အနာဂတ်မုန်တိုင်းများ

0
87

သက်ဆွေအေး ရေးသည်။

စစ်အေးခေတ် နှောင်းပိုင်းကာလတွေမှာ အမေရိကန်မူဝါဒချမှတ်သူတွေ၊ နိုင်ငံတကာရေးရာပညာရှင်တွေ၊ မူဝါဒ ဆန်းစစ်လေ့လာသူတွေက အင်အားကြီးစစ်ပွဲဆိုတာ ပြီးသွားတဲ့ခေတ်ရဲ့ အကြွင်းအကျန်တွေပဲ ဖြစ်မှာပါလို့ ပြောကြတယ်။

၁၉၈၆ ခုနှစ်မှာ သမိုင်းပညာရှင် John Lewis Gaddis က ဒုတိယကမ္ဘာစစ် နောက်ပိုင်းကာလကို (Long Peace) ကြာရှည်တဲ့ ငြိမ်းချမ်းရေးလို့ခေါ်ပါတယ်။ ဘာလို့လဲဆိုရင် အမေရိကန်နဲ့ဆိုဗီယက်တို့ တိုက်ခိုက်မှုမဖြစ်မချင်းလို့ ဆိုပါတယ်။ နှစ်အနည်းငယ်အကြာမှာ နိုင်ငံရေး သိပ္ပံပညာရှင် John Mueller က ပြောင်းလဲလာတဲ့ နှုန်းစံတွေကြောင့် အင်အားကြီးတို့ရဲ့ ပြဿနာတွေက ခေတ်နောက်ကျသွားတယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ စိတ်ပညာရှင် စတီဗင်ပင်ကာက တာရှည်တဲ့ ငြိမ်းချမ်းရေးဟာ (New Peace) ငြိမ်းချမ်းရေး ပုံစံအသစ်အဖြစ် ပြောင်းလာတယ်။ သူဆိုလိုချင်တာက လူသားတွေရဲ့ ပဋိပက္ခတွေကနည်းပါးလာလို့ ပြောတာပါ။

တကယ်က အာဖဂန်၊ လစ်ဗျား၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိမ်း၊ ရေမင်တို့မှာ ပဋိပက္ခတွေကဆက်ဖြစ်နေတာ မျက်မြင်ပါပဲ။ နိုင်ငံငယ်လေးတွေပါဝင်တဲ့ အုပ်စုဖွဲ့အကြမ်းဖက် မတည်ငြိမ်မှုဆိုတာ ပြတ်သွားတယ် မရှိပါဘူး။ ၁၆ ရာစု ခေတ်သစ်နိုင်ငံတကာ စနစ်တစ်ရပ် စတင်ချိန်ကစလို့ သွေးချောင်းစီးတဲ့ နိုင်ငံရေးလမ်းကြောင်းတွေကို ထည့်စဉ်းစားမယ်ဆိုရင် ၁၉၄၅ ကတည်းက အင်အားကြီးတွေကြားဖြစ်တဲ့ စစ်မရှိတာ သိသိသာသာပါပဲ။

ဆိုလိုတာက ပြဿနာတွေ၊ ပဋိပက္ခတွေကို စားပွဲပေါ် တင်မလာဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး။ လက်တွေ့မှာ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေက အင်အားကြီးတို့ရဲ့ စစ်ပွဲကို ဖယ်ရှားဖို့ ကြိုးစားမှုတွေရှိပေမယ့် ဖြစ်လာနိုင်တဲ့ အလားအလာတွေကတော့ ရှိနေဆဲပါ။ ယနေ့ တရုတ်နဲ့အမေရိကန်ကြားက တင်းမာနေမှုဟာ အချိန်မရွေးပဋိပက္ခအသွင် ဆောင်သွားနိုင်ပါတယ်။ ဒီနှစ်နိုင်ငံဟာ ကမ္ဘာ့ပါဝါအပြောင်းအလဲရဲ့ ပြင်းအားကနေ ဖြစ်လာတဲ့ ထိပ်တိုက်တွေ့ဆုံနေခြင်းဖြစ်သလို၊ နှစ်နိုင်ငံကြားမှာ စစ်မဖြစ်လာနိုင်ဘူး ပြောမရနိုင်တဲ့ အနေအထားထိ ရှိပါတယ်။ ဒါပေမဲ့ ခုနောက်ဆုံး သမ္မတအပြောင်းအလဲက ဒီပုံရိပ်တွေကို ထိန်းနိုင်မယ်လို့ ယူဆနေကြပါတယ်။

