အန္တရာယ်ရှိလာတဲ့ အာရှရာစု

0
154
အန္တရာယ်ရှိလာတဲ့ အာရှရာစု

သက်ဆွေအေး ရေးသည်။

ယခင်အပတ်မှ အဆက်

အောက်ပါစာစုကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက Foreign Affair မဂ္ဂဇင်းတွင် ရေးသားထားသည့်အက်ဆေးမှ အချို့ကို ကောက်နုတ်ရေးသားခြင်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံဟာ အခြေခံကျတဲ့ ရွေးချယ်မှုတွေကို ကြုံလာနေရပါပြီ။ အမေရိကန်အနေနဲ့ တရုတ်တက်လာတာကို အလားလာရှိတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ ဆုံးဖြတ်ပြီး၊ ရနိုင်သမျှနည်းနာတွေသုံးပြီး ထိန်းမလား သို့တည်းမဟုတ် တရုတ်ကို ပါဝါတစ်ခုအနေနဲ့ လက်ခံနိုင်မလားဆိုတာ ဆုံးဖြတ်ဖို့ အချိန်တန်လာပါတယ်။ ဒုတိယ ပေါင်းစည်းရေးလမ်းကိုသာ အမေရိကန်ဘက်က
ရွေးချယ်မယ်ဆိုရင် တရုတ်နဲ့ ပူးပေါင်းတာတွေမြှင့်တင်ရမယ်၊ မထိခိုက်စေတဲ့ ယှဉ်ပြိုင်မှုတွေရှိမယ်၊ ဆက်ဆံရေးကို ထိပါးစေတဲ့ ယှဉ်ပြိုင်မှုကို ခွင့်မပြုတာ ဖြစ်ရပါမယ်။ စံနှုန်းအရပြောရရင်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ လက်အောက်၊ ကုလအောက်က ရှိနေတဲ့ စံနှုန်းတွေနဲ့ ယှဉ်ပြိုင်မှုတွေ ဆောင်ရွက်ကြရမှာပါ။

အမေရိကန်ဘက်က ညှိလုပ်ရမယ်ဆိုရင် ခါးသီးစရာတော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲခက်ခဲပါစေ လက်ရှိ နိိုင်ငံတကာစနစ်ရဲ့ စံတွေ၊ စည်းကမ်းတွေထဲကို တရုတ်ကိုထည့်ဖို့ အပြင်းထန် ကြိုးစားသင့်ပါတယ်။ ဒီလက်ရှိစနစ်ဆိုတာက လည်း နိုင်ငံအားလုံးအတွက် တာဝန်ခံရတာတွေရှိသလို၊ ကန့်သတ်ထားတာတွေလည်း ရှိပါတယ်။ နိုင်ငံတွေရဲ့ ပူးပေါင်းမှုနဲ့ ယှဉ်ပြိုင်မှုအတွက် ဘေးကင်းတဲ့ပတ်ဝန်းကျင် ဖန်တီးပေးထားသလို၊ ပြဿနာတွေကို ကူညီဖြေရှင်းပေးတာ၊ ယုံကြည်မှုခိုင်မာအောင် လုပ်ရတာတွေလည်း ရှိပါတယ်။ အမေရိကန်ဘက်က တရုတ်တိုးတက်လာတာကိုထိန်းသိမ်းရေးလမ်းကိုသာ ရွေးမယ်ဆိုရင် ရေရှည်ထိပ်တိုက် ရင်ဆိုင်နေရတော့မှာပါ။

