အာဏာသိမ်းဖြစ်စဉ်ကြားက မုံရွာနေ့စွဲများ

0
89

မုံရွာက ခေတ်ဆက်ဆက် အာဏာသိမ်းဖြစ်စဉ်တွေမှာ ခေတ်အလိုက်ဖြတ်သန်းခဲ့ရတဲ့ မြို့ပါ။ ဘယ်ခေတ်မှာနေနေ ရဲရဲတော်လှန်ခဲ့တယ်လို့ကျော်ကြားတဲ့ မြို့ဆိုလည်းမမှားပါဘူး။ ၁၉၆၂ အာဏာသိမ်းမှုမှာလဲ ဖြတ်သန်းခဲ့သလို ၁၉၈၈ အာဏာသိမ်းမှုကိုလဲ ဖြတ်သန်းခဲ့ရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ပထမဆုံး မနက်ခင်းကို နိုင်ငံအတွက် အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကို အာဏာလွှဲအပ်ကြောင်း ထုတ်ပြန်တယ်ဆိုတဲ့ သတင်းတွေနဲ့ စတင်ခဲ့ပါပြီ။

ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်ပိုင်းမှာ ဖုန်းလိုင်းတွေ ပြတ်သွားပြီးနောက် မနက်ခင်းလက်ဖက်ရည်ဝိုင်းတွေမှာ ဒီသတင်းကိုပဲ ဆွေးနွေးနေကြပါတယ်။ အတည်ပြုသူပြုနဲ့ သေချာသွားပြီး ပြောသူတွေကလည်း လက်ဖက်ရည်ဆိုင်တွေမှာ သတင်းစီးဆင်းနေကြပါတယ်။

အာဏာသိမ်းပြီးကြောင်း ကြေညာချက်တွေထွက်လာသလို ဖုန်းလိုင်းတွေ အကုန်ဖြတ်တောက်ခံခဲ့ရတာ တစ်နိုင်ငံလုံးဖြစ်ပါတယ်။ အဲဒီနေ့က မုံရွာလဲ ဖုန်းလိုင်းပြတ်ခဲ့သလို မနက်ပိုင်းမှာ အင်တာနက်နဲ့ လုပ်ငန်းလည်ပတ်သူတွေအားလုံး ရပ်တန့်သွားပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ညကစလို့ အခြားမြို့ကြီးတွေလို သတင်းလာချိန် ည ၈ နာရီမှာ မုံရွာမှာလဲ သံပုံးသံတွေ ညတိုင်းကြားလာရပါတော့တယ်။ ပထမဆုံး သံပုံးတီးတဲ့ညမှာပဲ အိပ်တန်းတက်ငှက်တွေ လန့်ပျံရတဲ့အထိ သံပုံးသံက ကျယ်လောင်ခဲ့ပါတယ်။

နောက်ပိုင်းနေ့ရက်တွေမှာ ဆရာဝန်တွေက စတင်ခဲ့တဲ့ Civil Disobedience Movement(CDM) ရုံးမတက်ပဲ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ မုံရွာဆေးရုံများလည်းပါဝင်လာပြီး အခြားဌာနတွေက ဝန်ထမ်းတွေလဲ CDM လှုပ်ရှားမှုများကို စတင်ခဲ့ကြပါတယ်။

ဒီအချိန်ထိ အွန်လိုင်းပေါ်က သတင်းတွေကို မုံရွာက တခြားမြို့တွေနည်းတူ စောင့်ကြည့်နေခဲ့တဲ့ ကာလဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၆ မှာတော့ အာဏာသိမ်းအစိုးရက အင်တာနက်လိုင်းတွေကို ထပ်ဖြတ်လိုက်ပါတယ် ရလာဒ်ကတော့ ၇ ရက်နေ့မှာ လူသိန်းချီ ဆန္ဒထုတ်ဖော်မှုတွေကို မုံရွာကလဲ အခြားမြို့ကြီးတွေလို စတင်လိုက်ပါတယ်။

ခေတ်အဆက်ဆက် ဆန္ဒထုတ်ဖော်မှုတွေနဲ့ ကွဲလွဲတဲ့ပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေမှာ လူငယ်အများစု ပါဝင်ခဲ့ကြပါတယ်။ ထူးခြားတဲ့ထုတ်ဖော်မှုတွေကို ထူးခြားတဲ့အရေးအသားတွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြပါတယ်။

