အန္တရာယ်ရှိလာတဲ့ အာရှရာစုလား

0
306

သက်ဆွေအေး ရေးသည်။

အောက်ပါစာစုကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက Foreign Affair မဂ္ဂဇင်းတွင် ရေးသားထားသည့် အက်ဆေးမှ အချို့ကို ကောက်နုတ်ရေးသားခြင်း ဖြစ်ပါတယ်။

အာရှရာစု လာတော့မယ်လို့ သိပ်မကြာသေးခင်ကာလတွေတုန်းက လူတွေပြောနေကြတယ်။ ကျွန်တော်ကတော့ဒီအမြင်ကို သဘောမတူချင်ဘူး။ တရုတ်ခေါင်းဆောင်ကြီး တိန်ရှောင်ပင်းက ၁၉၈၈ ခုနှစ်မှာ အိန္ဒိယဝန်ကြီးချုပ်ကို ငြင်းဆိုပြောခဲ့ဖူးတယ်။ နောင် နှစ် ၃၀ လောက်ကြာတော့ တိန်ရှောင်ပင်းကအနာဂတ် ဘာဖြစ်မယ်ဆိုတာကို သက်သေပြခဲ့တယ်။

ထူးခြားတဲ့ စီးပွားရေးအောင်မြင်မှုတွေ ဆယ်စုနှစ်များစွာ ရလာပြီးတဲ့အခါမှာ ယနေ့ အာရှဟာ ကမ္ဘာမှာအတိုးတက်ဆုံးသော ဒေသရယ်လို့ ဖြစ်လာတယ်။ ဒီဆယ်စုနှစ် အတွင်းမှာပဲ အာရှစီးပွားရေးဟာ ကျန်ကမ္ဘာ့စီးပွားရေး အားလုံးပေါင်းထက်လည်း ပိုကြီးကျယ်လာတာ တွေ့ရပါတယ်။ ဒီအချိန်မှာ တိန်ရှောင်ပင်း သတိပေးစကားကိုပြန်ပြောရရင် အာရှရာစုဆိုတာ မလွဲမရှောင်သာ ဖြစ်ကိုဖြစ်လာမှာပါ၊ ကြိုတင်ဟောကိန်းထုတ်ရမှာပါဆိုတာတွေက မဟုတ်ဘူးလို့ ဆိုပါတယ်။

အာရှ ချမ်းသာလာတယ်ဆိုတာအမေရိကန်ရဲ့ Pax Americana လို နိုင်ငံတကာငြိမ်းချမ်းရေးအတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ထောက်ပံ့လာတဲ့မဟာဗျုဟာ အခွင့်အရေးကြောင့်လို့ဆိုရင် မှားမယ်မထင်ဘူး။ ခုတော့ပြဿနာ တက်နေတဲ့ တရုတ်-အမေရိကန်ဆက်ဆံရေးကြောင့် နောင်ပေါ်ထွက်လာမယ့် နိုင်ငံတကာအစီစဉ်ကို ပုံဖော်ရာမှာနဲ့ အာရှအနာဂတ်အတွက် သိမ်မွေ့တဲ့ မေးခွန်းတွေ ပေါ်ထွက်လာနေပြီဖြစ်တယ်။ စင်ကာပူအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေဟာခုဖြစ်နေတဲ့ အခင်းအကျင်းအပေါ် အထူးစိုးရိမ်နေကြရပါတယ်။ ဘာလို့လဲဆိုရင် အဓိက ပါဝါရှိတဲ့ နိုင်ငံကြီးတွေကြားမှာ နေနေကြရတာရယ်၊ ကြားမညပ်ဖို့ ရှောင်ရတာရယ်၊ ဖိအားပေးတဲ့ရွေးချယ်မှုလုပ်ရမှာလည်း ကြောက်နေကြရပါတယ်။