အမေရိကန်စီးပွားရေးလုပ်ငန်းတွေအတွက် အာရှပစိဖိတ်ဒေသဟာ ဈေးကွက်ကြီးကြီးရှိနေခြင်း
အရေးကြီးတဲ့ ကုန်ထုတ်လုပ်ရေးအခြေခံတို့ ရှိနေခြင်းဟာ အရေးကြီးနေပါတယ်။ နောက် အံ့သြစရာမဟုတ်တဲ့ တစ်ချက်က အမေရိကန်ရဲ့ ခိုင်မာတဲ့ မဟာမိတ်အများစုဖြစ်တဲ့ သြစတေးလျ၊ တောင်ကိုရီးယား၊ ဂျပန်တို့ဟာ အာရှမှာပဲ ရှိနေပါတယ်။ ရေရှည်လက်တွဲလာခဲ့တဲ့ မိတ်ဖက်စင်ကာပူတို့ ဖြစ်ပါတယ်။ တရုတ်အတွက်ကလည်း အရေးပါတဲ့ စိတ်ဝင်စားစရာက အာရှမှာရှိပါတယ်။ အရှေ့တောင်အာရှဟာဆိုရင် စွမ်းအင်ရင်းမြစ်၊ ကုန်ကြမ်းရင်းမြစ်၊ စီးပွားရေးမိတ်ဖက်၊ ပင်လယ်ရေကြောင်းထွက်ပေါက် စတာတွေက တရုတ်အတွက် အဓိက စိတ်ဝင်စားစရာတွေပါ။ တရုတ်ရဲ့စွမ်းအင်ဆိုင်ရာ လုံခြုံရေးကို ကာကွယ်ဖို့အတွက် တောင်တရုတ်ပင်လယ်နဲ့ မလကာရေလက်ကြားကို ဖွင့်ထားရင် ပိတ်ဆို့မှုကို ထိန်းထားနိုင်တယ်လို့ တရုတ်ဘက်က မြင်ပါတယ်။ တရုတ်က အာရှပစိဖိတ်ကိုနီးနီးနားနားလေးက အိမ်နီးချင်းပေမယ့်၊ ဝေးနေတဲ့ ပြည်ပနယ်မြေတစ်ခုလို မြင်ပါတယ်။ ဒါကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုရှိပါတယ်။

အမေရိကန်ရဲ့ ပါဝါက အကျဘက်မဟုတ်ပါဘူး။ အချိန်မရွေး ပြန်လည်နာလန်ထလာနိုင်တဲ့ခြေအနေကို ပိုင်ဆိုင်ထားတာပါ။ တခြားဘက်ဖြစ်တဲ့ တရုတ်စီးပွားရေးဟာ အင်မတန်ကြီးကျယ်တဲ့အရှိန်နဲ့ တိုးတက်လာနေတဲ့ နောက်ဆုံးပေါ်နည်းပညာတွေ ပိုင်ဆိုင်ထားနေပြန်ပါတယ်။ စစ်အေးသာ ပြီးသွားသလို ဒီနှစ်နိုင်ငံရဲ့ ပြိုင်ပွဲက လက်စသတ်မယ် မထင်ပါဘူး။

တရုတ်ဘက်က စဉ်းစားသင့်တာက ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ မေဂျာပါဝါ ဖြစ်လာအောင်ဘယ်လိုနည်းတွေနဲ့ လုပ်ရနိုင်မလဲ ဆုံးဖြတ်ရပါမယ်။ နောက်ပြန်ဆုတ်တဲ့ စွန့်စားမှုကို ရယူသင့်ပါတယ်။ ဒီနည်းက တင်းမာမှုတချို့နဲ့ နောင်တတချို့တော့ ဖြစ်လာနိုင်စရာရှိပါတယ်။ ရေရှည်မှာတော့ တရုတ်ရဲ့ ရပ်တည်ချက်နဲ့ လွှမ်းမိုးနိုင်စွမ်းကိုထိခိုက်လာနိုင်စရာရှိပါတယ်။ တကယ့် အန္တရာယ်အခြေအနေလည်း ဖြစ်ပါတယ်။ ကနေဒါ၊ အမေရိကန်၊ အာရှ၊ ဥရောပနိုင်ငံတွေမှာ နေထိုင်သူတွေကို PEW က စစ်တမ်းကောက်ရာမှာ တရုတ်အပေါ်လိုလားတဲ့ အမြင်မျိုး မရခဲ့ပါဘူး။ ဒါပေမယ့်တရုတ်ဟာ ပြည်ပနိုင်ငံတွေမှာ ကွန်ဖြူးရှပ်စင်တာတွေကနေတစ်ဆင့် တရုတ်ရဲ့ ဆော့ပါဝါကို ထူထောင်ယူနေသလို၊ တရုတ်အစိုးရပိုင် နိုင်ငံတကာသတင်းစာနဲ့ ရုပ်မြင်သံကြားလိုင်းတွေကတစ်ဆင့်လည်း ထူထောင်နေပါတယ်။ ဒါပေမယ့် လားရာက အနုတ်ပြနေပါတယ်။

