အမတ်လောင်း ပြန်လည်ရွေးချယ်မခံရသော အမတ်များ ရင်ဖွင့်သံ

0
191

မုံရွာဂေဇက်

၂၀၂၀ ရွေးကောက်ပွဲအတွက် လက်ရှိအာဏာရပါတီ NLD မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းစာရင်းကို ဇူလိုင်၂၃ ရက်က ထုတ်ပြန်ခဲ့သည်။ ၎ငး်တို့ထဲမှ အမတ်လောင်းအဖြစ် ပြန်လည်ရွေးချယ်ခြင်းမခံခဲ့ရသော လက်ရှိ လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ ရင်ဖွင့်ပြောဆိုချက်ကို မုံရွာဂေဇက်မှ မေးမြန်းခဲ့ပါသည်။

ဦးဗိုလ်သိန်း (မော်လိုက်မဲဆန္ဒနယ်-၂)

ကျွန်တော်က မော်လိုက်မှာ လူထုထောက်ခံမှုအများဆုံး ဖြစ်ပါတယ်။ တိုင်းပါတီဥက္ကဋ္ဌဖြစ်တဲ့ ဝန်ကြီးချုပ်က သူထင်သလိုလုပ်တယ်လို့ ထင်ပါတယ်။ မေးခွန်း ၅၀ ကျော်မေးခဲ့တယ်၊ အဆိုကတော့ တင်သွင်းလည်း ဝန်ကြီးဌာနတွေက လုပ်မပေးလို့ မတင်ဖြစ်ပါဘူး။ ပြည်သူတွေနဲ့ ထိတွေ့မှု အားကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ NLD ပါတီက နှုက်ထွက်ပြီး ၂၀၂၀ မှာ ကျွန်တော့်မဲဆန္ဒနယ်ကနေ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်သွားမှာပါ။ မပါတဲ့ ကိုယ်စားလှယ် ၁၁ ယောက်ဆိုရင် ၃ ယောက်က ဆရာဝန်တွေပါ။ တော်ကြ၊ ထက်မြတ်ကြပါတယ်။ အဲလိုလူတွေ မပါကတည်းက မတရားမှုဆိုတာ ထင်ရှားပါတယ်။ ဝန်ကြီးချူပ်က သူနဲ့ တည့်ရင်တည့်သလို၊ မတည့်ရင်မတည့်သလို လုပ်နေတာတွေကို စစ်အာဏာရှင်စနစ်က ဗဟိုဦးစီးစနစ်လို့ ပြောကြတယ်။ အခု တိုင်းဦးစီးစနစ်ဖြစ်နေပါတယ်။ အမေစုရဲ့ ပါတီအလံအောက်မှာ နေချင်ပေမယ့်၊ အတူတူချင်းကို ကြီးတဲ့သူက ငယ်တဲ့သူတွေကို ထုတ်ပစ်တဲ့အတွက် ဒီမိုကရေစီမဆန်ဘူး။ ပါတီမူဘောင်တွေနဲ့လည်း မညီပါဘူး။ တိုင်းမှာ လက်ရှိအကြီးအကဲတွေကို အယုံအကြည်မရှိလို့ နုတ်ထွက်မှာပါ။

ဦးညီညီထွန်း (ကသာမဲဆန္ဒနယ်-၂)

ပါတီရဲ့ ဗဟိုကနေ ရွေးချယ်ဆုံးဖြတ်တဲ့အပေါ် ဘာမှတော့ မှတ်ချက်မပေးလိုပါဘူး။ အခုလက်ရှိအချိန်ထိ မေးခွန်း ၁၀ဝ ကျော်မေးခဲ့ပါတယ်။ အဆိုကို ထောက်ခံဆွေးနွေးတာတွေလည်းရှိတယ်။ ကျွန်တော်က အမှတ်-၂ မဲဆန္ဒနယ်ပေမယ့် မဲဆန္ဒနယ်-၁ က လွှတ်တော်ဥက္ကဋ္ဌဖြစ်သွားတဲ့အတွက် ဧရာဝတီမြစ်ရဲ့ဟိုဘက်ရော ဒီဘက်ရောက ပြည်သူတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့ပါတယ်။ လူထုတွေ့ဆုံမှုတွေလည်း အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ မြို့ပေါ် ၁၀ ရက်ကွက်နဲ့ ကျေးရွာ အုပ်စုပေါင်း ၃၂ စုကို တစ်ရွာကို အနည်းဆုံး ၁ ကြိမ်၊၂ ကြိမ်ကနေ အကြိမ်ကြိမ်သွားခဲ့ပါတယ်။ ကိုယ်စားလှယ်မရွေးချယ်ပေမယ့် တက်လာတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဝန်းရံပြီးတော့ စည်းရုံးပေးမှာပါ။ ပါတီကကောင်းမယ်ထင်လို့ ဆုံးဖြတ်ထားတာလေ။ ပြည်သူတွေတော့ စိတ်မကောင်း၊ ဝမ်းနည်းတာတွေရှိတယ်။ ဗဟိုက ရွေးချယ်တဲ့လူတွေကိုလည်း သဘောမတွေ့တာလည်း ကြားရတယ်။ ပြည်သူတွေနဲ့ထပ်တူ ကျွန်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းထက် နောက်တက်လာမယ့်သူက အလုပ်လုပ်ဖို့ပဲ လိုတာပါ။

