အိမ်ဖြူတော် အတွင်းရေးမှတ်တမ်း

0
227
A copy of "The Room Where It Happened," by former national security adviser John Bolton, is photographed at the White House, Thursday, June 18, 2020, in Washington. (AP Photo/Alex Brandon)

သက်ဆွေအေး ရေးသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးဖြစ်သူ ဂျွန်ဘော်တန်က သမ္မတဒေါ်နယ်ထရမ့်အစိုးရ လက်ထက် အိမ်ဖြူတော်မှာ တာဝန်ယူခဲ့စဉ်အတွင်း သူမြင်ရကြားရ၊ စိတ်မချမ်းသာစရာတွေကို ဇောင်းပေးရေးသွားတဲ့ အိမ်ဖြူတော်ထဲက ထရမ့်အကြောင်းကို ဖွင့်ချလိုက်တဲ့ အိမ်ဖြူတော်အတွင်းရေး စာအုပ်ဆိုရင် မှားမယ်မထင်ဘူး။ ဒီစာအုပ်ဟာ မထွက်ခင်ကတည်းက ပွဲဆူနေတယ်လို့လည်း ပြောရမယ်။ အိမ်ဖြူတော်က ထွက်ပြီးနောက် ရေးခဲ့တာကို သတင်းစာတချို့က ပြန်ရေးလိုက်တဲ့အခါ သူ့ကိုခေါ်ပြီး တချို့အခန်းတွေကို တားမြစ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်လုံခြုံရေး စိုးရိမ်စရာအချက်တချို့ကြောင့် တားမြစ်ခဲ့ရတာပါ။

ခု တင်ပြမှာက သူ့စာအုပ်ဖြစ်တဲ့ The Room Where It Happened: A White House Memoir ဆိုတဲ့ ဂျွန်ဘော်တန် (John Bolton) ရေး စာအုပ်ရဲ့ အခန်း (၁) ထဲက နည်းနည်းပါးပါးလောက်နဲ့ နောက်ဆုံး New York Times၊ Guardian တို့ထဲက အညွှန်းနည်းနည်းလောက်ကို တို့ထိတဲ့သဘောလောက်ပါ။ နိုင်ငံတကာက စာအုပ်အညွှန်းတွေကို ရေးမယ်ဆိုရင် ပြောကုန်နိုင်ဖွယ်မရှိပါဘူး။ ဒီအထဲက သူတို့အညွှန်း နည်းနည်းပြောပြမှ ပြည်စုံမယ်။

ဂါးဒီယန်းသတင်းစာ ပြောထားတာက ထရမ့်ဟာ ဂျွန်ဘော်တန်ကို မငှားချင်တဲ့အကြောင်းက နှုတ်ခမ်းမွှေးပါနေလို့ပါတဲ့။ နောက်တစ်ချက်က ဘော်တန်ကို ဗုံးနဲ့ပစ်တတ်သူလို့ ခေါ်ကြတယ်။ ထရမ့်ဟာ ဒီလို ပေါက်ကွဲတာ ကြိုက်တဲ့သူဆိုတော့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ငှားလိုက်ပါတယ်။ ပြောရရင် ရဲကောင်းတစ်ယောက်နဲ့ ခပ်ဆိုးဆိုးရဲတစ်ယောက်တို့ တွဲဖက်ဖြေရှင်းကြမယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ဦးပေါင်းသွားတဲ့အခါ ဆိုးပြီးရင်း ဆိုးသွားတယ်လို့ ပြောရမှာပါ။ ၁၈ လလောက် အကြာမှာတော့ နှစ်ယောက်သား လမ်းခွဲလိုက်ကြတယ်။ ဘော်တန်ပြောတာက သူဟာ အလုပ်က ထွက်ခဲ့တာပါတဲ့။ ဒါပေမဲ့ ထရမ့်ပြောတာက သူက ထုတ်လိုက်တာပါတဲ့။ ဘော်တန်က ထရမ့်ဟာ သမ္မတဖြစ်ဖို့ မသင့်တော်တဲ့သူလို့ ဆိုပါတယ်။ နောက်ထပ် စွပ်စွဲတာက ပြည်ပ အာဏာရှင်တွေကို ရှေ့မှာတစ်မျိုးဆက်ဆံပြီး တခြားဘက်ကနေ အဲဒီအာဏာရှင်တွေ လိုချင်တာပေးပြီး ထိန်းထားတယ် ဆိုပါတယ်။ ထရမ့်ကတော့ ဒီစွပ်စွဲချက်တွေကို ပြန်မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒီအစား ဘော်တန်ကို သိက္ခာကျအောင် နာမည်ဖျက်ခဲ့ပါတယ်။ ပြောရရင် နိုင်ငံရေးဆိုတာကလည်း ဒီဘက်က လုပ်မရတာကို တခြားဘက်ကနေ ကောင်းကျိုးအတွက် ဆက်လုပ်ပေးတာမျိုးပါ။