အာရှရဲ့ ရှိရင်းစွဲ ပိုနေမြဲ၊ ကျားနေမြဲအခြေအနေတွေကတော့ ပြောင်းကိုပြောင်းလဲရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ်ဖြစ်လာမယ့် အခင်းအကျင်းအသစ်ဟာ ပိုလို့ အောင်မြင်နိုင်မလား၊ အန္တရာယ်ရှိတဲ့ မတည်ငြိမ်မှုတွေဆီ ခေါ်ဆောင်သွားလေမလားဆိုတာ တွေးစရာပါ။ ဒီလိုအခြေအနေတွေကို တစ်ချက်တည်းပြောရရင်အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပေါင်းသွားတဲ့ရွေးချယ်မှုလား၊ ခွဲထွက်သွားတဲ့ရွေးချယ်မှုလားဆိုတာအပေါ် မူတည်နေပါတယ်။ ဒီစူပါပါဝါ နှစ်နိုင်ငံဟာမတူညီမှုအပေါ်မှာ နားလည်လက်ခံပြီးသဘောတူညီလက်ခံသွားနိုင်တဲ့ အခြေအနေကို အဖြေထုတ်နိုင်ရင် တချို့သော နယ်ပယ်တွေမှာ ယှဉ်ပြိုင်ရင်းတခြားသူတွေ ပခုံးချင်းယှဉ်လာတာကို ခွင့်မပြုဘဲ အတူတကွနေထိုင်နိုင်တဲ့အဖြေကို ထုတ်ရမယ်ဖြစ်ပါတယ်။

အာရှ နိုင်ငံတွေဆိုတာကလည်း အမေရိကန်ဆိုရင် ဌာနေ အာဏာရှိသူအလား အမှတ်ထားပြီး ဒေသတွင်းရဲ့အဓိကကျတဲ့ အကျိုးစီးပွားတိုင်းမှာ ပါဝင်နေပါတယ်။ တစ်ပြိုင်နက်တည်းမှာတရုတ်နိုင်ငံကလည်း အိမ်ရှေ့တံခါးထိရောက်လာနေတဲ့ အရှိတရားတစ်ခုဖြစ်လာနေတယ်။ အာရှ နိုင်ငံတွေဆိုတာ ဒီအာဏာရှိတဲ့ စူပါပါဝါ နှစ်နိုင်ငံကြားမှာ အတင်းအဓမ္မ ရွေးချယ်မှု လုပ်ရမယ်ဆိုရင် မလုပ်ချင်ကြဘူး။ ဒီလို တရုတ်-အမေရိကန် နိုင်ငံကြီး တစ်ခုခုက အတင်းအဓမ္မရွေးချယ်ခိုင်းလာပြီဆိုရင်၊ အမေရိကန်ကလည်း တရုတ်တိုးတက်လာနေမှုကို ထိန်းဖို့ ကြိုးစားမယ်ဆိုရင်၊ တရုတ်ကလည်း သီးခြားလွှမ်းမိုးထားနိုင်တဲ့ အာဏာကို အာရှမှာထူထောင်လာနိုင်ရင်၊ နိုင်ငံတွေလည်းဆယ်စုနှစ်ပေါင်းများစွာ ကြာနိုင်တဲ့ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကိုသာရွေးချယ်လာပါလိမ့်မယ်၊ အချိန်အတော်ကြာကတည်းက ပြောလာတဲ့အာရှရာစုဆိုတာလည်း တစ်စစီဖြစ်သွားပါလိမ့်မယ်။

အမေရိကန်ရဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးဆိုတဲ့ (Pax Americana) ဟာ အာရှအတွက် နှစ်ဆယ်ရာစုမှာ နှစ်ပိုင်းခွဲ ရောက်လာပါတယ်။ ပထမတစ်ခုက ၁၉၄၅ မှ ၁၉၇၀ ကျော်ထိဖြစ်ပြီး၊စစ်အေးခေတ် အစောပိုင်း ဆယ်စုနှစ်တွေလို့ ဆိုရမှာပါ။ အဲအချိန်က အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဆိုဗီယက်ကို ယှဉ်ပြိုင်ရင်း သြဇာအာဏာထူထောင်နေကြချိန် ဖြစ်ပါတယ်။ တရုတ်ဟာ ဆိုဗီယက်နဲ့ပေါင်းပြီး ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲအတွင်းမှာအမေရိကန်ကို ဆန့်ကျင်နေခဲ့ပေမယ့်၊ အဲဒီအချိန်ကတည်းက သူ့နိုင်ငံ စီးပွားရေးဟာ ကိုယ့်ပြည်တွင်းကိုယ် အလေးထားဆောင်ရွက်နေတဲ့ မူနဲ့ သီးခြားနေထိုင်ခဲ့တာပါ။ တချိန်တည်းမှာ အာရှနိုင်ငံတချို့နဲ့ စီးပွားဆက်နွယ်မှုတွေကို ဆက်လက်ထိန်းထားခဲ့တာပါ။ ဒီအချိန်မှာအာရှ နိုင်ငံတွေထဲက တချို့ကတော့လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး (Free-Market Economies) အရှိန်ရလာနေချိန်လည်း ဖြစ်ပါတယ်။ ဂျပန်ကအစောဆုံးဖြစ်ပြီး၊ ဒီနောက်မှာ စက်မှုထွန်းသစ်စ စီးပွားရေး နိုင်ငံတွေဖြစ်တဲ့ ဟောင်ကောင်၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ ဆက်တိုက်တက်လာပါတယ်။