အရင်ခေတ်တွေက ကရင်ပုဆိုးကိုဝတ် စတစ်အင်္ကျီအဖြူနဲ့  ခမောက်ကိုဆောင်းခဲ့တဲ့လူငယ်တွေနဲ့ အခုလူငယ်တွေက ကွဲလွဲခဲ့ပါပြီ။ သောင်းချီတန်ဖိနပ်တွေ ဂျင်းဝမ်းဆက်တွေနဲ့ ၂၁ ရာစုမှာ စတိုင်မျိုးစုံနဲ့ မုံရွာလူငယ်တွေက ဆန္ဒထုတ်ဖော်မှုကို အားကောင်းစေခဲ့ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ မုံရွာက မနက် ၈ နာရီဝန်းကျင်ကတည်းက တက်ကြွနေပါတယ်။ လမ်းပေါ်မှာလူငယ်တွေ ဆန္ဒထုတ်ဖော်သလို ဘေးပတ်ဝန်းကျင်က လက်သုံးချောင်းထောင်ပြီး အားပေးကြပါတယ် ရေဘူးတွေဝေသူဝေ မုန့်တွေဝေသူဝေနဲ့ ဖြစ်ပါတယ်။

ပြည်ထောင်စုလမ်းဘေးက တစ်နေရာမှာ အသက် ၈၀ ဝန်းကျင်အဖွားအိုက စစ်အာဏာရှင်ကျဆုံးပါစေဆိုတဲ့ အသံကို တုန်ရင်စွာအော်ရင်း လက်သုံးချောင်းကို အားတင်းထောင်နေပါတယ်။ ဒါပေမယ့် ဇရာအရ တွန့်ကြေနေတဲ့လက်က သုံးချောင်းအထိမထောင်ပဲ လက် ၂ ချောင်းကိုသာ ထောင်နိုင်ပေမယ့် သူ့လက်ကိုကြည့်ရင်း လက်သုံးချောင်းပြည့်ဖို့ ကြိုးစားနေဟန်ရှိပါတယ်။

မုံရွာမှာ ဆန္ဒထုတ်ဖော်မှုတွေက လူဘယ်လောက်ပါဝင်လဲ ဆိုတာတော့ ရေတွက်နိုင်ဖို့ခက်ခဲပါမယ် မြင်အောင်ပြောရမယ်ဆိုရင် ဗိုလ်ချုပ်လမ်း ၄ လမ်းသွားမှာ လူပင်လယ်ကအပြည့်ပါ။ ဒါတင်ပဲလားဆိုတော့လဲ မဟုတ်သေးပါဘူး လမ်းသွယ်အသီးသီးမှာ သူ့အဖွဲ့နဲ့သူ အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှု ပုံသဏ္ဍာန်မျိုးစုံနဲ့ဖြစ်ပါတယ်။

ကိုဗစ်ကာလ လူနာတိုးနေတဲ့ အခြေအနေမှာပဲ မုံရွာက အာဏာသိမ်းဖြစ်စဉ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဲဒီရက်တွေမတိုင်ခင်က မုံရွာမှာ ကိုဗစ်ရောဂါပိုးတွေ့သူက တစ်နေ့ကို ၁၀ ဦးနီးပါးရှိနေပါတယ်။ စီးပွားရေးလမ်းမကြီး ကျောက္ကာလမ်းပေါ်က အငှားဖွင့်တဲ့ဆိုင်တွေက တစ်ဆိုင်ပြီးတစ်ဆိုင် ပိတ်လာကြပါတယ်။

ဖေဖော်ဝါရီ ၈ မှာတော့ မုံရွာက ဈေးကြီးတွေက ဆိုင်တွေက အားလုံးပိတ်လိုက်ပါတယ်။ စက်ရုံအလုပ်ရုံတွေကလုပ်ငန်းရှင်တွေက လုပ်သားတွေကို ဆန္ဒပြပွဲမှာ ပါဝင်အားဖြစ်စေဖို့ အလုပ်တွေပိတ်ပေးလိုက်ကြပါတယ်။ မုံရွာကစီးပွားရေးတွေက ကိုဗစ်အလွန်မှာ အာဏာသိမ်းမှုဒဏ်ကိုပါ ခံစားရတော့မှာ ဖြစ်ပါတယ်။

