အလုပ်ခွင်ထဲက ခွဲခြားခံရမှု

0
79

ကျော်လတ် ရေးသည်။

မဇ္ဈိမဒေသက ဂျပါတီတို့၊ ပူရီတို့၊ ဒန်ပေါက်တို့ကို အရသာခံနေကြတာ တော်တော်ကြာခဲ့ပြီ။ အမေရိကန်အစားအသောက်တွေဘက် လှည့်ကြပါဦးစို့။ အနောက်က ရုပ်ရှင်တွေကို ကိုယ့်အကြိုက်နဲ့ မကိုက်လှတော့ ခံတွင်းမတွေ့လှဘူး။ သူတို့ဟာက အဆန်းတကြယ်တွေ တယ်များသကိုး။ သိပ္ပံဆန်းကြယ်တွေ၊ သိပ္ပံလွန်တွေ၊ ကမ္ဘာပျက်တာတွေ၊ ဘာတွေညာတွေများတာဆိုတော့ သူတို့ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ဂြိုဟ်သားလို့တောင် ထင်ထင်လာတယ်။ ဇာတ်ကွက်ဆန်းကြယ်မှုတွေ ဦးစားပေးတာဆိုတော့ ကိုယ်လိုချင်တဲ့ ရသပိုင်းမှာ စိတ်တိုင်းမကျလှဘူး။ ဒါပေမဲ့ ငြိလောက်အောင်ကောင်းပြီဆိုရင်လည်း စားမြုံ့ပြန်လို့ မဆုံးတော့ဘူးရယ်။ အနောက်က ဇာတ်ကားကောင်းရှာရတာလည်း ကျောက်ရှာရသလိုပါပဲ။

ညွှန်းချင်တဲ့ဇာတ်ကားက မင်းသားကြီး တွမ်ဟန်နဲ့ ဒန်ဇယ်ဝါရှင်တန်တို့ အတူသရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ။ နာမည်က Philadelphia ဖြစ်ပါတယ်။ ဘာကြောင့်ညွှန်းရသလဲဆိုတော့ တကယ့်ဂရိတ်မင်းသားကြီးနှစ်လက်ရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်စေချင်လို့ပါ။ တွမ်ဟန့်ကလည်း သရုပ်ဆောင်ပညာမှာ မှော်အောင်တဲ့သူ။ ဒန်ဇယ်ဝါရှင်တန်ကလည်း ဆရာကြီး။ ပြီးတော့မင်းသားကြီးတွမ်ဟန့်ဟာ ဒီဇာတ်ကားနဲ့ပဲ ၆၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ရပါတယ်။

ဒီဇာတ်ကားရဲ့ထူးခြားမှုကတော့ အေအိုင်ဒီအက်စ်ရောဂါ၊ လိင်တူစွဲလမ်းမှုရောဂါနဲ့ လိင်တူချစ်သူတွေကို ကြောက်ရွံ့မှုတွေအကြောင်း ရိုက်ကူးခဲ့တဲ့ ပထမဆုံးဟောလိဝုဒ်ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်ကားထွက်တာက ကြာပါပြီ။ မကြည့်ရသေးတဲ့သူတွေအတွက် ကြည့်ဖြစ်အောင်ညွှန်းချင်တဲ့သဘောပါ။ ၁၉၉၃ ကထွက်ခဲ့တဲ့ ဇာတ်ကားပါ။ အနုပညာစစ်ဆိုတာ အချိန်ဆိုတဲ့မှတ်ကျောက်နဲ့ တိုက်စားခြင်းကို ခံနိုင်ရပါတယ်တဲ့။ Old but gold ပေါ့ဗျာ။

(၁)

ဖီလာဒယ်ဖီးယားမြို့က နာမည်ကြီးရှေ့နေလုပ်ငန်းမှာ အန်ဒရူးဘက်ကက်တစ်ယောက် စီနီယာရှေ့နေအဖြစ် အလုပ်လုပ်ပါတယ်။ သူဟာ လိင်တူချစ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကိုအလုပ်ခွင်မှာ အခြားသူတွေမသိအောင် ဖုံးကွယ်ထားပါတယ်။ ပြီးတော့ သူ့မှာ အေအိုင်ဒီအက်စ်ရောဂါရနေတာကိုလည်း ဖုံးကွယ်ထားပါတယ်။ သူဟာ အလုပ်ကြိုးစားတဲ့ ရှေ့နေကောင်းတစ်ယောက်ပါ။ ကုမ္ပဏီကလည်း သူ့ကို အမှုကြီးတွေမှာတောင် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးပါတယ်။ ဒါပေမဲ့ အေအိုင်ဒီအက်စ်ရောဂါ ခံစားနေရတဲ့အတွက် ပုံမှန်ကုသမှုတွေကိုတော့ မပြတ်လုပ်နေရပါတယ်။ ရောဂါက အဆိုးကြီးတော့ မဟုတ်သေးဘူးပေါ့။ ရောဂါဆိုးလာတဲ့သူတွေကို သူ ဆေးသွားကုတဲ့အခါ မြင်နေရတယ်။ တချို့ဆို အရိုးပေါ်အရေတင်ပိန်ချုံးနေတယ်။ တချို့က မျက်နှာပါမကျန် တစ်ကိုယ်လုံး အနာတွေပေါက်နေကြပြီ။

