အောင်မဲညိုအကြောင်း တစေ့တစောင်း

0
762

ကိုသက်နိုင်ဦး ရေးသည်။

အခုတလော Facebook ပေါ်မှာ နာမည်ကြီးနေတဲ့ အောင်မဲညိုအကြောင်း ပြန်တင်ပြလိုပါတယ်။ တကယ်လက်တွေ့ သက်သာလို့လည်း နာမည်ကြီးတာပါ။ အညာမှာတော့ အောင်မဲညိုအပင်လေးတွေက အလေ့ကျပေါက်ပါတယ်။ ဘယ်နေရာသွားသွား တွေ့ရတယ်။ ဒီအတိုင်း ပေါပေါများများတွေ့ရလို့ အထင်မသေးလိုက်ပါနဲ့။ Ocean လို၊ Shopping Mall လို ကုန်တိုက်ကြီးပေါ်မှာ အညိုရောင်စာအိတ်နဲ့ သွတ်သွင်းရောင်းရင်တော့ တအိတ် ၅ဝဝဝ ကျပ်ဖြစ်သွားပြီ၊ နို့ဆီဘူးတဝက်စာတောင် မရှိ၊ ဘာလို့ဈေးကြီးတာလဲ၊ သူ့ရဲ့ ဆေးဖက်ဝင်မှုကို လူတွေ တဖြည်းဖြည်းသိလာကြလို့ပေါ့။ အခုဆို အရင်လို ခြုံတွေ့တိုင်း မရှင်းကြတော့ဘူး။ အောင်မဲညိုပင်လေးတွေ့ရင် မသတ်နဲ့ဦးဖြစ်လာပြီ။ အပွင့်ခူးပြီး စုတဲ့လူတွေ ရှိလာပြီ။

ပန်းက ၂ မျိုးရှိတယ်။ အလှစိုက်နဲ့ သဘာဝပေါက်ပင်ဖြစ်တယ်၊ သဘာဝအတိုင်း ပေါက်နေတဲ့ ပန်းက ပိုလို့တောင် ဆေးဖက်ဝင်ပါသေးတယ်။ သဘာဝပေါက်သောပဲပန်းက ပွင့်ချပ်တစ်ထပ်သာ ပါသော်လည်း အလှစိုက်ရန် ပျိုးထားသော အောင်မဲညိုပဲပန်းကတော့ ပွင့်ချပ် အထပ်အရေအတွက် ပိုများပြီး ပိုလှပါတယ်။ နှစ်မျိုးစလုံး၏ ဆေးဖက်ဝင်ပုံက အတူတူပါ။

အပြာရောင် ပဲပန်းလေးပေမဲ့ မြန်မာအမည်ကို ဘာ့ကြောင့် ”အောင်မဲညို”လို့ ခေါ်မှန်းမသိပါ၊ အဖြူရောင်ပန်းကိုတော့ ”အောင်မဲဖြူ”လို့ခေါ် ပါတယ်။ မူရင်းပေါက်ရာဒေသက အပူပိုင်းဒေသနဲ့ သမပိုင်းဒေသများဖြစ်ကြပြီး၊ Southeast Asia နဲ့ Madagascar ဒေသများမှာ ပေါက်ပါတယ်။ ထိုင်းမှာတော့ ဆေးဝါးအတွက် စိုက်ကြတယ်။

ပန်းရဲ့ မျိုးစု “Genus” အမည်ပေးပုံကလည်း ဆန်းပြားလှပါတယ် လက်တင်စကား “Clitoria” ဆိုတာ မိန်းမတယောက်ရဲ့ အမလိင်အင်္ဂါ “Clitoris” မလိင်စေ့ကို ရည်ညွှန်းပါတယ်၊ ဒီပဲပန်းပွင့်နေပုံကို ရှေ့ကကြည့်ရင် မိန်းမတယောက်ရဲ့ လိင်အင်္ဂါပုံစံနဲ့ မထင်မှတ်ဘဲ တူနေတာကို မြင်ကြရမှာပါ။

