အားနွဲ့သူပါဗျာ

0
144

ကိုသက်နိုင်ဦး ရေးသည်။

ညညဆိုရင် ဖုန်းကိုဖွင့် COVID-19 သတင်းကို ဖတ်ရတာ အခါခါ၊ (၂၇-၉-၂၀၂၀) ရက်နေ့ ည
(၈:ဝ၀)နာရီအထိ မြန်မာနိုင်ငံမှာ
COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၀,၇၃၄) ဦးရှိနေပြီ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၂၂၆ ဦး ရှိတယ်။ သေဆုံးသူတွေကို ကြည့်လိုက်တော့ အများစုက ယောကျာ်းတွေ ဖြစ်နေကြတယ်။ ဘာကြောင့်ပါလဲ။

ကျွမ်းကျင်သူများရဲ့ လေ့လာထားချက်အရဆိုရင် အမျိုးသမီးများဟာ အမျိုးသားများထက် ကိုယ်ခံအားစနစ်က ပိုမိုအားကောင်းနေတာကို တွေ့ရတယ်။ ဒါကလည်း အလေးထားရမည့် အချက်တစ်ချက်ပါ။ ဒီအချက်က ငြင်းမရပါဘူး။ အိမ်တစ်အိမ်ကို ကြည့်ပါ။ အဖိုးတွေက စောစော စီးစီကွယ်လွန်သွားကြပြီး အဖွားတွေကပဲ အသက်ရာကျော်နေသွားကြတာ တွေ့ကြရမှာပါ။

Genetics သင်တိုင်းပြောမိတာက ယောကျာ်းလေးတွေနော် ကိုယ့်ကိုယ်ကိုယ် “ငါယောင်္ကျားပဲ၊မဟာပုရိသယောကျာ်းကွ၊ မိန်းမတွေထက် မြတ်တယ်ဘာတွေ လုပ်မနေနဲ့၊ အရင်ဆုံးသေရမှာငါတို့ဟလို့ ရယ်စရာ၊ မောစရာအနေနဲ့ သင်ခဲ့ဖူးတယ်။”

Biology Chapter ၁၀ ထဲက Sexchromo somes အကြောင်းကို သင်တော့ ဒီအကြောင်းလေး ဆက်စပ်ပြောမိတယ်။ လိင်ဆက်ဆံရာမှာ ထွက်လာသော သုတ်ရည်ထဲမှာ X Chromosome သယ်ဆောင်ထားသော သုက်ကောင်နဲ့ ့ Y Chromosomes သယ်ဆောင်ထားသော သုတ်ကောင်အရေအတွက်က အတူတူပဲရှိတယ်။ X က Y ထက်ပိုနေတာမျိုး မရှိဘူး။ Y Chromosome ဆိုတာက X Chromosomes နဲ့ယှဉ်လိုက်ရင် အမြဲအားနည်းတယ်၊ Y Chromosome သုတ်ကောင်လေးတွေဟာ X Chromosome သုတ်ကောင်နဲ့ ယှဉ်ကူးရင် အမြဲနောက်ကျလေ့ရှိတယ်၊ ဒီအချက်ကြောင့် မိန်းကလေးဦးရေ ပိုများလာတာဖြစ်တယ်။

အမမျိုးဥထဲက X နဲ့ပေါင်းပြီး XX ဆို မိန်းကလေး၊ XY ယောင်္ကျားလေးဆိုသော သန္ဓေသားဖြစ်လာရတယ်။ မွေးဖွားသူ ၁၀ဝ ဦးမှာ မိန်းကလေးက ၈၀% လောက်ဖြစ်ပြီး ယောင်္ကျားလေးက ၂၀% လောက်ပဲ ရှိတယ်။ အားကောင်းသော X Chromosome ၂ ခုတောင် ပိုင်ဆိုင်နေသော မိန်းကလေး XX တွေဟာ ယောကျာ်း XY တွေထက် ပိုကောင်းတဲ့ ကိုယ်ခံအားစနစ်ရှိပြီး အမျိုးသားတွေထက် ရောဂါကူးစက်မှုကို ပိုမိုတုံ့ပြန်နိုင်ကြတယ်။ အတောင် ၂၀ ဝတ်တွေ လုပ်မနေနဲ့ ဒီအချက်မှာတင် ကျွန်တော်တို့ကျန်ခဲ့ပြီ၊ နောက်ပြီး လောကဓံအထုအထောင်းခံရာမှာလည်း မိန်းမတွေက ပိုပြီးခံနိုင်ကြတယ်။ ယောကျာ်းအများစု ခံနိုင်ရည်မရှိကြဘူး။ စိတ်ညစ်လာရင် ထွက်ပေါက်က ရှာပြီးသား။ လေ့လာမှုတစ်ခုအရဆိုရင် အမျိုးသားတွေရဲ့ သွေးထဲမှာ Angiotensin-Converting အင်ဇိုင်း 2 (ACE2) ပါဝင်မှုက အမျိုးသမီးတွေထက် များတာ တွေ့ရတယ်။ ဒီအင်ဇိုင်း ACE2 ဟာကျန်းမာသောဆဲလ်များကို coronavirus က ပိုမိုကူးစက်စေနိုင်တယ်လို့ ဆိုထားပါတယ်။ အမျိုးသားများရဲ့ နေထိုင်မှုစနစ်လည်း ပါမယ်။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအဖြစ် များတာကလည်း မိန်းမတွေထက် ယောကျာ်းတွေက ပိုပါတယ်။ ဒီရောဂါ အရင်းအမြစ် Beer၊ အရက်၊ ဆေးလိပ်ဆိုတာကလည်း ကျွန်တော်တို့အတွက် များစွာအထောက်အပံ့ဖြစ်စေတာကိုး။ အသက်အရွယ် ရလာပေမယ့် ကျန်းမာရေး လိုက်စားမှုမရှိသူ၊ ကိုယ်လက်လေ့ကျင့်ခန်းနည်းသူ၊ အဝလွန်သူ၊ ဆီးချိုရောဂါသည်တွေမှာ ဒီရောဂါတွေ တွယ်ကပ်လာတော့တယ်။ ဒီလိုအန္တရာယ်များတဲ့ အပြုအမူတွေနဲ့ထိတွေ့ဆက်ဆံလေ့ရှိနေပေမည့် အလေးအနက်ထားလေ့မရှိသူတွေက ယောကျာ်းတွေပဲဖြစ်တယ်။

