အမျိုးသားစာပေဆုရ လူငယ်စာရေးဆရာ ဉာဏ်ဝေနှင့် တွေ့ဆုံခြင်း

0
186

အိအိဖြိုး မေးသည်။

နာဂဒေသ လဟယ်မြို့နယ်မှာ တာဝန်ကျခဲ့တဲ့ အထက်တန်းပြကျောင်း ဦးတင့်ထွန်းနိုင်က သူတာဝန်ကျခဲ့တဲ့အချိန်က ကိုယ်တိုင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဉာဏ်ဝေ (မြစ်သာမြေ) ဆိုတဲ့ ကလောင်နာမည်နဲ့ “နှင်းတောင်တန်းက ပန်းဥယျာဉ်” ဆိုပြီး စာအုပ်တစ်အုပ်ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု (စာပေပဒေသာ)ဆု ရခဲ့ပါတယ်။ ဒီစာအုပ်ရေးဖြစ်ခဲ့ပုံအကြောင်းကို မုံရွာဂေဇက်က မေးမြန်းခဲ့ပါတယ်။

MGZ – ပထမဆုံး ဆရာဒီစာအုပ်လေး ရေးဖြစ်ခဲ့ပုံလေးပြောပြပါ။

UNW – ကျွန်တော် B.Ed ကျောင်းဆင်းပြီး အသက် ၂၁ နှစ်မှာ နာဂဒေသကို အထက်တန်းပြရာထူးနဲ့ တာဝန်ကျတော့ အဲဒီဒေသက လူမှုစီးပွား၊ လမ်းပမ်းအခြေအနေ၊ လူမှုစီးပွားစသည်ဖြင့် ကိုယ်တိုင်တွေ့မြင်ခဲ့တယ်။ ဓလေ့ရိုးရာပွဲတွေကို ကိုယ်တိုင်သိခဲ့ရတော့ ဒီအကြောင်းတွေကို စာရေးဖို့ စိတ်ဖြစ်ခဲ့တယ်။ နာဂမှာ တာဝန်စကျတဲ့ ၂၀၁၅ မှ အကြမ်းရေးခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ အပြီးစီးထုတ်ဝေနိုင်ခဲ့တယ်။

MGZ – ဒီစာအုပ်ထဲမှာ အဓိက ဘာအကြောင်းအရာတွေပါလဲရှင့်။

UNW – နာဂတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုတွေကို စာဖတ်သူတွေကို သိစေချင်တာရယ်။ နာဂဒေသမှာ တာဝန်ကျတဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ဘဝကို သိစေချင်တာရယ် ရည်ရွယ်ပြီး ရေးဖြစ်ခဲ့တာပါ။ လှုမှုစီးပွားအခြေအနေအတော်လေးနိမ့်ကျတာရယ်။ အဲဒီဒေသမှာ ကြုံတွေ့ရတဲ့ ပညာရေးကျန်းမာရေးအခြေအနေတွေကို အဓိကဦးစားပေးပြီး ရေးထားတာပါ။

MGZ – နာဂဒေသမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဘာအခက်အခဲတွေ ကြုံရလဲ။

UNW – နာဂဒေသကို တာဝန်ကျရင် တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေက တာဝန်ကျတဲ့ရွာသွားဖို့အတွက် လမ်းခရီးကိုက ခက်ခက်ခဲခဲသွားရတယ်။ မိုးတွင်းဆိုတော်တော်အခြေအနေဆိုးတယ်။ ကျွန်တော်ကျတဲ့နေရာထက် ပိုပြီးခက်ခဲတဲ့ စာရာမေရိတောင်ဘက်ထိ သွားရတဲ့ ဆရာမလေးတွေ၊ အဲဒီဒေသမှာ မီးဖွားရတဲ့ဆရာမလေးတွေရော ကျန်းမာရေး၊ လုံခြုံရေးတွေကို မြင်တွေ့ခဲ့ရတယ်။ တချို့ဆို ဆေးရုံဆေးခန်းရှိရင်တောင် သွားပြရကောင်းမှန်းမသိကြဘူး။ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း အခက်အခဲရှိတယ်။ နိုင်ငံတော်လက်လှမ်းမမှီတဲ့ ရွာလေးတွေလည်း ရှိနေတယ်။ ပညာသင်ကြားရေးထက် ဝမ်းရေးကို ပိုအားသာတော့ တော်တော်ကိုပညာရေးဘက်ပါအောင် ဆွဲခေါ်ရတယ်။

MGZ – အခုဆို စာအုပ်ဘယ်နှစ်အုပ် ထုတ်ဝေပြီးပြီလဲရှင့်။

UNW – ဝါသနာပါလွန်းလို့ ငယ်ငယ်ကတည်းက မဂ္ဂဇင်းတွေမှာ စာလေး၊ ကဗျာလေးတွေ ရေးတယ်။ အခု နှင်းတောင်တန်းက ပန်းဥယျာဉ်ဆိုတဲ့စာအုပ်က ကျွန်တော့်ဘဝမှာ ပထမဆုံးရေးခဲ့တဲ့စာအုပ်ပါ။

MGZ – ဘာကြောင့် ဒီစာပေပဒေသာဆုရတယ်လို့ ထင်လဲရှင့်။

UNW – ဒီစာအုပ်ဆုရတာတော့ မြန်မာပြည်မှာ ရိုးရာပွဲကျင်းပချိန်မှာပဲ တိုင်းရင်းသားတွေအကြောင်းကို သိကြတယ်။ သွားရေးလာရေးခက်ခဲတော့ တကယ့်ကို ထဲထဲဝင်ဝင် သိပ်မသိကြဘူး။ အဲဒီအကြောင်းအရာကို ကိုယ်တွေ့ဖြစ်ရပ်တွေတင်ပြတယ်။ နာဂဒေသရဲ့ လူမှုစီးပွားဘဝကို အကျိုးပြုနိုင်မယ်ထင်တယ်။ ကျွန်တော် အရိုးရှင်းဆုံးရေးထားတာဖြစ်တဲ့အတွက် ရိုးသားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ရတာလို့ထင်ပါတယ်။

MGZ – ဘာများဖြည့်စွက်ပြောချင်ပါသေးလဲရှင့်။

UNW – ကျွန်တော့် စာအုပ်ကိုဖတ်ပြီး နာဂဒေသကို လာရောက်လည်ပတ်သူများမယ်၊ ကျွန်တော့်ရဲ့ဘဝတူ ရဲဘော်ရဲဘက်တွေ စာအုပ်ကိုဖတ်ပြီး စိတ်ဓာတ်ခွန်အားရသွားမယ်ဆိုရင် ကျေနပ်ပါတယ်။

MGZ – ကျေးဇူးတင်ပါတယ်ရှင့်။