အေးငြိမ်းသီတာ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး ပဲ့ကိုင်ရှင် ဦးမြင့်ဇော်နှင့် တွေ့ဆုံခြင်း

0
2079

အိအိဖြိုး မေးသည်။

“စိန်ခေါ်မှုအကြီးဆုံးက ကျွမ်းကျင်ဝန်ထမ်းပြဿနာ”

တိုင်းရင်းဆေးလောကမှာ အေးငြိမ်းသီတာဆိုတာ ဆေးစွမ်းအပြင် ထုပ်ပိုးမှုကောင်းလို့ သုံးစွဲသူတွေကြား နာမည်တစ်ခု ရထားပါတယ်။ မုံရွာမြို့ရဲ့သမိုင်းကို ပြောမယ်ဆိုရင် အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေးကိုလည်း ထည့်သွင်းပြောမှ ပြည့်စုံမှာပါ။ မုံရွာမြို့မှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို မုံရွာဂေဇက်က အပတ်စဉ်တွေ့ဆုံပြီး ကဏ္ဍတစ်ခုအနေနဲ့ ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အေးငြိမ်းသီတာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးရဲ့ ပဲ့ကိုင်ရှင် ဦးမြင့်ဇော်နဲ့တွေ့ဆုံမေးမြန်းထားတာတွေထဲက အချို့ကို ဖော်ပြလိုက်ပါတယ်။

MGZ – ပထမဆုံးအန်ကယ့်ရဲ့ ငယ်ဘဝဖြတ်သန်းမှုလေး ပြောပြပါ။

UMZ – ကျွန်တော်က ဦးတင်မောင်ကြည်၊ ဒေါ်လှနှင်းတို့ရဲ့ သားအကြီးဆုံးပါ။ ဖြူးမြို့မှာ မွေးခဲ့ပါတယ်။ ၅ တန်းနဲ့ ၆ တန်းကို မုံရွာမြို့ အထက(၁) ကျောင်းမှာ နေခဲ့ပါတယ်။ ကသာခရိုင်၊ မိုးတားမြို့ အ.လ.က ကျောင်းမှာ ပညာဆက်သင်ပြီး မိုးမိတ်မြို့ အ.ထ.က (၉)မှာ ၈၊ ၉၊ ၁၀ တန်းအထိ နေခဲ့ပါတယ်။ ၁၉၇၂ မှာ အခြေခံပညာ အထက်တန်းအောင်ခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ B.com ဘွဲ့ ရခဲ့ပါတယ်။ တမူးမှာ ကုန်ကူး၊ အရောင်းအဝယ်ပွဲစား၊ ကွမ်းယာရောင်း၊ ဘုန်းကြီးလမ်း အထည်ဆိုင်ဖွင့်ရောင်း၊ “ဝင်း” အမည်နဲ့ဗီဒီယိုပြ၊ စာအုပ်အငှားဆိုင်၊ ဗီဒီယိုခွေငှား၊ လမ်းဘေးလေဘေးရောင်း၊ မိုးကုတ်၊ ကြပ်ပြင်မှာအထည်ရောင်း၊ ဗောဓိတထောင်မှာ စာရေးလုပ် သင်္ကန်းဝတ်၊ ကျေးဇူးရှင်ဗောဓိတထောင်ဆရာတော်ကြီး ဦးနာရဒထံမှာ အနီးကပ်နေ၍ လျောင်းတော်မူဘုရား တည်ဆောက်ရေး၊ ကျောင်းဆောက်မှုများတွင် ကြီးကြပ်၊ စာရင်း၊ ငွေ၊ ပစ္စည်း ထိန်းသိမ်းတာဝန်ယူပေးခဲ့ပါတယ်။ ၁၉၉၅-၁၉၉၉ ခုနှစ်ထိ ဂျပန်နိုင်ငံမှာ သွားအလုပ်လုပ်ရင်း အတွေ့အကြုံများ သင်ယူခဲ့ပါတယ်။ ပရိဘောဂထုတ်လုပ်ရေး၊ စားသောက်ဆိုင်၊ Peacock ကုန်တိုက်နှင့် IZUKI ကုမ္ပဏီမှာ လုပ်ကိုင်ခဲ့ပါတယ်။ ဖေဖေက ၁၉၈၀ မှာ အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကို စလုပ်ခဲ့ပြီး အိမ်တွင်းမှုလုပ်ငန်းလေးကနေ ၁၉၉၆ ခုနှစ်တွင် စက်မှုဇုန်တွင် ပြောင်းရွှေ့လုပ်ကိုင်ခဲ့တာပါ။