Taxonomy

အပင်က နွယ်ပင်လေးပါ အရွက်က ရွက်ပေါင်းဖြစ်ပြီး ရွက်မွှာ ၅ ရွက်ကနေ ၇ ရွက် လောက် ပါပါတယ်၊ ပန်းခိုင်က ကြားထွက်ဖြစ်ပြီး အခြားပဲပန်းများနဲ့မတူ တပွင့်တည်းထွက်တာ ဆန်းလှပါတယ်။ ဒါ့အပြင် အပြာရောင်မို့ အဝေးကပင် မြင်နိုင်ပါ တယ်။ ပွင့်ခံရွက် ပွင့်ညှာရွက်များ ပါပါတယ်။ ပွင့်ဖက်အုံက ပြွန်ပုံဖြစ်ကာ အဝိုက် ၅ ခု ထိပ်မှာရှိပါတယ်။ ပန်းပွင့်ရဲ့အထင်ရှားဆုံးဖြစ်တဲ့ ပွင့်ချပ်အုံမှာ Standard,Wings,Keels ပါပါတယ်၊ အကြီးမားဆုံး Standard က တစ်ခုထဲပါပြီး အကြီးဆုံးပါ။ အပြာရောင်ဖြစ်ပြီး အလယ်အရင်းမှာ အဝါရောင် ဖျော့ဖျော့ အကွက်ငယ် ပါပါတယ်။ Wings ၂ ခုပါပြီး အတွင်းဘက်ဆုံးက Keels ၂ ခုထက် ကြီးပါတယ်။ သူတို့ ၅ ခုတည်နေပုံက ပုံမှာအတိုင်းဖြစ်ပြီး ဖြုတ်ကြည့်လျှင် လိပ်ပြာပုံစံ မြင်ကြရမှာပါ။ ဝတ်ဆံဖို ၁ဝ ခုပါပြီး ၂ စုစည်းပါ။ ၉ ခုတစည်းနဲ့ တခုတစည်းပါ။ အသီးတောင့်က အနည်းငယ်ပြားပြီး အစေ့ ၄ စေ့ကနေ ၁ဝ စေ့အထိ ပါနေတတ်ပါတယ်။

အသုံးပြုပုံ

Southeast Asia မှာတော့ ပန်းပွင့်လေးတွေကထွက်တဲ့ အပြာရောင်အရည်ကို အစားအစာများ ဆေးဆိုးရာမှာ သုံးကြတယ်။ အန္တရာယ်လည်း ကင်းပါတယ်။ မလေးမှာတော့ ပန်းပွင့်က စစ်ထုတ်တဲ့ အရည်ကို ကောက်ညှင်းဆန် အရောင်လှအောင် ဆိုးတဲ့နေရာ သုံးကြတယ်။ မုန့်လေးတွေ ဆေးဆိုးရာမှာ သုံးကြတယ်။ အပြာရောင်ကွတ်ကီးက ဒီအပင်က ရတာပါ။

ထမင်းအိုးထဲကို ဒီပန်းပွင့်ကို ထည့်ချက်ကြည့်ရင် အပြာရောင်ထမင်း ရမှာပါ။ ဘေးထွက်ဆိုးကျိုး မရှိသော သဘာဝအပြာရောင်ဆိုးဆေးပါ။ ဒါ့အပြင် မုန့်အမျိုးမျိုးအတွက် အရောင်တင်ဆီအဖြစ် အသုံးပြုလို့ ရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်တော့ ဖျော်ရည်၊ ရေနွေးကြမ်းအဖြစ် သောက်သုံးကြတယ်။

ပန်းအပွင့်အစိုကို ရေနွေးပူပူထဲမှာ ငါးမိနစ်ခန့် ထည့်စိမ်ပြီး အပေါ်ကနေ သံပုရာရည်ညှစ်ပြီး ရောစပ်ကာ သောက်နိုင်ပါတယ်။ အလွန်ကို ရိုးရှင်းသော ဖျော်ရည်ပါ။ ပန်းပွင့်လတ်လတ်ဆတ်ဆတ်မရလည်း ပန်းပွင့်အခြောက်ကို သုံးနိုင်ပါတယ်။ ထိုင်းမှာတော့ ဒီပန်းကနေရသော အပြာရောင်အရည်ကို Nam Dok Anchan လို့ခေါ်ပါတယ်။ သူ့ကို သံပုရာ Lime Juice တစက်ခန့်နဲ့ ရောတဲ့အခါ Acidity ကိုတိုးစေပြီး မူလအပြာရောင်ကနေ Pink Purple အဖြစ် ပြောင်းလဲသွားတယ်။ အချို့လည်း အပြာရောင်ဖျော်ရည်လုပ်ကာ သောက်သုံးကြတယ်။