ဒီအခြေအနေကို အန်ဒရူးဘက်ကက် ကြာကြာမဖုံးနိုင်ပါဘူး။ ရောဂါက ဆိုးဆိုးလာပါတယ်။ သူ့နဖူးမှာ အနာသေးသေးလေး စပေါ်လာတယ်။ အထက်လူကြီးတစ်ယောက် သတိထားမိလို့ မေးတော့ ဘောလုံးရက်ကက်နဲ့ ရိုက်မိလို့ ဖြစ်တဲ့ဒဏ်ရာပါလို့ ဖုံးကွယ်လိုက်ပါတယ်။ ရက်နည်းနည်းကြာလာတော့ ပါးတွေမှာပါ အနာတွေထွက်လာပြီ။ ဒါကိုဖုံးကွယ်ဖို့ မိတ်ကပ်တွေသုံးရတယ်။ ဒါပေမဲ့ အေအိုင်ဒီအက်စ်ကြောင့် ဝမ်းတွေပါ အပြင်းအထန်လျှောလာလို့ ဆေးရုံတင်လိုက်ရတယ်။ အဲဒီအချိန်မှာ သူဟာ အိမ်ကနေပဲ အလုပ်လုပ်နေလို့ အဆင်ပြေနေသေးတယ်။

သူကသာ မသိသေးဘူးထင်တာ။ ကုမ္ပဏီကလူကြီးတွေက ရိပ်မိနေပြီ။ သူ့ကို အလုပ်ထုတ်ပစ်ဖို့အကြံအဖန်လုပ်တော့တယ်။ အမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို အန်ဒရူးက အိမ်ကနေသေချာပြင်ဆင်ပြီး ရုံးကို ပို့ထားတယ်။ ဒါကို သူတို့က ဖျောက်ပစ်တယ်။ သူ့ကွန်ပျူတာထဲက ဖိုင်တွေကိုပါ ဖျက်ပစ်ထားတယ်။ ပြီးတော့ “အလုပ်ပေါ့ဆတယ်။ စွမ်းဆောင်ရည်ကို သဘောမကျဘူး”ဆိုပြီး သူ့ကို အလုပ်က ထုတ်ပစ်လိုက်တယ်။ တကယ်တော့ သူ့မှာ အေအိုင်ဒီအက်စ်ရှိလို့ ထုတ်ပစ်လိုက်တာပါပဲ။ ပြီးတော့ သူ့ရဲ့ လိင်တူစွဲလမ်းမှုကို မနှစ်ခြိုက်လို့ ထုတ်ပစ်တဲ့သဘောပါပဲ။ ရှေ့နေကုမ္ပဏီကြီးဆိုတော့ ဒါတွေကို အကြောင်းပြပြီးထုတ်လို့မဖြစ်တော့ အလုပ်ပေါ့ဆတယ်ဆိုပြီးအကွက်ဆင်ညစ်ပတ် ထုတ်ပစ်လိုက်တဲ့သဘောပါပဲ။ ဒါဟာ အလုပ်ခွင်အတွင်းက ခွဲခြားဆက်ဆံခံရခြင်းပါပဲ။

(၂)

အန်ဒရူးဘက်ကက်ဟာ ရှေ့နေပဲ။ ဘယ်မှာငြိမ်နေပါ့မလဲ။ သူ မတရားခံရတာကို မကျေနပ်လို့တရားစွဲဖို့ ကြိုးစားပါတယ်။ သူ့ကို အလုပ်ထုတ်လိုက်တဲ့ ကုမ္ပဏီက ဖီလားဒယ်ဖီးယားရဲ့ ဒိတ်ဒိတ်ကြဲ ရှေ့နေအကျိုးဆောင်တွေပေါ့။ သူရင်ဆိုင်ရမှာက တကယ့်အင်အားကြီးတွေပေါ့။ သူ့အမှုအတွက် ရှေ့နေငှားတာ ဘယ်သူမှမလိုက်ကြဘူး။ မလိုက်ရဲကြဘူး။ ရှေ့နေ ၉ ယောက်ရဲ့ ငြင်းပယ်မှုကို ခံရပြီး နောက်ဆုံးတော့ တရားခွင်တစ်ခုမှာ သူနဲ့ပြိုင်ခဲ့ကြဖူးတဲ့ ဂျိုးဇက်မီလ္လာ ဆိုတဲ့ ရှေ့နေဆီကို ရောက်သွားတယ်။

