော့ “အခြေအမြစ်မရှိတဲ့ ရမ်းသမ်း သီအိုရီ”လို့ ရှုတ်ချပြီး ပယ်ချပါတယ်။

ဆမ်ရဲ့ရမ်းသမ်းသီအိုရီဟာ ရမ်းသမ်းဖြီးဖြန်းထားတာမဟုတ်ဘဲ သိပ္ပံနည်းကျကျ တွက်ချက်ထားတယ် ဆိုတာကို သက်သေပြမယ့် လူတစ်ယောက် ပေါ်လာပါတယ်။ လူတစ်ယောက်ဟာ ညနေမှောင်ရီပျိုးတစ်ခုမှာ အလံတစ်ခုကို တက်ဖြုတ်နေတုန်း လူသတ်သမားလေးကို မြင်လိုက်ရတာပါ။ သူ့ရဲ့ပြောပြချက်နဲ့ လူသတ်သမားကောင်လေးရဲ့ ပုံကြမ်းကို တွက်ချက်လိုက်နိုင်ပါတယ်။ သတင်းသမားတွေဆီကိုလညး် ဖြန့်ဝေလိုက်ပါတယ်။ ရစ်သီကာဟာ ဆမ်ကို အသိအမှတ်မပြုလို့ မရတော့ဘူးပေါ့။

လူသတ်သမားကောင်လေးကို မမိခင်မှာ နောက်ထပ်ကောင်မလေးတစ်ယောက် ပျောက်သွားပြန်ပါတယ်။ ကလေးရေကစားကွင်းတစ်ခုမှာ ဒီဗီယာလိုအရွယ်ကလေးမလေးတစ်ယောက် လူသတ်သမားနောက်ပါသွားပြန်ပါတယ်။

(၃)

ဆမ်တို့ လိုက်နေရတဲ့ အမှုဟာ ထရိုင်ဗူသရမ်မြို့လေးမှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖြစ်ခဲ့တဲ့ အမှုနဲ့ဆင်နေတာကို သူတို့ တဖြည်းဖြည်းသိလာရပါတယ်။ အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက ပြောပြလို့ ဆမ်ဟာ ပြည့်ပြည့်စုံစုံသိခွင့်ရခဲ့ပါတယ်။ အဲဒီအမှုဟာ ရစ်သီကာ ကိုင်တွယ်ရတဲ့ ပထမဆုံးအမှုတဲ့။ ဒါပေမယ့် တရားခံမမိဘဲ ပိတ်လိုက်ရတဲ့ အမှုကြီးပါ။ ပြည်နယ်သမိုင်းမှာတော့ ပထမဆုံး အမှုပိတ်လိုက်ရတဲ့ ရာဇဝတ်မှုကြီးပါတဲ့။ ၂၀၁၀ နှစ်ဦးပိုင်းလောက်မှာ ထရိုင်ဗူသရမ်မြို့စွန်က ဘားမားအိမ်ရာမှာ ၈ နှစ်နဲ့ ၁၁ နှစ်ကြား ကလေး ၄ ယောက် ပျောက်ဆုံးခဲ့ပါတယ်။ လူသတ်သမား ကျူးလွန်တဲ့ပုံစံတွေကို တွက်ချက်ပြီး နောက်ထပ် လူသတ်မှုကျူးလွန်မယ့် အချိန်ကို တွက်ဆပြီး အဲဒီအိမ်ရာကို ပိတ်ဆို့ရှာဖွေပြပါသတဲ့။ အဲဒီမှာပဲ ကျောင်းကားတစ်စီးပေါ်မှာ ဆေးခတ်သတ်ခံထားရတဲ့ ကလေးမလေးအလောင်းတစ်လောင်းကို တွေ့ပါသတဲ့။ ကျောင်းကားမောင်းတဲ့သူကို တရားခံအဖြစ် သူတို့ဖမ်းပါသတဲ့။ ကျောင်းကားမောင်းတဲ့သူ ထောင်ထဲမှာရှိတုန်း နောက်ထပ် ကလေးတစ်ယောက် ပျောက်သွားပြန်ပါသတဲ့။ အဲဒီမှာပဲ သူတို့ လူမှားဖမ်းမိမှန်း ရဲတွေသိသွားပါသတဲ့။ ကျောင်းကားမောင်းတဲ့သူလည်း ထောင်ကနေ မကြာခင် ပြန်လွတ်လာပါသတဲ့။ လူသတ်သမားလည်း နောက်ထပ်လူသတ်မှုတွေ မကျူးလွန်တော့ပါဘူးတဲ့။

