အိမ်. . .ထောင်

0
136

ကျော်လတ် ရေးသည်။

ပေါ့ပေါ့ပါးပါး ဇာတ်ကားတစ်ကားလောက် ပြောကြပါစို့။ ဒီတစ်ပတ်မှာ လေကြီးလေကျယ်တွေ၊ စကားကြီးစကားကျယ်တွေ မပြောဘဲ အေးဆေးဆေးဆေးပေါ့။ ကမ္ဘာကြီးကိုပြောင်းလဲမယ်တို့၊ လူ့ဘောင်ကြီးကိုချိန်းပစ်မယ်တို့၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်မယ်တို့ ဒါတွေမပါဘဲနဲ့ လူ့ဘဝကြီးကို ရယ်ရယ်မောမော မြင်ကြည့်ကြပါစို့။ ဇာတ်ကားနာမည်က Geetha Chalo ပါ။ အဓိပ္ပာယ်က Weekend party ပါ။ တောင်ပိုင်းရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသမီးက ရွှေပြည်ကြီးမှာ “အပြုံးမင်းသမီး”လို့ ကျော်ကြားတဲ့ ရက်ရှ်မီးကား မက်ဒါးနားဖြစ်ပါတယ်။ မင်းသားကိုတော့ တစ်ခါမှ မကြည့်ဖူးသေးပါဘူး။

(၁)

ခရစ်ရှနား …သူက သားဖွားမီးယပ်ပါရဂူ။ အမျိုးသားတန်မဲ့ ငယ်ငယ်လေးကတည်းက ဝါသနာပါလို့ သားဖွားမီးယပ်ပါရဂူဖြစ်အောင် တစိုက်မတ်မတ် ကြိုးစားခဲ့တဲ့သူ။ အိန္ဒိယတောင်ပိုင်း ဘိုင်ဇက်မြို့က ထိပ်တန်းသားဖွားမီးယပ်ပါရဂူ ၁၀ ဦးထဲမှာ ဒေါက်တာခရစ်ရှနားပါတယ်။ လူငယ်အရွယ်ပဲ ရှိပါသေးတယ်။ ဘိုင်ဇက်မြို့ထဲက အမျိုးသမီးတွေ သူ့ကြောင့် မိခင်ဘဝကို ရကြတာလို့ ကြံကြံဖန်ဖန် ဂုဏ်ယူစွာ ဝင့်ကြွားတဲ့သူ။ ဟုတ်တော့ လည်း ဟုတ်တာပေါ့။ ကိုယ်ဝန်ဆောင်အမျိုးသမီး တော်တော်များများက သူမွေးပေးရတာကိုး။

သူ့ရဲ့နောက်ထပ်ဝါသနာက သောက်တာပဲ။ အလုပ်နားပြီဆိုတာနဲ့ ဘားသွားသောက်တော့တာပဲ။ မူးပြီဆိုတာနဲ့ ကလပ်တက်ပြီး ကတယ်။ အိန္ဒိတောင်ပိုင်းသူ တလဂူးသူလှလှလေး တွေနဲ့ တွဲကတော့တာပဲ။ သူ့အိမ်က အိမ်ထောင်ချပေးဖို့ အမျိုးမျိုးကြိုးစားတယ်။ ချိတ်ပေးတဲ့ ကောင်မလေးနဲ့ ကလပ်သွားကပစ်တာပဲ။ ယူတော့ မယူဘူး။ အဲဒီကောင်မလေးတွေနဲ့လည်း သူက အိမ်ထောင်ပြုဖို့ အဆင်မပြေဘူး။ ဆိုပါတော့… သူဟာ လူပျိုဘဝကို စွန့်လွှတ်ဖို့ နည်းနည်းလေးမှ စိတ်မကူးတဲ့သူ။ လူပျိုဘဝရဲ့လွတ်လပ်မှုကို မိန်းမတစ်ယောက်အတွက် မလဲနိုင်ဘူးပေါ့။ အိမ်ထောင်ဆိုတဲ့ ဘယ်တော့မှမလွတ်နိုင်တဲ့ ထောင်ကြီးထဲကို မဝင်ဘူး။ ဉာဏ်ကြီးလှတဲ့ ပညာရှိပဲဗျိုး။