အခုစာအုပ်ဟာ နိုင်ငံတကာအုပ်ချုပ်စီမံရေး စနစ်တွေရဲ့ ငြိမ်းချမ်းနိုင်တဲ့ သဘောတူညီချက်တွေကို လှောင်ထားပါတယ်။ ဥရောပသမဂ္ဂကိုလည်း ခပ်တုံးတုံး အကောင်တစ်ယောက်လိုမြင်ထား၊ ဝေဖန်ထားတာက အမေရိကန်တစ်ယောက် အိမ်ဖြူတော်က လူတစ်ယောက်ရဲ့ သဘောထားလို့ ဆိုရပါမယ်။ နောက်တစ်ချက်က သူဟာ ရုရှားသမ္မတ ပူတင်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲလို့ ထရမ့်ကို လုံးဝမမေးခဲ့တာကို ဝန်ခံထားပါတယ်။ ဘာလို့လဲဆိုတော့ သူ့အဖြေကို မကြားရဲလို့ ဆိုပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ပွဲဖြစ်ဖို့ ဘော်တန်ဘက်က လိုချင်နေချိန်မှာ ထရမ်က ပယ်ချခဲ့လို့ စိတ်ပျက်ရတာ၊ အီရန်ကိုတိုက်ဖို့ သူပြောပေမယ့် ထရမ့်က ပယ်ချခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့လည်း ရေးထားပါတယ်။

စာအုပ်ရဲ့အတော်များများမှာ ဗျူရိုကရေစီ မှတ်တမ်းတွေနဲ့ ဘော်တန်ရဲ့ မအောင်မြင်မှုတွေကို စုစည်းထားတယ်ပြောရပါမယ်။ နေတိုး၊ အီးယူ၊ ဆီးရီးယား၊ အီရန်တို့ကို ရပ်တည်ရေးအတွက် သူပြချင်တာတွေ မပြလိုက်ရဘူးလို့ ဆိုရပါမယ်။ သမိုင်းကိုပြောင်းလဲဖို့ အကောင်းဆုံးအခွင့်ရေးကို လက်လွှတ်ခဲ့ရတယ်။ သူ့စာအုပ်အပေါ် နိုင်ငံတကာက အညွှန်းတွေကလည်း အကောင်းဘက်ကရော အဆိုးဘက်ကပါ စုံနေပါတယ်။

အခနး် (၁) မှာ ရေးထားတာက ထရမ့်အစိုးရနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲတာကို နားမလည်တဲ့အတွက် ဘာမှရှင်းမပြနိုင်တာ၊ ဝါရှင်တန်မှာ ထရမ့်မူထွက်လာတာက မှားနေတာ၊ ထရမ့်ဆိုတာကလညး် အမြဲလိုကြောင်တတ်တာ၊ သူတာဝန်ယူစဉ် ကာလမှာတောင် တစ်ယောက်ပြီးတစ်ယောက် အလုပ်ထုတ်ပစ်နေလို့ အလုပ်ဆိုတာကလည်း မရေမရာဖြစ်တာကို ဖော်ပြထားပါတယ်။ ထရမ့် ဘေးမှာ ဝိုင်းနေသူတွေကလည်း ဟုတ်ကဲ့သမားတွေ ဖြစ်နေပါတယ်။ ထရမ့်ကိုရွေးခဲ့တဲ့ လူကြီးအုပ်စုလည်း ခွာသွားခဲ့တယ်။ သူတို့ထင်ထားတာနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ အမျိုးသားလုံခြုံရေး အကြံပေး တစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေအတွက် ဘယ်လို ရွေးချယ်စရာတွေရှိကြောင်းပြောပြဖို့နဲ့၊ ဆုံးဖြတ်ချက်ကိုလည်း ဗျူရိုကရေစီ ယန္တရားကနေ အကောင်ထည်ဖော်ရမယ်လို့ နားလည်ထားတယ်။ အမျိုးသားလုံခြုံရေးကောင်စီရဲ့ လုပ်ငန်းစဉ်ဆိုတာကလည်း တက်လာတဲ့သမ္မတအပေါ် မူတည်ပြီး အမျိုးမျိုးကွဲလွဲကြတယ်။ ဘယ်လိုပဲ ကွဲလွဲမှုရှိပါစေ အရေးကြီးတဲ့ ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် ဆောင်ရွက်ရတယ်။