တရုတ်ဘက်ကလည်း တခြားပြောစရာရှိလာတာက ဆင်းရဲသွားစရာမရှိသလို၊ အားနည်းသွားမယ့် နိုင်ငံလည်း မဟုတ်တော့ဘူး၊ ကမ္ဘာကလည်းတရုတ်အပေါ် မျှော်လင့်တာတွေ ရှိလာနေပါတယ်။ တနေ့တခြားကြီး အင်အားကြီးလာနေတဲ့ တရုတ်ဟာ ကမ္ဘာလုံးဆိုင်ရာ စံတွေ၊ စည်းကမ်းတွေကိုလိုက်နာသင့်သလို၊ သူတို့ကို စည်ပင်စေတဲ့ ကမ္ဘာ့အစီစဉ်ကို ခေတ်မီအောင် လုပ်ရာမှာ၊ ထိန်းသိမ်းရာမှာ ပိုပြီးတာဝန်ယူလာသင့်ပါတယ်။ လက်ရှိကမ္ဘာ့အစီစဉ်ကလည်း တရုတ်အတွက် မသင့်တော်နေတဲ့အတွက် ဒီလို ကမ္ဘာ့အစီစဉ်ကိုတရုတ်ဟာ အမေရိကန်နဲ့ တခြားသော နိုင်ငံတွေနဲ့ ပေါင်းပြီး အဖြေရှာသင့်ပါတယ်။

ကမ္ဘာ့အစီစဉ်သစ် ဖန်တီးတယ်ဆိုတာ သိပ်ရိုးစင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အင်အားကြီးတဲ့ ပြည်တွင်းဖိအားတွေနဲ့ နှစ်နိုင်ငံလုံးရဲ့ နိုင်ငံခြားရေးမူဝါဒ ကန့်သတ်ချက်တွေလည်းရှိနေပြန်ပါတယ်။ ယခု ရွေးကောက်ပွဲမှာ နိုင်ငံခြားရေးဆိုင်ရာမူဝါဒက သိပ်စကားပြောမလာကြပါဘူး။ တရုတ်မှာလည်း ခေါင်းဆောင်ပိုင်းဟာ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုကို ထိန်းနေရပါတယ်။ ဒါကြောင့် နှစ်နိုင်ငံဟာ အမျိုးသား အကျိုးစီးပွားအပေါ် အခြေခံတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို မစီမံနိုင်ကြပါဘူး၊ နှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့ ရလဒ်အတွက်လည်း စိတ်ဆန္ဒရှိကြမယ် မထင်ပါဘူး။

တရုတ်နဲ့ အမေရိကန်တို့ရဲ့ မဟာဗျူဟာမြောက် ရွေးချယ်မှုဟာ နောင်ပေါ်ထွက်လာမယ့် ကမ္ဘာ့အစီစဉ်သစ်ကို ပုံဖော်တဲ့ ကောက်ကြောင်းတွေ ဖြစ်လာပါလိမ့်မယ်။ အင်အားကြီးပါဝါတွေဆိုတာ ယှဉ်ပြိုင်တတ်တာ သဘာဝပါပဲ။ ဆူပါပါဝါတွေ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စွမ်းဆောင်ရည်က နိုင်ငံတည်ဆောက်ရေးအတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်း၊ နျူကလီးယား မပြန့်ပွားရေး၊ ကူးစက်ရောဂါပျံ့ပွားမှုလို ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ရင် လူသားတွေ ဘယ်လိုတိုးတက်အောင်လုပ်နေကြသလဲဆိုတာ အပေါ်လည်း မူတည်နေပြန်ပါသေးတယ်။