ပညာရှိသတိဖြစ်ခဲဗျာ…။ သူမှားသွားတာက သူသောက်နေကျဘားမှာ။ သူ့ကိုမှားအောင် တွန်းပို့လိုက်တာကတော့ အပေါင်းအသင်းတွေ။ အိမ်ထောင်ပြုဖို့တိုက်တွန်းတဲ့ ဘော်ဒါတွေဆို ချင့်ချိန်ယုံကြဗျိုး။ အားလုံးကောင်းနေတဲ့အချိန်မှာ ဘော်ဒါတစ်ယောက်က လက်ချာပို့ချတယ်။ ဒေါက်တာခရစ်ရှနားဆိုတဲ့သူနဲ့ အဆင်ပြေမယ့် မိန်းမတစ်ယောက်ကို ရွေးချယ်နည်းပေါ့။ ခပ်အအ ခပ်ရိုးရိုး အနေအထိုင်သေဝပ်တဲ့ မိန်းမတစ်ယောက်ကို ရမယ့်ဗျူဟာတွေ ပို့ချလိုက်တယ်။ အဓိကဗျူဟာကတော့ သူလည်း မခုတ်တတ်တဲ့ကြောင်တစ်ကောင်လို ဟန်ဆောင်ဖို့ပေါ့…။

(၂)

အောင်မြင်ပါ့ဗျာ။ အောင်မြင်လိုက်တာမှ တနး်ခနဲပဲ။ မိန်းမသွားကြည့်တဲ့နေ့မှာ ဒေါက်တာ ခရစ်ရှနားဟာ လူကြီးသူမတွေရှေ့မှာ မျက်လွှာလေးချ…မဝံ့မရဲဟန်လေးဖမ်း… အင်မတန်မှ အေးတဲ့အသွင်လေးယူလို့။ လူကြီးတွေရဲ့ခြေထောက်ကိုထိပြီး အရိုအသေတွေပေးနေလို့ သူ့အဘွားအရင်းတောင် အံ့တွေသြလို့။

ဟိုဘက်က မိန်းကလေးနာမည်က ခူရှီးတဲ့။ MBA ဘွဲ့ရထားတဲ့ ကောင်မလေး။ ခူရှီးမိဘတွေရော… ခူရှီးကိုယ်တိုင်ကရော ဒေါက်တာခရစ်ရှနားကို သဘောတွေကျ။ ဒေါက်တာကလည်း ခူရှီးကို ရိုးရိုးအေးအေး အဖိုးတန်အမျိုးမှန်လေး…. သူပြောသမျှယုံမယ့်သူဆိုပြီး ပီတိတွေဖြာလို့။ မကြာခင်မှာ မင်္ဂလာပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပလိုက်ကြပါတယ်။ သတိုးသမီးဘက်က လက်ဖွဲ့တဲ့အိမ်မှာ ခွဲလို့နေကြပါတယ်။

ဒေါက်တာဟာ ညဆို ဆေးရုံညဂျူတီရှိလို့ဆိုပြီး အပြင်ထွက်ဘားသွား အပေါင်းအသင်းတွေနဲ့ ကဲပါတော့တယ်။ အဲဒီမှာ… သူ့မိန်းမကောင်းကြောင်း… အနေအထိုင်အေးကြောင်း အပေါင်းအသငး်တွေအပေါ် ကြွားလို့မဆုံးပါဘူး။ သူလိမ္မာတော့မယ်ပေါ့… အိမ်ထောင်ကျခါစယောကျာ်းတွေထုံးစံအတိုင်း ကြွေးကြော်နေပါတယ်။ သူ့အမျိုးသမီးဟာ သူနဲ့အကြိုက်တူ စရိုက်တူ ဟန်ဆောင်ကောင်းတာလည်း တူတာမှန်း မသိသေးခင် အထိတော့ ဒေါက်တာရဲ့ဖန်သားနန်းတော်ကြီးဟာ ခမ်းနားလှပနေပါတယ်။

