အာဏာနဲ့ သက်ဆိုင်နေတဲ့ အဂတိလိုက်စားမှုတွေ

0
83
ဓာတ်ပုံ - The Economist

အောင်သူငြိမ်း ရေးသည်။

The Economist က ဆောငး်ပါးလေးဖတ်ရတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခရိုင်မြို့ငယ်ကလေးတစ်ခုဖြစ်တဲ့ ဖာရိဒ်ပူ (Faridpur) မှာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဆာဂျစ်ဟူစိန် (Sajjad Hossain) နဲ့ အမ်တီယာ့ဇ်ဟာဆန် (Imtiaz Hasan) တို့ဟာ အတော့်ကို ကြွယ်၀ချမ်းသာနေကြတယ်။

သူတို့က အာဏာရပါတီ အဝါမေလိဂ်ပါတီရဲ့ ဒေသခွဲပါတီ ခေါင်းဆောင်တွေပဲ။ ဘာဖြစ်လို့ ချမ်းသာသလဲဆိုတော့ သူတို့က မြေတွေကို ဈေးပေါပေါနဲ့ ရထားကြတယ်။ သူတို့မြေလိုချင်ပြီဆိုရင်လည်း ဘယ်သူက ငြင်းရဲမှာလဲ။ အာဏာကလည်း ရှိနေကြတယ်။ နောက်ဆုံး မြေဟက်တာ ၃၀ဝ ကျော် ရယူထားတာ တွေ့ရတယ်။

ဒေသခွဲ ပါတီခေါင်းဆောင်တွေက စစ်ဆေးတဲ့အခါ သူတို့ညီအစ်ကိုနှစ်ဦးပိုင်ဆိုင်တဲ့ ဘဏ်အကောင့် ၄၉ ခုထဲမှာ ဒေါ်လာသန်း ၃၄၀ လောက် ဝင်ငွေရှိနေကြတာ တွေ့ရတယ်။ အခုတော့ညီအစ်ကိုနှစ်ယောက်က တရားစီရင်ခံရမှာကို စောင့်နေကြတယ်။ ငွေကြေးခဝါချမှုနဲ့ စွပ်စွဲထားပြီး၊ အခုလို အပုပ်နံ့သတင်း ကျော်စောမှုမှာ ဒေသခွဲပါတီ အခြားခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေကြတာ တွေ့ရတယ် ဆိုတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဂတိလိုက်စားမှု ဖြစ်ပျက်နေတာ တော်တော်ကျယ်ကျယ်ပြန့်ပြန့်ပါ။ ကိုဗစ် – ၁၉ ကူးစက်ကပ်ဘေးအစမှာ ဆင်းရဲသားတွေအတွက် ဝေတဲ့ဆန်တွေကို သူ့ပါတီဝင်တွေက ခိုးဝှက်နေတာ တွေ့ရတော့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အတော်ဒေါသဖြစ်ရပါတယ်။

နောက်တခါ ကိုဗစ်-၁၉ ကူးစက်မှုကင်းရှင်းကြောင်း ထောက်ခံစာအတုတွေကို ဈေးကြီးကြီးနဲ့ ထုတ်ပေးနေတော့ အဲဒီဆေးရုံကို ဘင်္ဂလားဒေ့ရှ်အထူးရဲ (Rapid Action Force) တွေက ဝင်ရောက် ဖမ်းဆီးခဲ့ရပါသေးတယ်။ ရီးဂျင့်အုပ်စုခေါင်းဆောင် ဆေးရုံပိုင်ရှင် မိုဟာမက်ရှာဟစ်ကို ရဲက အခုအခါ ဖမ်းထားပါတယ်။ မနှစ်က ဒက္ကာမြစ်ထဲမှာ ပိုက်ဆံတွေ လွှင့်ပစ်ထားတာတွေ့လို့ ဝန်ကြီးချုပ်က စစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။ မြို့တော်ရဲ့ မြေအောက်ကာဆီနိုဝိုင်းတွေကနေ ဖြစ်လာတဲ့ကိစ္စပါ။ ဒီလို ကာစီနိုလုပ်ငန်းတွေ လုပ်နေကြတာကလည်း အာဏာရပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေ၊ သူတို့ခရိုနီတွေနဲ့ ဆက်စပ်နေပြန်ပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တက်လာတဲ့ ၂၀ဝ၉ ခုနှစ်ကတည်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို တော်တော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်ကမှ အရေးယူမှုတွေ ပိုလို့ဆောင်ရွက်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Transparency International အဖွဲ့က ဆိုပါတယ်။ အကြောင်းကတော့ တရားဝင်မှု (Legitimacy) ပိုပြီး လိုချင်လာလို့ပါ။ ပြည်သူတွေအကျိုးအတွက် (Public interest) အတွက် လုပ်တယ်ဆိုပြီး၊ ထောက်ခံမှု မဲပိုလိုချင်လာလို့လည်း ဖြစ်ပါတယ်။

အခုလို အရေးယူဖြိုခွဲမှုတွေ ဖြစ်လာတော့ အဝါမေလိဂ် ပါတီတွင်းအကွဲအပြဲတွေကို ထင်ဟပ်လာတယ်လည်း ဆိုကြပါတယ်။ ကာဆီနိုတွေ ဖမ်းတုန်းက အဓိက ပစ်မှတ်ထားတာက အဝါမေလိဂ် လူငယ်ခေါင်းဆောင် အိုမာဖရောက်ကိုပါ။ သူကတော့ ရဲတွေက အရင်တုန်းက အတူကြံစည်ရာပါတယ်။ ဒါဟာ နိုင်ငံရေးသဘောဆောင်တဲ့ လုပ်ကြံမှုလို့ ဆိုပါတယ်။ ဖာဒီပူမြို့ညီအစ်ကို ၂ ယောက် ကိစ္စမှာလည်း အပေါ်က သူတို့လုံခြုံရေး တာဝန်ယူပေးသူ ပါတီခေါင်းဆောင်တွေ (Protector) တွေကို ၂ ရာခိုင်နှုန်းလောက်အထိ ပေးရတယ်လို့လည်း ဆိုပါတယ်။ အခုလိုဖြစ်ရပ်တွေကို မြင်တွေ့ရတော့ အဝါမေလိဂ်ပါတီ သိက္ခာလည်း ထိခိုက်ရပါတယ်။ လူထုတွေကလည်း အတော်ထိတ်လန့်မှု ဖြစ်ရပါတယ်။

The Economist မဂ္ဂဇင်း ဆောင်းပါးနိဂုံးမှာတော့ နိုင်ငံရေးသမားတွေဆိုတာ ကိုယ့်ကိုယ်ကို ချမ်းသာလာဖို့လိုင်စင် (a license for self-enrichment) တစ်ခုလို ဖြစ်နေပြီလို့ ရေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အတော့်ကို ဆိုးဆိုးကြီးပဲ။