ဂျိုးဇက်မီလာလည်း သူ့အမှုသွားအမှုလာကို နားထောင်ပြီးတဲ့နောက် ဒါဟာ အမှုမဟုတ်ဘူးဆိုပြီး လက်မခံဘဲ ငြင်းလိုက်ပါတယ်။ ပြောရရင်တော့ သူလည်း အေအိုင်ဒီအက်စ်ရောဂါကိုကြောက်ပါတယ်။ လိင်တူချစ်သူတွေကိုလည်း သူသဘောမကျပါဘူး။ ပြီးတော့ အေအိုင်ဒီအက်စ်ရောဂါအကြောင်း အဲဒီအချိန်က လူတွေသိပ်မသိသေးတော့ နှုတ်ဆက်ရုံ၊ ပွေ့ဖက်ရုံနဲ့ ကူးစက်နိုင်တယ်လို့ထင်ပြီး ကြောက်ကြတာကိုး။ သူဆိုအန်ဒရူးဘက်ကက်ကို လက်ဆွဲနှုတ်ဆက်မိတဲ့အတွက် ဆရာဝန်တစ်ယောက်ဆီသွားပြီး ဆွေးနွေးအကြံဉာဏ်တောင်းသေးတာ။ ဒီလိုနည်းနဲ့ မကူးနိုင်ဘူးပြောတဲ့ ဆရာဝန်စကားကိုတောင် သူကသိပ်မယုံသေးဘူးရယ်။

၂ ပတ်လောက်အကြာ အန်ဒရူးနဲ့ ဂျိုးဇက်မီလာတို့ စာကြည့်တိုက်တစ်ခုမှာ ပြန်ဆုံကြပါတယ်။ စာကြည့်တိုက်မှာ အန်ဒရူးကို အေအိုင်ဒီအက်စ်ရှိမှန်းသိသွားတဲ့ စာကြည့်တိုက်မှူးက အများနဲ့မရောနှောဘဲ သီးသန့်အခန်းတစ်ခုမှာနေခိုင်းပါတယ်။ အန်ဒရူးက လက်မခံပါဘူး။ အငြင်းအခုန်ဖြစ်ကြပါတယ်။ ဒါကိုမြင်တဲ့ ဂျိုးဇက်မီလာက ခွဲခြားဆက်ဆံခံရမှုကို ကိုယ်ချင်းစာပြီး အန်ဒရူးဘက်ကနေ အကူအညီပေးပါတယ်။ သူတို့နှစ်ယောက် အမှုအကြောင်း စကားတွေပြော ဆွေးနွေးကြတယ်။ အန်ဒရူးကို နားလည်စာနာသွားပြီး ဂျိုးဇက်မီလာက အမှုကို လက်ခံလိုက်ပါတယ်။