ဆေးဖက်ဝင်ပုံများ

အပြာရောင်ပန်းလေးထဲမှာ Antioxidants များဖြစ်သည့် Proanthocyanidin တွေပါတယ်။ သွေးစီးဆင်းလည်ပတ်မှု ကောင်းစေတယ်။ အမြင်အာရုံတွေ ပိုကောင်းလာစေတယ်၊ သောက်သုံးခြင်း က Glaucoma,Blurred Vision, Retinal Damage or Tired Eyes ရောဂါတွေကို သက်သာစေတယ်။

ပန်းပွင့်ထဲမှာ Bioflavonoids တွေ ကြွယ်ဝစွာပါလို့ ဆံပင်တွေကို နက်မှောင်သန်စွမ်းစေရုံသာမက ဆံပင်ဖြူခြင်းကို လျော့ကျစေတယ်။ စကားမစပ် အောင်မဲညို ခေါင်းလျှော်ရည်ကတော့ အတော်ကောင်းတယ်လို့ သိရပါတယ်။ Facebook မှာပဲဖြစ်ဖြစ်၊ Google မှာပဲဖြစ်ဖြစ် Butterfly Shampoo လို့ ရိုက်ထည့်ပြီးရှာပါ၊ ခေါင်းလျှော်ရည်ကြောင့် ဆံပင်သားတွေ သန်စေရုံသာမက၊ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးပါသတဲ့၊ ဆံပင်ပါးသူတွေ သုံးသင့်ပါတယ်။

ပန်းမှာပါဝင်သော Antioxidants တွေက Collagen and Elastin Synthesis တွေကို လှုံ့ဆော်ပေးနိုင်တာမို့ အသားအရေများ ပျော့တွဲလာခြင်းကို ဟန့်တားစေပြီး၊ အသက်ကြီးလို့ ဖြစ်လာသည့် အရေပြားရောဂါတွေ ကင်းစင်ကာ အပျိုအရွယ်လေးပမာ အသားအရည်က ပြောင်တင်းချောမွေ့ကာ အရွယ်တင် နုပျိုစေပါတယ်။

ဒီပန်းမှာ Aphrodisiac လို့ခေါ်တဲ့ ကာမအားတိုးဆေးနဲ့ဆိုင်သော သက်ရောက်မှုရှိတယ်။ ကာမကို အားပေးရုံသာမက အမျိုးသမီးတွေမှာဖြစ်တတ်သော ဓမ္မတာလာခြင်းနှင့်ဆိုင်သော ပြဿနာများ ကိစ္စရပ်များနဲ့ အဖြူဆင်းခြင်း Menstruation Problems or White Vaginal Discharge (Leucorrhoea) စသော ရောဂါတွေကို ကုသနိုင်စွမ်းရှိပါတယ်။

ပန်းဟာ Cognitive Function ကို မြန်ဆန်စေပြီး ဦးဏှောက်၏ လုပ်ငန်းများကို မြန်ဆန်လာစေတယ်။ ဆီးကို ပုံမှန်သွားစေလို့ Diuretic ဆီးရွှင်ဆေးအဖြစ် သုံးနိုင်တယ်။ သွေးတိုးသမားတွေအတွက် သဘာဝသွေးကျဆေးဖြစ်တယ်။

နာကျင်ကိုက်ခဲခြင်းနဲ့ ဖောရောင်ခြင်းကို သက်သာစေတယ်။ စိတ်ဖိစီးမှု Stress and Anxiety ကိုလည်းကျစေပါတယ်။ ပန်းကို Anti-Asthmatic အဖြစ်သုံးရာမှာ သာမန်အဖျားရောဂါ၊ အအေးမိ Common cold, ချောင်းဆိုး၊ Cough & ပန်းနာရင် ကျပ် (Asthma) ရောဂါတွေကိုလည်း သက်သာစေပါတယ်။ အစားအသောက်ထဲက သကြားဓာတ်ကို ဟန့်တားစေနိုင်တာမို့ ဆီးချိုသမားများအတွက်တော့ ဆေးတခွက်ပါပဲ။

ပဲပန်းထဲမှာ Cyclotides, ဒြပ်ပေါင်းပါတယ်။ ဒီ ဒြပ်ပေါင်းက Anti-HIV Effects ကိုပြသကြောင်း သုတေသနများအရ သိရတယ်။ ကင်ဆာဆဲလ်များကိုပင် သေစေနိုင်သော Cyclotides ဟာ ဒီပဲပန်းမှာ ပါဝင်နေတယ်။ ဒါ့အပြင် သူ့မှာ Anti-Microbial Effects ရှိပြီး Staphylococcus Aureus ကို ဆန့်ကျင်ပါတယ်။ ပုံမှန်သောက်သုံးသူတွေမှာ ကိုယ်ခံစွမ်းအား မြင့်တက်စေပါတယ်။