ဦးကျော်ဆန်း (မင်းကင်းမဲဆန္ဒနယ်-၂)

ကျွန်တော့်ကို မရွေးချယ်တာ အကြောင်းအမျိုးမျိုးရှိမှာပါ။ တချို့ဆို ပြဿနာလေးတွေရှိလို့၊ ပါတီကို အတိုင်ခံရလို့ မပါတာလည်း ရှိတယ်။ ကျွန်တော်တော့ အဲ့ထဲမှာမပါပါဘူး။ လွှတ်တော်မှာ မေးခွန်း ၂၀ ကျော်နဲ့ အဆို ၃ ခုတင်ခဲ့ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေနဲ့က ကျွန်တော်က ထိတွေ့မှု နည်းတယ်။ လွှတ်တော်မှာ စက်မှုလက်မှု၊ လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ တာဝန်ယူရတာဆိုတော့ နယ်လှည့်ရတာ များတယ်။ အဲဒါကြောင့် ပြည်သူနဲ့ ထိတွေ့မှုနည်းတယ်။ မင်းကင်းမှာ လမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ သွားစစ်ရတာလည်းရှိတော့ ပြည်သူနဲ့သိပ်မထိတွေ့ရဘူး။ ပါတီရုံးကို မရောက်ဖူးဆိုတာတွေ ဖြစ်တယ်။ ပါတီပေါ်မှာဆက်ပြီး သစ္စာစောင့် သွားမှာပါ။ ကိုယ်မပါလို့ ကိုယ့်စိတ်ကြိုက်မဖြစ်ဖူးဆိုတာတော့ မပြောအပ်ပါဘူး။ အချိန်အခါတွေ အများကြီးရှိပါသေးတယ်။

ဒေါ်စုမြတ်ထက် (စစ်ကိုင်းမဲဆန္ဒနယ်-၁)

ဒီတာဝန်ကို မပေးသင့်လို့လို့ ယူဆတယ်။ ကျွန်မတို့ကို ဒီပါတီဝင်ပဲ လုပ်စေချင်လို့ နေမှာပါ။ လွှတ်တော်မှာ မေးခွန်းအဆိုတင်သွင်းမှုက တတိယပါ။ ကိန်းဂဏန်း တိတိကျကျတောင် မမှတ်မိဘူး။ ကျွန်မတို့ရဲ့ မဲဆန္ဒနယ်မှာ ကွင်းဆင်းပါတယ်။ ပါတီဘက်ကနေ အောင်နိုင်ရေးအတွက် လုပ်ပေးသွားမှာပါ။ ပါတီအတွက်၊ ပါတီအောင်နိုင်ရေးအတွက်ပဲ ဝိုင်းဝန်းကူညီသွားမှာပါ။

ဒေါက်တာသိန်းနိုင် (ဆားလင်းကြီးမဲဆန္ဒနယ်-၁)