အမေရိကားမှာလည်း အဲဒီအချိန်တုန်းက အေအိုင်ဒီအက်စ်ရောဂါသည်တွေကို တော်တော်လေး ခွဲခြားဆက်ဆံကြတယ်။ ဒါကို ဥပဒေနဲ့ထုတ် တားမြစ်ထားရတယ်။ အဲဒီဥပဒေက ၁၉၇၃ ခုနှစ် အလုပ်သမား ပြန်လည်သန်စွမ်းရေးဥပဒေတဲ့။ တစ်ခုခုချို့ယွင်းနေပေမယ့် သက်ဆိုင်ရာအလုပ်ကိုကောင်းမွန်စွာလုပ်နိုင်သောသူကို ခွဲခြားဆက်ဆံခြင်းမခံရအောင် အကာအကွယ်ပေးပါတယ်။ အေအိုင်ဒီအက်စ်ရောဂါဟာလည်း ဒီဥပဒေနဲ့အကျုံးဝင်ပါတယ်။ ဒီရောဂါဟာ တစ်ခုခုချို့ယွင်းနေလို့မဟုတ်ဘဲ ပတ်ဝန်းကျင်က ဝိုင်းကျဉ်မှုကြောင့် ချို့ယွင်းနေသူလို ဖြစ်သွားရတာပါတဲ့။ ပြီးတော့ ခွဲခြားဆက်ဆံခံရခြင်းရဲ့ အနှစ်သာရက လူတစ်ဦးတစ်ယောက်ကို သူရဲ့ စွမ်းဆောင်ရည်မဟုတ်ဘဲ သူ့ရဲ့ထူးခြားချက်အပေါ် လွဲမှားစွာ စွပ်စွဲခြင်းဖြစ်ပါတယ်တဲ့။ ဆိုလိုတာက ဒီမိုကရေစီဘိုးအေကြီးဖြစ်တဲ့ အမေရိကားမှာတောင် လူတွေဟာ သူတို့နဲ့မတူတော့တာနဲ့ ခွဲခြားဆက်ဆံခဲ့ကြတာပါပဲ။ ဒါကို သူတို့တွေ ကျော်လွှားဖြတ်ကျော်ခဲ့ကြရတာပါပဲ။ မတူကွဲပြားမှုကို သူတို့လည်း လက်ခံနိုင်အောင် ကြိုးစားခဲ့ကြရတာပါပဲ။ ကျွန်တော်တို့ဆီဆို မတူကွဲပြားမှုကို လက်ခံနိုင်အောင် အတော်ကြိုးစားကြရဦးမယ်ထင်တယ်။

ကိုင်း သူတို့နှစ်ယောက်တော့ မြင်းမိုရ်တောင်ကို ဆီးစေ့နဲ့ပေါက်ကြပြီပေါ့။ တကယ့်ဟဲဗီး ထိပ်သီးရှေ့နေကြီးတွေနဲ့ တရားခွင်မှာ ရင်ဆိုင်ပြိုင်ကြရတော့မယ်။ သူတို့သက်သေပြရမှာက ကုမ္ပဏီကြီးက အန်ဒရူး အေအိုင်ဒီအက်စ်ရှိလို့ ထုတ်ချင်တာကို သူ့ရဲ့ အလုပ်အကိုင်စွမ်းရည်ညံ့လို့ဆိုပြီး အလုပ်ထုတ်ပစ်လိုက်တဲ့ ညစ်ကွက်ကို တရားသူကြီးနဲ့ဂျူရီလူကြီးတွေ သိအောင် ပြသနိုင်ဖို့ပါပဲ။ မတရားအကွက်ဆင် အလုပ်ထုတ်တာကို မြင်အောင်တင်ပြဖို့ပါပဲ။ သူတို့ဘက်က အင်အားနည်းပါတယ်။ သူတို့နှစ်ယောက်ရယ်၊ အန်ဒရူးရဲ့ အတူနေချစ်သူရယ်၊ အန်ဒရူးမိဘများနဲ့ မွေးချင်းတွေပဲ ရှိတာပါ။ ဒီအားလေးနဲ့ပဲ ဟိုဘက်က ခေါဘဏီတပ်ကြီးကို ရင်ဆိုင်ကြရမှာပါ။

(၃)

ကြည့်ဖြစ်အောင် ကြည့်ကြည့်လိုက်ပါ အဆွေတော်။ ကြည့်ပြီးရင်လည်း နောက်တစ်ခေါက်လောက် ကြည့်လိုက်စမ်းပါ။ တစ်ခါကြည့်ရုံနဲ့ ရိုးသွားတဲ့ ဇာတ်ကားမဟုတ်ပါဘူး။ ထပ်ကြည့်လေ ပိုမြင်လေ ပိုဘဝင်ခွေ့လေပါပဲ။ နားကြပ်လေးနဲ့တပ်ကြည့်ပါ။ အသံထွက်ကောင်းတဲ့ ဆောင်းဘောက်နဲ့ နားဆင်လိုက်ပါ။ ကောင်းမွန်တဲ့ နောက်ခံအသံတွေ၊ တေးဂီတတွေနဲ့ တကယ့်ဂရိတ်ဖြစ်အောင် ပံ့ပိုးထားတာကို နားနဲ့ ကြားရပါလိမ့်မယ်။ ပြီးတော့ ဇာတ်ဝင်သီချင်းတွေ သိပ်မိုက်ပါတယ်။ ဒီဇာတ်ထဲက သီချင်းတစ်ပုဒ်ကလည်း အော်စကာရထားပါတယ်။

ဒီဇာတ်ကားဟာ ဟောလိဝုဒ်ရဲ့ ပြည်တန်ကျောက်တစ်လုံးပါ။