MGZ – တိုင်းရင်းဆေးလောကထဲ ရောက်လာပုံလေး ပြောပြပေးပါဦးရှင့်။

UMZ – ၁၉၉၉ ခုနှစ် ဒီဇင်ဘာမှာ နိုင်ငံခြားက ပြန်ရောက်ပြီး ဖေဖေလုပ်တဲ့ အေးငြိမ်းသီတာဆေးဝါးစက်ရုံမှာ အလုပ်သမား ၉ ယောက်လောက်နဲ့ ဦးဆောင်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀ဝ၀ ခုနှစ်မှာ တိုင်းရင်း ဆေးဝါးထုတ်လုပ်မှု နည်းစနစ်အခြေခံသင်တန်းတစ်လ စာတွေ့၊ လက်တွေ့သင်ကြားတက်ရောက် အောင်မြင်ခဲ့ပါတယ်။ စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ တိုင်းရင်းဆေးညီလာခံကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တက်ရောက်ခဲ့ပါတယ်။ ၂၀ဝ၇ မှာ နန်းနင်းကုန်စည်ပြပွဲ တရုတ်ပြည်ကို သွားပြခဲ့ပါတယ်။ တိုင်းရင်းဆေးသင်တန်း အတူတက်ခဲ့တဲ့ ဒေါ်သီတာမြင့်နဲ့ အိမ်ထောင်ကျခဲ့တာပါ။ ကျွန်တော့်ညီ၊ ညီမများပါ တိုင်းရင်းဆေးဝါးလုပ်ငန်းကို ဝိုင်းဝန်းလုပ်ကိုင်နေကြပါတယ်။ ၁၉၉၉ ဒီဇင်ဘာကနေစပြီး သင်တန်းမျိုးစုံတက်ပြီး သင်တန်းဆင်းလက်မှတ် ၄၀ ကျော် ရရှိခဲ့ပါတယ်။ သင်ကြားလေ့လာမှုအတွက် အိန္ဒိယကို ၅ ခေါက်၊ ဂျပန်နိုင်ငံကို ၂၀၁၃ ခုနှစ်မှစ၍ ၄ ခေါက်၊ Business Matching တက်ရောက်ဆွေးနွေးခွင့် ရခဲ့ပါတယ်။