ဖိလစ်ပိုင်တွင် အောင်မဲညိုပန်းမှရသော အရည်ကို BLUE TERNATE TEA PEA FLOWER အနေဖြင့်ရောင်းချသည်ကို သိရသည်။ အပြာရောင် အောင်မဲညိုဖျော်ရည်သည် မှတ်ဉာဏ်များကို ပြန်လည်ကောင်းမွန်လာစေနိုင်သည်၊ ပင်ပန်းနွမ်းနယ်ပြီး စိတ်ဖိစီးမှုများနေခြင်းကို သက်သာလာစေသည်။

Health Benefits အကျိုးကျေးဇူးများကို ခြုံဖော်ပြရရင်

ထိုဖျော်ရည် သောက်သုံးခြင်းဖြင့် သွေးတိုးကျစေခြင်း၊ ပန်းနာရင်ကျပ်၊ ကင်ဆာရောဂါကာကွယ်၊ ကိုယ်ခံစွမ်းအားမြင့်၊ စိတ်ဖိစီးမှုကင်း၊ နာကျင်မှုများ သက်သာခြင်းတို့ ရစေနိုင်သည်ဟု ဆိုထားပါသည်။

ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းသော ပန်းတပွင့် အဖြစ်လည်း မှတ်သားမိပါတယ်။

အမြစ်ကိုထောင်းထားသည် အမှုန့်ကို စားသုံးလျှင် ချောင်းဆိုး၊ အအေးမိနှင့် ပန်းနာရင်ကျပ် ရောဂါများ သက်သာပျောက်ကင်းစေပါသည်၊ အထူးသဖြင့် အဆိပ်ရှိသော သတ္တဝါများ အင်းဆက်များ ကိုက်ခံရသည့် ဒဏ်ရာများအပေါ်တွင် အလွန်အစွမ်းထက်စွာ တုံ့ပြန်စေပါတယ်။

တိုင်းရင်းဆေး အသုံးဝင်ပုံ

ဒါ့အပြင် ”အောင်မဲညိုပင်လေး”က တိုင်းရင်းဆေးဖက်ဝင်သော အပင်လေးတပင်ပါ။ အရှင် နာဂသိန်ဆေးကျမ်းမှာတော့ ဆေးဖက်ဝင်ပုံကို ယခုလိုရေးသားထားပါတယ်။ အောင်မဲညိုပင်က ပဉ္စငါးပါးအသုံးဝင်လှတယ်။ အပင်သည် ခါး၏၊ ပြေပြစ်၏၊ ဒေါသသုံးပါးပျက်သည်ကို နိုင်၏၊ အေးသောဂုဏ်ရှိ၏၊ လေသလိပ်ဖျားခြင်း၊ ပူလောင် ခြင်း၊ မူးဝေထိုင်းမှိုင်း သွေးဝမ်းသွားခြင်း၊ ရူးသွပ်ခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ ပန်းနာရင်ကျပ်၊ ခူနာပိုးနာ၊ အဆုတ်ရောဂါတွေ ပျောက်ကင်းစေ၏။ အမြစ်သည် ကာမအားကို တိုးစေ၏၊ ဝမ်းသွားခြင်းကို ပယ်စေ၏၊ လေကြောများ၏ ပူလောင်ခြင်းကို ငြိမ်းအေးစေ၏၊ ပန်းနာရင်ကျပ် ရေဖျဉ်းဝမ်းဗိုက်တင်းရောင်ခြင်းကို ပယ်ဖျောက်တတ်၏ လို့ ဆေးကျမ်းမှာ ဖော်ပြထားတယ်။

ကိုယ့်ဝန်းကျင်က အပင်လေးတွေမှာ မထင်မှတ်လောက်သော အစွမ်းသတ္တိ ရှိနေတာဟာဖြင့် တကယ်ကို စိတ်ဝင်စားစရာပါ၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တာမို့ ချစ်စဖွယ် အောင်မဲညိုပန်းလေးတွေ ကောက်ယူမိရင်း ဒီစာကို ရေးသားမိပါတယ်။

ကိုးကား – Wikipedia အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်

LEAVE A REPLY

Please enter your comment!
Please enter your name here