တရုတ်နဲ့ အမေရိကန်ကြားက ပထဝီနိုင်ငံရေးယှဉ်ပြိုင်မှု ပြင်းထန်လာနေပေမယ့် နိုင်ငံခြားရေးမူဝါဒနဲ့ မဟာဗျူဟာအပေါ် ယုံကြည်မှုပြင်းထန်တဲ့ အမေရိကန်အများစုက စစ်မဖြစ်နိုင်ပါဘူးလို့ ထင်လာကြပါတယ်။ ပထမတစ်ချက်အနေနဲ့ဆိုရင် နှစ်နိုင်ငံကြား စီးပွားရေးအရအပြန်အလှန်မှီခိုနေရခြင်းဟာ ပဋိပက္ခဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ဒီလို စီးပွားရေးအရမှီခိုနေရင် စစ်မဖြစ်နိုင်ဘူးလားဆိုတဲ့ အယူအဆကိုချေနိုင်တဲ့ အဆိုကြမ်းတွေလည်း သမိုင်းနမူနာပေါင်းများစွာ ရှိပါတယ်။ တရုတ်နဲ့ အမေရိကန်ဟာအပြန်အလှန်မှီခိုနေရတဲ့အတွက် စစ်ဖြစ်နိုင်မှုကို လျှော့ချနိုင်တယ်ဆိုရင်တောင် စီးပွားရေးအရပတ်သက်မှုတွေက မကြာခင်နှစ်များအတွင်းမှာ တစ်စဆီလို စဖြစ်လာနိုင်ပါတယ်။ ပြီးရင် တွဲလက်တွေ ပြုတ်သွားပါလိမ့်မယ်။

အင်အားကြီး (Great Powers) တို့ စစ်ဖြစ်လာနိုင်တဲ့ အလားအလာနဲ့ ပတ်သက်ပြီး သံသယဝါဒီတွေ အမြင်ကတော့ နျူကလီးယားလက်နက်ထိန်းချုပ်ရေး အင်အာကောင်းလာဖို့ဆိုတဲ့ ယုံကြည်ချက်ကနေ ပေါ်ထွက်လာတာမျိုးပါ။ လတ်တလောဆယ်စုနှစ်အတွင်းက နည်းပညာတိုးတက်မှုတွေကြောင့် နျူလက်နက်အပေါ် တားဆီးတာတွေ အားနည်းသွားတယ်။ ဒီနေရာမှာ Limited Nuclear War ဆိုတာ မျိုးပေါ်လာတယ်။ အကန့်အသတ်လေးတစ်ခုအတွင်း နျူကလီးယားစစ်ပွဲ ဆင်နွှဲခြင်းမျိုးဖြစ်ပြီး အလုံးစုံပျက်သုဉ်းရေးထိ မပါဝင်ပါဘူး။

တခြားသော ပညာရှင်တွေက အမည်ခံလစ်ဘရယ်နိုင်ငံတကာအစီစဉ်ဟာ ငြိမ်းချမ်းရေးကို ထိန်းထားနိုင်မယ်လို့ ဆိုပါတယ်။ ဒီအမြင်မှာအမေရိကန်ကြီးရဲ့ ဦးဆောင်မှုဆိုတာ ကုလ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့လို ဘက်စုံရ အင်စတီကျူးရှင်းအဖွဲ့အစည်းများမှတစ်ဆင့် ခေါင်းဆောင်မှုပေးခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများ ပျံ့နှံ့ရေးတို့ဟာ နိုင်ငံတကာအမူအကျင့်အရ ပုံမှန်ဖြစ်တာနဲ့ မှန်းဆနိုင်တာကို ယခုအနေအထားမှာ ဖြစ်စေပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် G. John Ikenberry ကတော့ အကောင်းမြင်စိတ်နဲ့ ဒီလိုဖြစ်စဉ်ကြီးက နောင်ဆယ်စုနှစ်ပေါင်းများစွာထိ ကြာရှည်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်ကြီးကတက်လာပြီး၊ အဆုံးသတ်မှာ အမေရိကန်ကြီးရဲ့လွှမ်းမိုးနိုင်မှု အဆုံးသတ်သွားရင်တောင် ဆက်အသက်ရှင်နိုင်သေးတဲ့စနစ်လို့ ဆိုပါတယ်။ ဒီအယူအဆက ပြဿနာတော့ နည်းနည်းရှိပါတယ်။