အာရှရဲ့ တည်ငြိမ်ရေး၊ ချမ်းသာရေးကို ဖြစ်နိုင်အောင် လုပ်ပေးလိုက်တာကအမေရိကန်ပဲ ဖြစ်ပါတယ်။ အမေရိကန်ဟာ ပွင့်လင်းပြီး ပေါင်းစည်းထားတဲ့၊ စည်းမျဉ်းအခြေခံတဲ့ ကမ္ဘာလုံးဆိုင်ရာအစီစဉ်ကို ခုခံကာကွယ်ခဲ့တယ်။ ဒေသတွင်းနိုင်ငံတွေ အတူပူးပေါင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်ပြိုင်နိုင်တဲ့ လုံခြုံရေးဆိုင်ရာထီးရိပ်ကိုလည်း အမေရိကန်က ပေးခဲ့တယ်။ အမေရိကန် ကော်ပိုရေးရှင်းကြီးတွေကလည်း အာရှမှာ ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံလာတယ်။ သူတို့နဲ့အတူ အရင်းအနှီးတွေ၊ နည်းပညာတွေ၊ စိတ်ကူး စိတ်သန်းတွေလည်း ပါလာတယ်။ အမေရိကန်က ဖရီး ထရိတ် (Free Trade) မြှင့်တင်ပေးရင်း၊ အမေရိကန်ဈေးကွက်တွေကိုလည်း ကမ္ဘာကို ဖွင့်ချပေးလိုက်တဲ့အတွက် အာရှရဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးဟာ ကြီးထွားတိုးတက်လာရတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းမှာ အရေးကြီးတဲ့ ဖြစ်ရပ်နှစ်ခုက အမေရိကန်ရဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးအကူအညီဆိုတဲ့ Pax Americana မှာအဆင့်သစ်တစ်ခုကို ပြောင်းလဲသွားစေခဲ့တယ်။ ၁၉၇၁ ခုနှစ်မှာ အမေရိကန်နိုင်ငံမှ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ကစ်ဆင်းဂျားဟာ တရုတ်ပြည်ကို တိတ်တဆိတ် သွားရောက်ခဲ့တယ်။ ဒီကနေတစ်ဆင့် ဆယ်စုနှစ်ပေါင်းများစွာ ရန်စောင်နေသူတွေဟာ အခြေခံသဘောတူညီမှု အုတ်မြစ်ချနိုင်ခဲ့တယ်။ ၁၉၇၈ ခုနှစ်မှာ တိန်ရှောင်ပင်းရဲ့ ပြုပြင်ရေးနဲ့ လမ်းဖွင့်ပေးတဲ့ အစီစဉ်ဟာ တရုတ်စီးပွားရေးကိုတက်သွားစေခဲ့ပါတယ်။ အဲဒီဆယ်စုနှစ်အဆုံးလောက်မှာပဲ စီးပွားရေး တံတိုင်းတွေလည်း ပြိုကျလာခဲ့ပြီး၊ နိုင်ငံတကာကုန်သွယ်ရေးတွေလည်း မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်။ ဗီယက်နမ်စစ်ပွဲအပြီး၊ ကမ္ဘောဒီးယား စစ်အပြီးမှာဗီယက်နမ်နဲ့ တခြားသော အင်ဒိုချိုင်းနားကျွန်းဆွယ်ပေါ်က နိုင်ငံတွေဟာ စီးပွားရေးတိုးတက်မှုနဲ့ ပတ်သက်ပြီး သူတို့ ရင်းမြစ်တွေ၊ စွမ်းအင်တွေကိုအာရုံစိုက်လာနိုင်သလို၊ သူတို့တွေဟာတခြားသော ကျန်အာရှနိုင်ငံတွေနဲ့ အမီလိုက်လာနိုင်ခဲ့တယ်။