ဒေါက်တာရဲ့ဖန်သားနန်းတော်ကြီး မကြာခင် ကွဲပါတော့တယ်။ သူ့အဖြစ်ဟာ လူပါးပုလင်းကွဲရှ… ပရုတ်လုံး ပိုးဟပ်တောက်ခံရတဲ့ အဖြစ်မျိုးပါ။ ခူရှီးဟာ တကယ်တော့ ကလပ်ခရေစီပါ။ ကလပ်မှာ တက်ကဲရတာကို နှစ်ခြိုက်တဲ့သူ။ အရက်ကိုလည်း အတော်သောက်နိုင်တဲ့သူပါ။ အိမ်ထောင်ကျပြီးလို့ ဒေါက်တာအပြင်သွားပြီဆို အပေါင်းအသင်းတွေကို အိမ်ခေါ်ပြီး ပါတီပွဲဆင်နွှဲပါတော့တယ်။ ဒေါက်တာကလည်း ညဂျူတီအကြောင်းပြ အပြင်မှာ ကဲနေတဲ့အချိန် သူကလည်း အိမ်မှာကဲနေပါတယ်။ ဒေါက်တာအလစ် အိမ်မှာသောက်ဖို့ အရက်ပုလင်းတွေကိုလည်း အိမ်မှာ ဝှက်ထားပါတယ်။ တကယ့်ဒိတ်နှစ်ယောက် တွေ့ကြတာပါပဲ။ သူတို့နှစ်ဦးကိုမှ ဆုံဖြစ်အောင်ဆုံပေးတဲ့ ကံကြမ္မာကတော့ အံ့သြစရာပါပဲ။

သူတို့နှစ်ယောက်ဟာ ကြာကြာတော့ မဖုံးကွယ်နိုင်ကြပါဘူး။ တစ်ယောက်ရဲ့အဖြစ်မှန်ကို တစ်ယောက်က သိသွားကြပါတော့တယ်။ ဂျင်းအထည့်ခံရမှန်းသိသွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ကြည့်မရတော့ဘူး။ ဧည့်ခန်းမှာ အတူထိုင်နေရင်း စိတ်ကူးထဲမှာ ရန်ဖြစ်ကုန်ကြပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောကြရင်း ကွာရှင်းဖို့ ဆုံးဖြတ်ကြပါတယ်။ ကြံကြံဖန်ဖန် ကွာရှင်းဖို့ စိတ်ကူးရတဲ့အတွက် အောင်ပွဲခံတဲ့အနေနဲ့ နှစ်ယောက်သားအတူတူ ကြည်ကြည်ဖြူဖြူ သောက်ကြပါတယ်။ ကွာရှင်းဖို့ကို ပျော်လို့ အတူတူအရက်သောက်ကြပါသတဲ့။

နှစ်ယောက်လုံးဟာ အကြောင်းပြချက်ကိုယ်စီ ဖန်တီးပြီး ကိုယ့်အိမ်ကို ပြန်သွားကြပါတယ်။ ခူရှီးအကြောင်းပြတာကတော့ ဒေါက်တာရဲ့အစ်ကိုဟာ သူ့ကိုတောင် အလွတ်မပေးတဲ့ နှာဗူးကြီးမို့ ဒေါက်တာနဲ့ မပေါင်းနိုင်တော့ဘူးတဲ့။ ဒေါက်တာ အကြောင်းပြတာကကျတော့ ခူရှီးရဲ့ဦးလေးဟာ ယောကျာ်းချင်းစိတ်ဝင်စားသူ…သူ့ကို ခဏခဏ ဝင်ရောနေတယ်…ခူရှီးကို ပြောတော့လည်းမရ၊ ဒါ့ကြောင့် အိမ်ပေါ်က ဆင်းလာတာတဲ့။ အလိမ် အညာဇာတ်လမ်း ကိုယ်စီနဲ့ပေါ့။