ပါတီကနေ အသင့်တော်ဆုံးလူကို ရွေးတယ်လို့ပဲ ယူဆတယ်။ လွှတ်တော်မှာ မေးခွန်းတင်ထားတော့ ဝန်ကြီးရဲ့အဖြေကို မေးကြည့်တယ်။ ဒါတွေ ဖြေမယ်ဆို ပြည်သူတွေအနေနဲ့ အဆင်မပြေဘူး။ တချို့ဟာတွေက လွှတ်တော်မတင်ဘဲအောက်ခြေမှာပဲ ဖြေရှင်းလိုက်တယ်။ အဓိကတော့ အစိုးရတစ်ရပ်နဲ့ ပြည်သူနဲ့ မပြေလည်ရင် နိုင်ငံတော်ပဲ သိက္ခာကျမှာ။ လက်ပံတောင်းဆိုတော့ အရေးကြီးတော့ ဒီအဖြေဆိုရင်တော့ မဖြေပါနဲ့တော့လို့ ပြောရတယ်။ နောက်တခုက လက်ပံတောင်းကို ဝန်ကြီးချုပ်က Final decision maker ဆိုတော့ ဘယ်တော့ကွင်းဆင်းမလဲ မေးတယ်။ အဲဒါကို လွှတ်တော်ဥက္ကဋ္ဌကလည်း အမေးမခံဘူး။ ပြည်သူဆိုတာ မျှော်တာပေါ့။ တခါမှမလာဘူး။ လက်ပံတောင်းက ဒေသခံပြည်သူတွေနဲ့ ဘယ်နှခါတွေ့ဖူးလဲ။ ကျွန်တော်တို့ ကိုယ်စားလှယ်ရဲ့ အလုပ်ဖြစ်တဲ့ အစိုးရနဲ့ ပြည်သူကြားညှိနှိုင်းပေါင်းစပ်ပေးမယ်။ လွှတ်တော်ထဲရောက်သွားလည်း ဒီမေးခွန်းတွေကို ပယ်တယ်ဆိုတာတော့မကောင်းဘူး။ လွှတ်တော်ဆိုတာ အစိုးရကို ထိန်းညှိရမယ်လေ။ ပြည်သူနဲ့ ဝန်ကြီးနဲ့ကြား ထိန်းညှိပေးရတာရှိတယ်။ကျွန်တော်က အစောကတည်းက ပါတီစွဲမရှိဘူး။ ခေါင်းဆောင်ကို ထဲထဲဝင်ဝင်ကူညီချင်လို့ ဝင်တာပါ။ ပြည်သူကိုပဲစွဲတဲ့အတွက် ပါတီကနေနှုတ်ထွက်လိုက်ပါတယ်။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဖို့ နည်းနည်းစိတ်ကူးထားတာရှိတယ်။

ဒေါက်တာကျော်သူဟန်ထွန်း (ကန့်ဘလူမဲဆန္ဒနယ်-၂)

ပါတီရဲ့ ဆုံးဖြတ်ချက်ကို ဘာမှပြောစရာမရှိပါဘူး။ ဥပဒေကြမ်းတင်သွင်းမှု ၇ ခု၊ အဆို ၂ ခု၊ မေးခွန်း ၆၇ ခုတို့ကို တင်သွင်းမေးမြန်းခဲ့ပါတယ်။ လောလောဆယ်တော့ ဘာမှမဆုံးဖြတ်ရသေးပါဘူး။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တာဝန်လည်း ယူထားရတုန်းဆိုတော့ ဘာမှတော့ဆုံးဖြတ်ချက် မချရသေးပါဘူး။

ဒေါ်ခင်မျိုးချစ် (ကန့်ဘလူမဲဆန္ဒနယ်-၂)

ကျွန်မမှာ လိုအပ်ချက်တွေရှိနေတဲ့အတွက် ပါတီက ပြန်မရွေးချယ်တာဖြစ်မှာပါ။လွှတ်တော်မှာ မေးခွန်းကတော့ အနည်းဆုံး ၄၀ ကျော်ရှိပြီး အဆိုကိုထောက်ခံဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။ ကိုယ့်ရဲ့မဲဆန္ဒရှင် ပြည်သူတွေနဲ့လည်း အမြဲထိတွေ့ပါတယ်။ ပါတီကပေးတဲ့ တာဝန်ကို ထမ်းဆောင်သွားမှာပါ။ ပါတီမှာလည်း အမျိုးသမီး လုပ်ငန်းကော်မတီဥက္ကဋ္ဌဆိုတော့ ဒီတာဝန်တွေကိုပဲ ပြန်လည်ထမ်းဆောင်သွားမှာပါ။ ကျွန်မတို့အတွက် ပါတီကပဲ အရေးကြီးတဲ့အတွက် ပါတီရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here