MGZ – လုပ်ငန်းထဲ စဝင်ချိန် အခက်အခဲနဲ့ ဘယ်လို စိန်ခေါ်မှုတွေ ကြုံခဲ့လဲရှင့်။

UMZ – လုပ်ငန်းထဲစဝင်ချိန်မှာ ဆေးပြားစက်တစ်လုံး (တောင်ဒဂုံ စက်မှုဇုန်ထုတ်)နဲ့ လုပ်သား ၉ ယောက် လုပ်ခဲ့တာ။ Demand များပြီး မနိုင်မနင်း ဖြစ်ခဲ့ပါတယ်။ အေးငြိမ်းသီတာကြော်ငြာကို ထက်ထက်မိုးဦးနဲ့ရိုက်ပြီး တီဗွီမှာကြော်ငြာတော့ ရောင်းအားပိုကောင်းလာပြီး ဖောက်သည်တွေ မျှဝေပေးခဲ့ရပါတယ်။ ရှိတဲ့ဝန်ထမ်းဦးရေနဲ့ စက်တွေနဲ့ ရုန်းကန်ထုတ်လုပ်ခဲ့ရတယ်။ ကုန်ကြမ်းဝယ်ယူခက်ခဲမှု၊ ငွေကြေးအခက်အခဲတွေလည်းရှိတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြီးခဲ့တာလည်း ခုထိပါ။ စိန်ခေါ်မှုအကြီးဆုံးက ကျွမ်းကျင်ဝန်ထမ်းပြဿာနာနဲ့ နိုင်ငံခြားကဝယ်သုံးတဲ့ စက်တွေ အပိုပစ္စည်းဝယ်ဖို့ အခက်အခဲရှိတာ။

MGZ – ဝန်ထမ်းတွေကို ဘယ်လိုထိန်းကျောင်းရသလဲ။ စီမံခန့်ခွဲရသလဲ။

UMZ – More Machinery Power Less Manual (Man) Power. ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခဲ့ရပါတယ်။ On Job Training, Off Job Training လုပ်ငန်းတွင်း ပြင်ပသင်တန်းများ တက်ရောက်စေပြီး ကျွမ်းကျင် Skill Full ဝန်ထမ်းများဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ တစ်လမှာနှစ်ကြိမ် ကျွန်တော်ကိုယ်တိုင် HR ကအစ Management, Production သင်တန်းများပေး၍ သူတို့၏ ရပိုင်ခွင့်များ တော်ရင်တော်သလို လစာတိုးပေးခြင်း၊ ချီးကျူးခြင်းများ လုပ်ပေးနေပါတယ်။ အခါအားလျော်စွာ ခံစားခွင့်များ၊ ဆုပေးခြင်းများ ပေးနေလျက်ပါ။ OHSAS နှင့်ပတ်သက်ပြီး မြန်မာလူမှုဖူလုံရေးမှာ ဖူလုံရေးကြေး မျှခံပြီး ၆၀ ဦးခန့် ဝင်ရောက်ထားပေးပါတယ်။ လူမှုဖူလုံရေးဆေးစစ်မှုနှစ်စဉ်လုပ်ပေးပြီး စက်ရုံမှာ ဆေးကုသရေးအဖွဲ့ကားနဲ့ သွေးစစ်ကုသမှုများ နှစ်ကြိမ် လုပ်ပေးခဲ့ပြီးပါပြီ။ ဝတ်စုံတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ လုပ်ပေးပြီး နှစ်စဉ် သိန်း၂၀ဝ လောက် အပိုဆုကြေး ချီးမြှင့်ပေးနေပါတယ်။

MGZ – မျိုးဆက်တွေကြားမှာ ဘာတွေကွာခြားသွားလဲ။ ဘာတွေဆန်းသစ်တီထွင်နိုင်မှုတွေ ရှိလဲရှင့်။