ကိုဗစ်ရောဂါက နိုင်ငံတွေ ပူးပေါင်းဆောင်တာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ထင်ထင်ရှားရှား ပြသနေပါတယ်။ ဒီရောဂါက နိုင်ငံနယ်နိမိတ်တွေ မလေးစားပါဘူး။ ရောဂါကို ထိန်းချုပ်နိုင်ဖို့၊ ကမ္ဘာ့စီးပွားရေး ထိခိုက်မှုလျှော့ချနိုင်ရေးကလည်း နိုင်ငံတိုင်းရဲ့ ပူးပေါင်းပါဝင်မှုက အသည်းသန် လိုအပ်နေပါတယ်။ ကိုဗစ်ကိုတရုတ်နဲ့ အမေရိကန် အတူပူးပေါင်းအဖြေရှာကြရင် အတော်လေး စိန်ခေါ်မှုနည်းလာမှာပါ။ ဒါပေမယ့် ဒီကပ်ဘေးကြောင့် နှစ်နိုင်ငံ ယှဉ်ပြိုင်ရန်လိုမှုဟာ အရှိန်တက်လာနေပါတယ်။ တစ်ဦးကိုတစ်ဦး မယုံကြည်မှုတွေ ဖြစ်လာသလို၊ တစ်ကိုယ်တော်သမားတွေဖြစ်လာပြီး တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြပါတယ်။ ကိုဗစ်ကပ်ဘေးဟာ အမေရိကန် ရွေးကောက်ပွဲကိုလည်း အသေအချာ ထိခိုက်စေမှာပါ။

ဒီလို တရုတ်အမေရိကန် ဖြစ်နေကြချိန်မှာ အာရှနိုင်ငံတွေလည်း ဆောင်ရွက်စရာတွေက အများသား ဖြစ်လာနေပါတယ်။ တောင်တရုတ်ပင်လယ် စစ်အေး ဆန်ဆန် ဖြစ်နေတာ၊ အိန္ဒိယနယ်စပ်နဲ့ ဖြစ်နေတဲ့ တင်းမာမှု၊ တရုတ်ရဲ့ ရှေ့တိုးဆောင်ရွက်လာနေတဲ့ ပိုးလမ်းမစီမံကိန်းတွေ၊ ကိုဗစ်ကပ်ဘေး ကိုင်တွယ်ရတာတွေ၊ နိုင်ငံ့စီးပွားရေးကျဆင်းလာတာတွေ၊ နိုင်ငံသားတွေရဲ့စားဝတ်နေရေး ကူညီဖြေရှင်းပေးရတာတွေ၊ ဘေးကင်းလုံခြုံရာ ထီးရိပ်ခိုဖို့ ကြိုးစားရတာတွေနဲ့ ကိုင်တွယ်နေကြရတာတွေ အများကြီးပါ။ အာရှရာစုဆိုတဲ့ အာရှရဲ့ အောင်မြင်မှုဟာ တရုတ်-အမေရိကန် ထိပ်တိုက်တွေ့နေတဲ့ ကိစ္စနဲ့ ကိုဗစ်ကပ်ဘေးအပေါ် မူတည်နေပါတယ်။ ဒီနှစ်နိုင်ငံဟာ ယုံကြည်မှုတည်ဆောက်နိုင်မလား၊ တည်ငြိမ်ပြီး ဘေးကင်းငြိမ်းချမ်းတဲ့ နိုင်ငံတကာအစီစဉ်ကို ထိန်းသိမ်းထားရင် အပြုသဘောဆောင်တဲ့ အလုပ်တွေ လုပ်လာနိုင်ကြလေမလား။ ယခုအချက်တွေက အာရှရဲ့ လက်တွေ့ကျတဲ့ ပြဿနာတွေလည်းဖြစ်နေပါတော့တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here