မုံရွာမှာ ဆန္ဒထုတ်ဖော်မှုတွေ ပြင်းထန်နေချိန်မှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပေါင်းစုံက လုပ်သားတစ်ထောင်ကျော်ခန့်က ဖေဖော်ဝါရီ ၈ ရက်ကစပြီး CDM မှာပါဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ ထုတ်ပြန်ချက်တွေအရ ရွေးကောက်ပွဲအနိုင်ရ အစိုးရကို အာဏာလွှဲပြောင်းမပေးမချင်း သူတို့လုပ်ငန်းခွင် ပြန်မဝင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုအများစုပါဝင်ပြီး တပ်ရဲ့ကျောထောက်နောက်ခံဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ကြေးနီစီမံကိန်းက ဖေဖော်ဝါရီ ၈ ရက်က စတင် ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

အဲဒီနေ့က ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေချိန်မှာပဲ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က လူမှုကွန်ယက်စာမျက်နှာကနေ ပြည်သူတွေကို စကားပြောထားတဲ့ ဗီဒီယိုတခု တင်ခဲ့ပါတယ်။

CDM လှုပ်ရှားမှုတွေကို ကြားသိနေရတာ သူ့နေနဲ့ ကြက်သီးထမိတယ်လို့ ပြောဆိုခဲ့သလို ပြည်သူတွေအနေနဲ့ ဆက်လက်ပူးပေါင်းကြဖို့လဲ ပြောဆိုခဲ့ပါတယ်။ သူကတော့လက်ရှိအချိန်ထိ နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်တယ်လို့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

ဗီဒီယိုဖိုင်တက်လာပြီး သိပ်မကြာခင်မှာပဲ ဝန်ကြီးချုပ်အိမ်က ဖုန်းတွေအားလုံးကို သိမ်းဆည်းခံရတယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

အဲဒီညမှာပဲ မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ မုံရွာကို ၁၄၄ ထုတ်ကြောင်းကြေညာပါတယ်။ ဒီအမိန့်က လူ ၅ ဦးထက်မပိုရပဲ ညဆို ၈ နာရီကျော်ရင် မထွက်ရတော့ပါဘူး။

ပုဒ်မ ၁၄၄ ထုတ်ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်မှာတော့ ရဲတပ်ဖွဲ့တွေက လုံခြုံရေးအင်အားအပြည့်နဲ့ မုံရွာကအဓိကလမ်းတွေမှာ နေရာယူခဲ့ပါတယ်။ တစ်နိုင်ငံလုံးနီးပါး တခြားမြို့တွေမှာလဲ ရဲအင်အားတွေ သုံးခဲ့ပါတယ်။ ပြည်ထောင်စုရုံးများစိုက်ရာ နေပြည်တော်မှာ ပစ်ခတ်မှုတွေအထိ ရှိခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေးစတဲ့ မြို့တွေမှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံတာတွေရှိခဲ့ပေမယ့် မုံရွာကဆန္ဒထုတ်ဖော်သူတွေက ရဲနဲ့ထိပ်တိုက်တွေ့မှာကို ရှောင်ခဲ့ကြပါတယ်။

မြို့အတွင်းက တခြားလမ်းတွေကို ပတ်သွားပြီး ဆန္ဒပြသူတွေက လူစုခွဲခဲ့ကြပါတယ်။ အဲဒီညကတော့ သံပုံးတီးသံတွေ အရင်ညတွေထက် ပိုကျယ်လောင်ခဲ့ပါတယ်။ သံပုံးသံတွေက တစ်ညတစ်ည ပိုကျယ်လောင်လာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ မုံရွာက ဆန္ဒထုတ်ဖော်သူတွေက “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့အသံတွေကို ပိုအသံထွက်ခဲ့ပါတယ်။ မပိတ်သေးတဲ့ရုံးတွေမှာ မြို့လူထု သဘောထားဆိုတဲ့ ဗီနိုင်းတွေကို ချိတ်ဆွဲပြီး CDM လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဖေဖော်ဝါရီနေ့ရက်တွေက မုံရွာမှာ တစ်စတစ်စ ပူလောင်လာပါတယ်။ ဆန္ဒထုတ်​ဖော်မှုတွေကလဲ ဆက်တိုက်အရှိန်မြင့်လာပါတယ်။ မုံရွာတမြို့လုံး ဦးတည်တာကတော့ တစ်နိုင်ငံလုံးနဲ့အညီ အာဏာရှင်စနစ်အလိုမရှိ၊ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အတည်ပြုပေး၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ချက်ချင်းလွှတ်ပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက မုံရွာကိုလာတော့ လိမ္မာတယ်လို့ ဆိုခဲ့ပါတယ်။

၂၀၂၁ အာဏာသိမ်းတော့လဲ မုံရွာက လိမ္မာနေဆဲပါ။