ယခုလက်ရှိ ကမ္ဘာ့အစီအစဉ်ကို အရှိန်အဟုန်နဲ့ ပြောင်းလဲလာတဲ့ နိုင်ငံတကာအခင်းအကျင်းတွေက စိန်ခေါ်လာနေပါတယ်။ အဲဒီလိုပါပဲ နိုင်ငံတချို့ရဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်လာမှုတွေက ဒီစနစ်ကို စိန်ခေါ်လာနေပါတယ်။ အမေရိကန်နဲ့ဥရောပမှာဆိုရင် လူပြိန်းကြိုက်ဝါဒ ပေါ်ထွက်လာနေတာ၊ လစ်ဘရယ်မဆန်တဲ့ ဒီမိုကရေစီတွေပေါ်လာနေတာက လက်ရှိ နိုင်ငံတကာစနစ်အတွက် နောက်ပြန်ရိုက်ချက်တွေပါပဲ။ အမေရိကန် ပြည်တွင်းကလညး် ဒီစနစ်အပေါ် ထောက်ခံမှုကျဆင်းလာနေသလို၊ တခြားသော နိုင်ငံတွေဆီကို ပါဝါကလည်း ရွေ့သွားတဲ့အတွက် ဒီကမ္ဘာ့စနစ်ကြီးဟာ မလွှဲမရှောင်သာ ပြဿနာတွေကို ကြားဝင်ဖြေရှင်းပေးတဲ့အခါ အကျိုးသက်ရောက်မှုနည်းလာပါလိမ့်မယ်။ နောက်တက်လာတဲ့ ပါဝါ နိုင်ငံတွေကလည်း ဖွဲ့စည်းပုံကို လုံးလုံးပြင်ဖို့ မြင်လာမယ် ပြောလာမယ်၊ အဲဒီအချိန်မှာ စစ်ဖြစ်ဖို့ အလားအလာတွေလည်း ရှိလာနိုင်ပါတယ်။

တရုတ်ခေါင်းဆောင်တွေအတွက်က သူတို့နိုင်ငံသမိုင်းကြောင်းအရ ဂရိတ်ပါဝါ နေရာကိုမခုန်နိုင်တဲ့ တချို့သောနိုင်ငံတွေကိုကြည့်ပြီး သတိထားနေရပါတယ်။ ပညာရှင်တွေပြောစကားအရဆိုရင် ၁၉ ရာစု နှောင်းပိုင်းလောက်မှာဖြစ်တဲ့ ဘိန်းစစ်ပွဲနှစ်ခုမှာ တရုတ်ရှုံးရတဲ့ အကြောငး်ရငး်က စက်မှုတော်လှန်ရေးက ဖြစ်လာတဲ့ အပြောင်းအလဲကို လိုက်လျောညီထွေ ဆောင်ရွက်နိုင်စွမ်းမရှိတာလို့ မှတ်ချက်ပေးကြပါတယ်။ တရုတ်တွေ နောက်ထပ်ညွှန်းတဲ့ ခေတ်ကတော့ အနောက်တိုင်းပါဝါနဲ့ ဂျပန်တို့က တရုတ်ကို နှိမ်ထားတာပါ။

တရုတ်နိုင်ငံ ခုလို တက်လာတာက နှိမ့်ချတာခံစားခဲ့ရတာကို လက်စားချေချင်တဲ့ဆန္ဒက တွန်းအားပေးလိုက်တာပါ။ ၁၉ ရာစုမတိုင်ခင်ကာလ အရှေ့အာရှမှာ လွှမ်းမိုးနိုင်တဲ့ အာဏာကို ပြန်လိုချင်တာလည်း ပါပါတယ်။ တိန်ရှောင်ပင်းရဲ့ ပြုပြင်ရေးနှင့် ပွင့်လင်းရေးအစီစဉ်ဟာ ဖြစ်စဉ်ရဲ့ ကနဦးခြေလှမ်းပဲ ဖြစ်ပါတယ်။ စီးပွားရေးတိုးတက်ခြင်းနဲ့ ခေတ်မီခြင်းတို့ တွန်းအားပေးတဲ့အနေနဲ့ တရုတ်ဟာ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့အစီစဉ် (World Order) ထဲ ဝင်ပါခဲ့တာပါ။ တိန်ရှောင်ပင်းကိုယ်တိုင်က ၁၉၉၂ ခုနှစ်မှာ နောက်ဆုတ်သွားတဲ့သူက ရှုံးတာပဲလို့ ပြောခဲ့ပါတယ်။ တရုတ်ရဲ့ ရေရှည်ရည်မှန်းချက်က ချမ်းသာရေးတစ်ခုတည်းမဟုတ်ပါဘူး။ အရှေ့အာရှမှာ အမေရိကန်ကို မောင်းထုတ်နိုင်ဖို့၊ ဒေသတွင်း သြဇာသက်ရောက်ဖို့၊ လိုအပ်တဲ့နည်းပညာအစွမ်း၊ စစ်ရေးအစွမ်းတွေကိုရယူ လက်ဝယ်ပိုင်ဆိုင်ဖို့အထိ ရည်ရွယ်ပါတယ်။