အာရှ နိုင်ငံအများစုဟာ အမေရိကန်နဲ့တခြားသော ဖွံ့ဖြိုးပြီး နိုင်ငံတွေကို သူတို့တွေရဲ့ အဓိက စီးပွားရေးပါတနာအဖြစ် မြင်ကြတာက အတော်ကြာကတညး်က ဖြစ်တယ်။ ဒါပေမယ့် သူတို့တွေဟာလည်း တရုတ်ရဲ့ မြန်ဆန်တဲ့ တိုးတက်မှုကနေဖြစ်လာတဲ့ အခွင့်အလမ်းတွေကိုလည်း ခုချိန်မှာ ဖမ်းဆုပ်နေကြပြီဖြစ်တယ်။ တရုတ်နဲ့ ကုန်သွယ်ရေး၊ ခရီးသွားလာရေး လုပ်ငန်းတွေမှာတိုးတက်လာကြသလို၊ ဆပ်ပလိုင်းချိန်းလို့ခေါ်တဲ့ ကုန်စည်ထုတ်လုပ်မှု လုပ်ငန်းစဉ်ကိုလည်း နီးနီးကပ်ကပ်ပေါင်းစပ်လာကြတယ်။ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပဲ တရုတ်ဟာ ကျန်အာရှဒေသအတွက် စီးပွားရေးအရ အရေးမပါ အရာမရောက်တဲ့ အဆင့်ကနေဒေသတွင်းမှာ စီးပွားရေးအရ အကြီးမားဆုံး၊ အဓိကအကျဆုံး စီးပွားဖက်ဖြစ်လာနေပါတယ်။ အလားတူပဲ တရုတ်ရဲ့ ဒေသတွင်း လွှမ်းမိုးမှုဟာလည်းတက်လာခဲ့ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးဆိုင်ရာ ကူညီမှုတွေက ဆက်ရှိနေချိန်၊ တရုတ်ရဲ့ အခြေအမြစ်ကနေ စပြီးပြောင်းလဲမှုတွေပါတဲ့ အခန်းကဏ္ဍဟာရှိနေပြီးသားမူဘောင်ထဲမှာ ဖြစ်ပွားလာပါတယ်။ တရုတ်က သြဇာအာဏာရှိပြီးသား အမေရိကန်ကို စိန်ခေါ်မယ့် အခြေအနေမရှိခဲ့လို့၊ ကြိုးစားစိန်ခေါ်တာလည်း မလုပ်ခဲ့ပါဘူး။ တကယ်တော့ တရုတ်ဟာ အတွေးခေါ်ရေးရာလမ်းပြဖြစ်သူ တိန်းရှောင်ပင်းရဲ့ စကားဖြစ်တဲ့ ကိုယ့်အားကို ဝှက်ထား၊ အချိန်ကို စောင့်ဆိုတာကို လက်ခံကျင့်သုံးခဲ့တာပါ။

လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေ ခေတ်မီရေးကို ဦးစားပေးလုပ်ရင်း တစ်ချိန်တည်းမှာ စစ်ရေးအင်အားကို တည်ဆောက်ယူခဲ့တာပါ။