UMZ – ၂၀ဝ၀ ခုနှစ်မှာစပြီး ပလတ်စတစ်ဘူးစက်တွေကို စက်ရုံရဲ့ တစ်နေရာမှာ ကိုယ်တိုင်ထုတ်လုပ်ခဲ့ပါတယ်။ ၂၀ဝ၂ ခုနှစ်မှာ အေးငြိမ်းသီတာ ပုံနှိပ်လုပ်ငန်းတိုးချဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ သံထည်ပစ္စည်းများ၊ စက်ကိရိယာများ၊ စတီးအသုံးဆောင် လုပ်ငန်းသုံးစားပွဲ၊ တွန်းလှည်း၊ စတီးနှင့် စက်များပါ တီထွင်ထုတ်လုပ်၍ လုပ်ငန်းတွင် သုံးနိုင်ခဲ့ပါတယ်။ Recycle, Reuse များသုံးစွဲပြီး လုပ်ခဲ့ပါတယ်။ ဖေဖေ၏ အစီအမံအရ ISO 9001-2008 Certificate ကို ၂၀၁၅ မှာ ရယူနိုင်ခဲ့ပြီး ၂၀၁၈ မှာ ISO 9001-2015 Certificate ကို တိုးတက်ရယူနိုင်ခဲ့ပါတယ်။ ရေးဆိုးသန့်စင်မှုကိုလည်း တစ်ပိုင်တနိုင် လုပ်ဆောင်ထားရှိပါတယ်။ လာရောက်လေ့လာကြသူများ ဘယဆေး အသိပညာရရန် ဘယဆေးဥယျာဉ်ကိုလည်း ရေးကူးကန်၏ ပတ်ပတ်လည်တွင် စိုက်ပျိုးထားရှိပါတယ်။ ကျန်းမာရေးအရ ရေကူးနိုင်၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် ရေဂါလန် ၁၂၀ဝ၀ ဆံ့သည့်ရေကန် တည်ဆောက်ထားပါတယ်။ ရေကန်ထဲကရေကိုလည်း Recycle နည်းနဲ့ သန့်စင်အောင်ပြုလုပ်ပြီး အပင်တွေကိုလည်း ရေဖျန်းနိုင်အောင် ပြုလုပ်ထားပါတယ်။

MGZ – အေးငြိမ်းသီတာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကနေ တခြားဘာတွေဆက်လုပ်မလဲ။

UMZ – အခုလက်ရှိ ဆေးအမယ် ၇ မျိုး ထုတ်လုပ်နေပြီး ဆေးအမယ်သစ်များ ထုတ်လုပ်ရန် စီစဉ်ထားပါတယ်။ QC Laboratory ကိုလည်း Micro lab အထိ အဆင့်မြှင့်တင်ရန် စီစဉ်ထားပါတယ်။GSI Barcode လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

MGZ – အေးငြိမ်းသီတာ ထုတ်ကုန်တွေကို ၁၀ စုနှစ်တွေ ကြာသည်အထိ ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ လက်ခံလာတဲ့အချက်ကိုလည်း ပြောပြပေးပါဦး။

UMZ – အာနိသင်တူ ဆေးဝါးတွေ ဆေးတစ်ဘူး ၁၅၀ဝ ကျပ် ရောင်းချနေချိန်မှာ အေးငြိမ်းသီတာဆေးဝါးထုတ်လုပ်ရေးက အာနိသင်တူ ဆေးဝါးတွေကို ဆေးပြား ၁၀ဝ ပါ ဆေးတစ်ဘူးကို ၁၂၀ဝ ကျပ်နဲ့ ရောင်းချပါတယ်။ အားသာချက်က နှစ် ၄၀ ကတည်းက စထုတ်လာတာ၊ ကိုယ်ပိုင်နည်းပညာနဲ့ သိပ္ပံနည်းကျထုတ်၊ ဒေသထွက်ကုန်ကြမ်းတွေ ဖြစ်တာတွေပေါ့။

MGZ – ဘာများဖြည့်စွက်ပြောချင်ပါသေးလဲရှင့်။

UMZ – ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမ ဘာသာတရားကို ရိုသေလေးစား ကိုင်းရှိုင်းကြရမယ်။ မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးရဲ့ အဆိုအမိန့်တွေထဲကကြီးပွားတိုးတက်ကြောင်း ဆန္ဒဝီရိယ၊ ရှိပြန်က မုချတိုးတက်မည်၊ စိတ်ရှည်သည်းခံ၊ အနေမှန်ဧကန်တိုးတက်မည်၊ ရအောင်ရှာ၊ လုံအောင်ထိန်း၊ မျှအောင်သုံး၊ ပတ်ဝန်းကျင်ကောင်းနဲ့ပေါင်းပါ။

MGZ – အခုလို အချိန်ပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။