ဆမ်ရဲ့သီအိုရီမှန်ကန်ကြောင်း သက်သေပြမယ့် နောက်ထပ်ကွင်းဆက်ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ အဲလက်ဖော့ဆီကနေ လူသတ်သမားကောင်လေးရဲ့ နာမည်၊ ဓာတ်ပုံနဲ့ သမိုင်းကြောင်းကို သိလိုက်ရတာပါ။ လူသတ်သမားကောင်လေးရဲ့နာမည်က ရူဘန်တဲ့။ ကစားဖော်ကောင်လေးနှစ်ယောက်ကို ရေတွင်းထဲ တွန်းချတဲ့ပြစ်မှုနဲ့ လူငယ်ထိန်းသိမ်းရေးစခန်းဆီ အပို့ခံခဲ့ရပါတယ်။ ခုအချိန်မှာ လူငယ်ထိန်းသိမ်းရေးစခန်းကနေ ပျောက်ဆုံးနေတယ်ဆိုတာလည်း သိလိုက်ရပါတယ်။

ရဲတပ်ဖွဲ့တစ်ခုလုံး ရူဘန်နောက် အသည်းအသန်လိုက်နေတုန်းမှာပဲ ရူဘန်ဟာ နောက်ထပ် ၆ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို ဆေးရုံတစ်ခုကနေ ဖမ်းသွားပြန်ပါတယ်။

ဆမ်ဟာ ဆေးရုံအနီး အမှိုက်ပုံးတစ်ခုကရတဲ့ ချောကလက်ခွံကို သေချာစစ်ဆေးပါတယ်။ အဲဒီ ချောကလက်အခွံက ပြန်ပေးဆွဲခံရတဲ့ကောင်မလေး ဝယ်စားသွားတဲ့ အမှိုက်ပါ။ ဆေးပညာနဲ့ သေချာစစ်ဆေးလိုက်တဲ့အခါမှာ ချောကလက်ခွံမှာ DNA နှစ်ခုတွေ့ရပါတယ်။ တစ်ခုက ပြန်ပေးဆွဲခံရတဲ့ ကောင်မလေးရဲ့ DNA။ ဒါပေမယ့် နောက်တစ်ခုက ရူဘန့် DNA လည်း မဟုတ်ဘူး။ အမည်မသိလူတစ် ယောက်ရဲ့ DNA။

အဲဒီတော့ ကလေးလူသတ်သမား ရူဘန်ရဲ့နောက်မှာ ကြိုးကိုင်နေတဲ့ နောက်ထပ်လူသတ်သမားတစ်ယောက် ရှိတယ်ဆိုတာ ဆမ် သိသွားပါတယ်။ အဲဒီသူက ဘယ်သူလဲ။ အဲဒီသူက ဘာလို့ ကလေးတွေကိုမှ ပစ်မှတ်ထားရတာလဲ။ အဲဒီသူ ဘယ်လောက်အထိ ဉာဏ်ကောင်းသလဲ။

(၄)

တောင်ပိုင်းရုပ်ရှင်တွေထဲမှာတော့ ရှားရှားပါးပါး အဆင့်မြင့်တဲ့ရုပ်ရှင်ပါပဲ။ ဇာတ်ညွှန်းမိုက်တယ်။ အလှည့်အပြောင်း၊ မြှုပ်ကွက်တွေ လှတယ်။ သရုပ်ဆောင်တွေကလည်း တောင်ပိုင်းနဲ့မတူအောင် ချောတယ်။ လှတယ်။ မင်းသားချောသလို လက်ထောက်ရဲမှူး ရစ်သီကာလည်း လှတာပါပဲ။ လက်ထောက် ရှီခါလည်း ကျက်သရေရှိတာပဲ။ အကအခုန်တွေ မပါဘူး။ နောက်ခံတေးဂီတတွေ မိုက်တယ်။

ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ပါ။ မမေ့နိုင်တဲ့ဇာတ်ကား ဖြစ်လာပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here