အိမ်ရောက်တော့ သူတို့တွေ အဆင်မပြေကြဘူး။ သူတို့ဟာ မိသားစုအပြင်ကလူတွေလို ဖြစ်သွားတယ်။ သဘောကတော့ သူတို့အိမ်ထောင်နဲ့သူတို့မို့ သူတို့ကို မိသားစုဝင်လို့ သဘောမထားချင်ကြတော့ဘူး။ အဲဒီတော့ အဆင်မပြေဘူးပေါ့။ အိမ်မှာနေရတာပျင်းလို့ ကလပ်တက်တော့လည်း သူတို့ကို အိမ်ထောင်သည်ဆိုပြီး ဘယ်သူကမှ တွဲမကချင်ကြဘူး။ ကဲမယ်လို့ကြံတော့လည်း အိမ်ထောင်သည်ဆိုပြီး တားကြပြန်တယ် ။ ဒီတော့ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် မချုပ်နှောင်ကြေးဆိုပြီး ဟန်ဆောင်ပြီး ပြန်ပေါင်းကြပါတယ်။ သူတို့နှစ်ဦးဟာ လင်မယားအဖြစ်သာ အဆင်မပြေသာ သူငယ်ချင်းအဖြစ်သာဆိုရင် ပျော်စရာကောင်းမှာပဲဆိုပြီးတော့ လူကြီးတွေရှေ့မှာ ဟန်ဆောင်ပြန်ပေါင်းပါတယ်။

ပြန်သာပေါင်းဟန်ဆောင်တာ တရားဝင်ကွာ ရှင်းခွင့်ရဖို့အတွက် ရှေ့နေနဲ့ တိုင်ပင်ကြပါတယ်။ သူတို့ရဲ့အိမ်ထောင်သက်ဟာ နှစ်လပဲရှိသေးတဲ့အတွက် တရားဝင်ကွာရှင်းလို့မရကြောင်း၊ တနှစ်မပြည့်သေးဘဲ ကွာချင်ရင် ခန်းဝင်ကိစ္စရယ်၊ ပန်းသေတဲ့ကိစ္စရယ်၊ စိတ်မနှံ့တာရယ် ဒီသုံးခုပဲ ချက်ချင်ကွာရှင်းလို့ရကြောင်း ရှေ့နေက ရှင်းပြပါတယ်။ ဒေါက်တာတို့ဟာ ဒုတိယအကြောင်းပြချက်ကို ရွေးပြီး ရုံးတော်ကိုဦးတိုက်ကာ ကွာရှင်းဖို့ လျှောက်ထားကြပါတယ်။

(၃)

ဟန်ဆောင်ပေါင်းကြကာမှ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ငြိကြပြန်ပါတယ်။ ညကြီးမင်းကြီး ခူရှီးကားပျက်နေတော့ ဒေါက်တာက သွားကြိုပေးပါတယ်။ နောက်ပြီး ခူရှီးဦးစီးကျင်းပတဲ့ ပွဲတစ်ခုမှာ လူရမ်းကားတွေကို ဒေါက်တာက ရှင်းပေးလိုက်ပြန်ပါတယ်။ ခူရှီးဟာ ခုကျမှ ဒေါက်တာကို လေးစားပြီး ချစ်လာပါတယ်။ ပြီးတော့ သူတို့နှစ်ဦးဟာ ဆိုင်ကယ်ဝါသနာအိုးတွေဆိုတော့ ဆိုင်ကယ်တွေနဲ့ ခရီးတွေ အတူထွက်ကြ၊ ကလပ်တွေ အတူတက်ကြနဲ့ ပိုပိုပြီးနားလည်လာကြပါတယ်။ ဆန်းတော့အဆန်းသား၊ မချစ်လို့ကွာရှင်းဖို့ စီစဉ်ကြတယ်။ ကွာရှင်းဖို့ စောင့်နေရင်း တစ်ယောက်နဲ့တစ်ယောက် ချစ်သွားကြပြန်ရော။

အဲဒီတော့ သူတို့နှစ်ဦး တကယ်ပဲ ကွဲသွားကြမှာလား၊ ပြန်ရောပေါင်းကြမှာလား၊ ခွက်ထိုး ခွက်လန်ရယ်ရင်း ကြည့်ကြပါစို့။ ဒီဇာတ်ကား ကြည့်ရင်း ဘဝရဲ့အမောတွေ ခဏတာပဲဖြစ်ဖြစ် ပြေပျောက်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here