သူတို့ မဟာဗျူဟာ အောင်မြင်လာတယ်ဆိုရပါမယ်။ တရုတ်ဟာ အမေရိကန်ရဲ့ ပါဝါဆိုင်ရာ အရေးပါတဲ့ ထောင့်တိုင်းနီးပါးလောက်ဆီကို မြန်မြန်ချဉ်းကပ်နေပါတယ်။ ၂၀၁၄ ခုနှစ်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဝယ်လိုအားကို တိုင်းတာကြည့်တဲ့အခါ တရုတ်ဟာ အမေရိကန်ကို ကျော်တက်နေပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးဖြစ်နေတာ တွေ့လာရပါတယ်။ အခုနောက်ဆုံး ကိုဗစ်ကပ်ဘေးကနေတောင် မြန်မြန်ဆန် နာလန်ထလာနိုင်ပါတယ်။ သေချာသလောက်နီးနီးကတော့ ဒီဆယ်စုနှစ် အကုန်လောက်မှာ တရုတ်ဟာ ကမ္ဘာ့နံပါတ်တစ် စီးပွားရေးဖြစ်လာပြီး အမေရိကန်ကိုသေချာပေါက် ကျော်သွားနိုင်ပါတယ်။ စစ်ရေးအရကြည့်မယ်ဆိုရင်လည်း တရုတ်က အမေရိကန်ထက်သာနေတာ တွေ့မြင်နေရပါတယ်။ ၂၀၁၅ ခုနှစ်လေ့လာမှု စစ်တမ်းတစ်ခုအရဆိုရင် အရှေ့အာရှမှာ တရုတ်-အမေရိကန် စစ်ရေးကွာခြားချက်ဟာ မြန်မြန်ဆန်ဆန် ကျဉ်းလာတယ်လို့ ဆိုပါတယ်။ ဒေသတွင်းမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေနဲ့ စစ်သင်္ဘောတွေလည်း ယနေ့အခါမှာ တရုတ်စစ်တပ်ရဲ့ တိုးတက်လာနေတဲ့ စွမ်းဆောင်ချက်တွေကြောင့် ခြိမ်းခြောက်ခံနေရတဲ့ သဘောပါ။

အမေရိကန် မူဝါဒချမှတ်သူတွေကတော့ တရုတ်-အမေရိကန် ယှဉ်ပြိုင်မှုဟာ သမရိုးကျအာဏာချင်းပြိုင်တဲ့ပွဲ သက်သက်မဟုတ်တော့ဘဲ၊ ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ ဒီမိုကရေစီကို ကွန်မြူနစ်ဝါဒနဲ့ ရန်တိုက်ပေးတာထိ မြင်လာကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရိုက ဇူလိုင်လထဲမှာ ဒီအာဏာရှင်ဟာ မတ်စ်နဲ့ လီနင်ဝါဒီတွေဆိုတာ စိတ်ထားမှတ်ထားဖို့ လိုတယ်လို့ ပြောခဲ့ဖူးပါတယ်။ သဘောက အယူဆရေးရာထိ သတိထားလာတယ် ဆိုပါတယ်။

အယူအဆရေးရာတိုက်ပွဲ၊ စစ်ပွဲ၊ စီးပွားရေးအားစမ်းပွဲ၊ နယ်လုပွဲ (အာကာသထိပါဝင်) နယ်ပယ်စုံပြိုင်နေကြပြီး ကမ္ဘာ့ပုလိပ်ကြီးဖြစ်ရေးနဲ့ ပုံသွင်းနိုင်ရေး ကြိုးစားနေကြတဲ့ နိုင်ငံနှစ်နိုင်ငံအကြောင်း အကျဉ်းမျှ တင်ဆက်လိုက်ရပါတယ်။

Ref:foreign affair.