ရှေ့တောင်အာရှ နိုင်ငံတွေက တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးမှာ အကောင်းဆုံးထိန်းထားကြပါတယ်၊ တရုတ်နဲ့ စီးပွားရေးဆက်ဆံမှုတွေကို တည်ဆောက်ယူနေရင်း၊ အမေရိကန်နဲ့ တခြားသော ဖွံဖြိုးပြီးနိုင်ငံတွေနဲ့ ဆက်ဆံရေးကိုလည်း ခိုင်မာအောင် ဆက်ထိန်းထားတတ်ကြပါတယ်။ ဒီနိုင်ငံတွေဟာ တရုတ်၊ အမေရိကန် တစ်နိုင်ငံနဲ့တော့ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းပတ်သက်ထားပြီး ဒေသတွင်းပေါင်းစည်းမှုကို အမြစ်တွယ်စေတဲ့ အာဆီယံကို ပွင့်လင်းတဲ့ပုံစံနဲ့ အတူတည်ဆောက်လိုကြတယ်။ ၁၉၈၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းမှုအဖွဲ့ (APEC) ဖြစ်လာရာမှာ အာဆီယံဟာ အဓိကကျတဲ့ အခန်းကနေ ပါဝင်ခဲ့တယ်။

တရုတ်ဟာ ဒီဖြစ်စဉ်တိုင်းမှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ နှစ်တိုင်းလည်း တရုတ်ဝန်ကြီးချုပ်ဟာ အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဖို့ ဒီနိုင်ငံတွေကို သွားလေ့ရှိတယ်။ တရုတ်က ဒေသတွင်းအပေါ် ဘယ်သို့မြင်ကြောင်း ကောင်းကောင်းပြင်ဆင်ထားတာတွေကို ပြောပြတယ်။ အဖွဲ့ဝင်နိုင်ငံတွေကို တရုတ်နဲ့ပူးပေါင်းမှု မြှင့်တင်ဖို့ အလားလာအဆိုပြုချက်တွေကိုလည်း ချပြတတ်ပါတယ်။ တရုတ်ဟာ ဒေသတွင်းမှာသူ့အကျိုးစီးပွား တက်လာတဲ့အတွက် ကိုယ်ပိုင်ဟန်နဲ့ စတင်ဖောက်ထွက်လာတယ်။ ဒီလို စလုပ်တဲ့အထဲမှာ အထင်ရှားဆုံးနဲ့ အကြီးကျယ်ဆုံးကတော့ ခေတ်သစ် ပိုးလမ်းမစီမံကိန်း (BRI) နဲ့အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် တည်ထောင်တာတို့ပဲဖြစ်တယ်။ ဒီစီမံကိန်းတွေကတစ်ဆင့်တရုတ်ဟာ အိမ်နီးချင်းနိုင်ငံတွေကိုဆက်ဆံရေး ပိုမိုနက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်လာစေသလို၊ သူ့သြဇာလည်းပိုကြီး လာအောင် ထူထောင်တယ်။

ဒါပေမယ့် ဒီနေရာမှာ အာရှနိုင်ငံတွေရဲ့ ဒေသတွင်း ဖွဲ့စည်းပုံဟာ အပွင့်ဖြစ်နေတော့ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုဟာ သီးခြားကြီး ဖြစ်မနေပါဘူး။ ဒေသတွင်းမှာ အမေရိကန်ဟာ အရေးပါနေဆဲ ဖြစ်နေပါတယ်။ အကြောင်းကတော့ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေးကို အမေရိကန်က ထောက်ပံ့နေတာရယ်၊ စီးပွားရေး ထိတွေ့ပတ်သက်မှုကို တိုးတက်နေစေတာတို့ကြောင့် ဖြစ်ပါတယ်။ အာဆီယံ အနေနဲ့ကလည်း ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ တခြားသော နိုင်ငံများစွာနဲ့ တရားဝင်ဆွေးနွေးမှု ယန္တရားရှိပါတယ်။ အာဆီယံ အနေနဲ့ကလည်း ဒီလိုကွန်ရက်ဖွဲ့ ဆက်ဆံမှုတွေရှိနေတာက ပူးပေါင်းဆောင်ရွက်ရေးအတွက် အားကောင်းတဲ့ မူဘောင်ကိုဖြစ်စေမယ်၊ အဖွဲ့ဝင်တွေရဲ့အကျိုးစီးပွားကို နိုင်ငံတကာမှာ တိုးတက်စေမယ့်နေရာလည်း ရလာမယ်လို့ ယုံကြည်ထားကြပါတယ်။

ဆက်လက်ဖော်ပြပါမည်

Ref:foreign affair-july-2020

LEAVE A REPLY

Please enter your comment!
Please enter your name here