ထရမ့်ကိုတင်ခဲ့တဲ့ လူကြီးအုပ်စုဟာ သိပ်ဆိုးဆိုးဝါးဝါးနဲ့ ထရမ့်အပေါ် ဆားဗစ်ပေးခဲ့ကြတယ်။ ပူးပေါင်းကြံစည်တဲ့ သီအိုရီတွေ ထုတ်လာတယ်။ နောက်ဆုံးပြောရရင် အိမ်ဖြူတော်ကို ဘယ်လို လည်ပတ်အောင် လုပ်ရမလဲဆိုတာကို အံ့သြစရာကောင်းလောက်အောင် မသိတာတွေ့ရတယ်။ ထပ်ပြောရရင် executive branch လို့ခေါ်တဲ့ အုပ်ချုပ်ရေးကို လုပ်နိုင်လိမ့်မယ်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒတွေကို စိတ်ထဲဖြစ်လာသလို အသိစိတ်လေးနဲ့ ထူထောင်နိုင်မယ်၊ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးလည်း ထူထောင်ထားနိုင်မယ်၊ ရုပ်မြင်သံကြားမှာလည်း ရှိုးမန်းဖြစ်မယ်လို့ ယုံကြည်မိတယ်။ ဒါတွေတစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။ ဆန်းစစ်မှုတွေ လုပ်တာ၊ အစီမံတွေဆွဲတာ၊ ပညာရပ်ဆိုင်ရာ စည်းကမ်းတွေ၊ ရလဒ်တွေ သုံးသပ်တာ၊ သွားနေတဲ့ လမ်းကြောင်းပြန်တည့်တာလို ကိစ္စတွေဟာ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ပိတ်ဆို့တာ အဖြေရှာတာမျိုးတွေ ဖြစ်သွားတယ်။ အင်စတီကျူးရှင်းထောင့်ကနေပြောရရင် ထရမ့်ရဲ့ ကနဦး အပြောင်းအလဲကာလတွေဟာ အစားထိုး မရနိုင်တော့တဲ့ ဆိုးဆိုးဝါးဝါးနှစ်တွေ၊ ဂရုမစိုက်ဘဲ ဆောင်ရွက်ခဲ့တဲ့နှစ်တွေဆိုရင် ငြင်းမရပါဘူး။

“ထရမ့်ဟာ ဂျွန်ဘော်တန်ကို မငှားချင်တဲ့
အကြောင်းက နှုတ်ခမ်းမွှေးပါနေလို့ပါတဲ့။
နောက်တစ်ချက်က ဘော်တန်ကို
ဗုံးနဲ့ ပစ်တတ်သူလို့ ခေါ်ကြတယ်။”