ပြည်သူ့ကျန်းမာရေး Frontiers က ထုတ်ပြန်တဲ့လေ့လာမှုတစ်ခုအရဆိုရင် အမျိုးသားနှင့် အမျိုးသမီးများဟာ coronavirus ကူးစက်မှုကို တူညီစွာခံစားခဲ့ရကြောင်း ဖော်ပြခဲ့တယ်။ ဒါပေမယ့် သုတေသီများရဲ့ လေ့လာတွေ့ရှိချက်အရ အမျိုးသားများဟာ ရောဂါ၏ပြင်းထန်သောသက်ရောက်မှုများကို သိသိသာသာ ပိုမိုခံစားရကြောင်းတွေ့ခဲ့ရတယ်။ တရုတ်သုတေသီများက COVID-19 လူနာ စုစုပေါင်း၏ တစ်ခုတည်းတွင် သေဆုံးသူ ၇၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသားများဖြစ်တယ်လို့ ပြောကြားခဲ့တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဥရောပတွင် COVID-19 နှင့်ဆက်စပ်သော သေဆုံးမှု ၆၃ ရာခိုင်နှုန်းသည် အမျိုးသားများသာဖြစ်သည်ဟု အစီရင်ခံခဲ့တယ်။ နယူးယောက်စီးတီးတွင် Coronavirus ကူးစက်ခံနေရသောအမျိုးသားများသည် အမျိုးသမီးများထက် နှစ်ဆနီးပါးပိုများတာကိုလည်း တွေ့ရတယ်။ အမျိုးသမီး ၁၀ဝ,ဝ၀ဝ တိုင်းမှာ ၂၃ ဦး သေဆုံးပြီး ယောကျာ်း ၁၀ဝ,ဝ၀ဝ တိုင်းမှာ ၄၃ ဦး သေဆုံးခဲ့တယ်။လေ့လာမှုများအရ အမျိုးသားများတွင် သွေးပေါင်ချိန်နှင့် အသည်းရောဂါဖြစ်ပွားမှုနှုန်းက ပိုများပြီး COVID-19 ရဲ့ ဆိုးကျိုးများကို ဖြစ်စေတယ်။

အမျိုးသမီးတွေမှာ အမျိုးသားတွေထက် သာလွန်တဲ့အချက် ရှိပါသေးတယ်။ ဒါက အမျိုးသမီးဟော်မုန်းပါ။ မဟော်မုန်းအီစထရိုဂျင်ဟာ ကိုလက်စထရော (Elimination of Bad Cholesterol) တွေကို ဖယ်ရှားပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ခြင်းကိုကာကွယ်ထားနိုင်တယ်။ သဘာဝတရားကပေးသော လက်ဆောင်လည်း ဖြစ်တယ်။ အခြားတစ်ဖက်တွင်ရှိသော ဖိုဟော်မုန်း Testosterone ကြတော့ အကြမ်းဖက်မှုနှင့် အန္တရာယ်ရှိမှုနှင့် (violence and risk taking) ဆက်စပ်နေတာ တွေ့ရတယ်။ မိန်းမတစ်ယောက်ရဲ့ ကိုယ်ခန္ဓာဆိုတာကိုယ်ဝန်ဆောင်နိုင်ဖို့နဲ့ မိခင်နို့တိုက်ကျွေးမှုတွေလုပ်ဆောင်ဖို့ သဘာဝက တည်ဆောက်ပေးထားတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ အမြဲတမ်းလုပ်ဆောင်နေရတော့ ကိုယ်ခံစွမ်းအားကလည်း သာနေတာပေါ့ ။

ဆရာဝန်တစ်ယောက် မဟုတ်တော့ သေသေချာချာတော့ ရှင်းမပြနိုင်ဘူး။ အခြားအကြောင်းအရာတွေလည်း ရှိကောင်းရှိဦးမှာပါ၊ ဒါပေမယ့်ကိုယ်သိထားတာလေးကိုတော့ တပည့်တွေကိုပြောဖြစ်တယ်။ ညညအိပ်မပျော်သော အတွေးစလေးတစ်ခုပါပဲ။ တကယ်တမ်း အားနွဲ့သူကကျွန်တော်တို့တစ်တွေ ဖြစ်နေတာပါလားလို့လေ။