ထရမ့်ရဲ့ အငယ်တန်းအုပ်ချုပ်ရေးအဖွဲ့ဟာဆိုရင် ဦးစားပေးအစီစဉ်ဆိုတာမရှိသလို၊ ထရမ့် ကိုယ်တိုင်ရော၊ သူ့ရဲ့ရုံးအဖွဲ့ကိုယ်တိုင်ကပါ အစိုးရတစ်ရပ် လည်ပတ်ဆောင်ရွက်ပုံလမ်းညွှန်တောင် (government operation manual) ဖတ်မထားကြဘူး။ ကျွန်တော်ဟာ အဲဒီလိုဝရုန်းသုန်းကားထဲဝင်ပြီး တာဝန်ယူရတယ်။ လူပုဂ္ဂိုလ်တွေ အပြောင်းအလဲ ခဏခဏ လုပ်လာတယ်။ ဆန့်ကျင်သူမှန်သမျှ အလုပ်ထုတ်ခံရတဲ့ သဘောတွေဖြစ်လာတယ်။ အရင်သမ္မတလက်ထက်က ကျွန်တော့်နေရာ တာဝန်ယူထားသူ လုပ်ရတာနဲ့ လုံးဝမတူခဲ့ဘူး။ တစ်ရက်လုပ်ရတာနဲ့ နောက်တစ်ရက်လည်း မတူညီဘူး။ ထရမ့်ထည့်ထားတဲ့ ဝန်ထမ်းတွေကလည်း သူလက်ထဲက သဘောထား တင်းမာသူတွေပါပြီး၊ သူရွေးကောက်ပွဲ နိုင်တာကလည်း မျှော်လင့်မထားတော့ အရာရာ အရန်သင့်ဖြစ်မနေတာ တွေ့ရတယ်။

ဘော်တန်နဲ့ ဟီလာရီ၊ ဘီကလင်တန်တို့ဟာ ယေးလ်ဥပဒေကျောင်းက မိတ်ဆွေတွေဖြစ်ပြီး သူတို့က တစ်နှစ်ကြီးပါတယ်။ ဒါကြောင့် ဘော်တန်ဟာ ဟီလာရီက ဘာလုပ်နိုင်တယ်၊ ဘာတွေ စီစဉ် နိုင်တယ်ဆိုတဲ့ ဂိမ်းပလင်န်ကို ချပြပေးခဲ့တယ်။ ဟီလာရီဘက်ကလည်း မပြောင်းလဲတဲ့ အဲလို အစီစဉ်တွေလုပ်လာခဲ့တယ်။ ထရမ့်ပြောတာက ခင်ဗျားအမြင်နဲ့ ကျွန်တော့်အမြင် သိပ်နီးစပ်ပါ တယ်လို့ အဆုံးသတ်သွားခဲ့တယ်။

နယူးယောက်တိုင်း(မ်)မှာ ရေးထားတဲ့ စာအုပ်အညွှန်းမှာတော့ ယူကရိန်းနဲ့ လုံခြုံရေးသတင်းတွေ ပါနေတာကြောင့် စာအုပ်ထွက်တာ နောက်ကျအောင် ထရမ့်က ဇွန်လ ၁၆ ရက်မှာ ဘော်တန်ကို တရားစွဲခဲ့ပါတယ်။ ကိုဗစ်ကြောင့်ရယ်၊ နိုင်ငံတဝှမ်း ဆန္ဒပြမှုကြောင့် တိတ်ဆိတ်သွားပါတယ်။ ဘော်တန်ကို အိမ်ဖြူတော်က ကြားနာတာနဲ့ ပတ်သက်ရင် အမေရိကန်တွေ ခုချိန်မှာ သိချင်လာပါပြီ။

စာအုပ်မှာ နောက်ဆုံးပြောသွားတာက ထရမ့်ဟာ အလွန်အနှောင့်အယှက်ဖြစ်စရာကောင်းတာ၊ ဒီမိုကရက်တွေကပဲ ကြားနာမှုဆိုင်ရာ လုပ်ထုံးတွေကို တလွဲလုပ်ပြီး လွှမ်းမိုးနေတာ၊ ကျယ်ကျယ်ပြန့်ပြန့် သူ့အပေါ် စုံစမ်းစစ်ဆေးရမယ့်အစား၊ နိုင်ငံရေးအရ မဖြစ်မနေလုပ်ရမယ့်ကိစ္စတွေရဲ့ အလွှမ်းမိုးခံနေရတာတေွကို ရောက်သလို ပြောသွားပါတယ်။ စုံစမ်းစစ်ဆေးမှုလုပ်ရင်လည်း Halkbank နဲ့ ZTE ရဲ့ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးသင့်တယ်လို့ ပြောပါတယ်။

Ref: NY times, guardian, The Room Where It Happened: A White House Memoir by John Bolton, former national security advisor of the United States.

LEAVE A REPLY

Please enter your comment!
Please enter your name here