၂၀၂၁ ခုနှစ်အတွက် မှန်းဆချက် ၁၀ ချက်

0
116

သက်ဆွေအေး ရေးသည်။

၂၀၂၁ ခုနှစ်ကို တွက်ဆကြည့်တဲ့ အချက်တွေ များစွာရှိတဲ့အထဲက သြဇာကြီးတဲ့ သတင်းမဂ္ဂဇင်းကြီးတစ်စောင်ဖြစ်တဲ့ Economist က နှစ်စဉ် မှန်းဆချက်တွေကို သီးသန့်စာစောင်အနေနဲ့ ထုတ်ပြန်လေ့ရှိပါတယ်။ ယင်းစာစောင်ကို နိုင်ငံတကာက ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ သတင်းမီဒီယာလောက၊ နိုင်ငံရေးလောကသားတွေက ဝင်ရေးကြသလို အလေးထားစောင့်ဖတ်ကြပါတယ်။ ဒီနှစ်အတွက်ထုတ်တဲ့ အထူးထုတ်စာစောင်ထဲက မှန်းဆချက် ၁၀ ချက်ကို အကျဉ်းမျှ တင်ပြပါ့မယ်။ ယင်းအချက်များထဲက တရုတ်နဲ့ အမေရိကန် ကမ္ဘာ့အဆက်စပ်ကိုတော့ နည်းနည်းထပ်ချဲ့ပြီး ရှင်းလင်းသွားပါ့မယ်။

သက္ကရာဇ် ၂၀၂၁ ခုနှစ်ကို ကံကောင်းမယ့်နှစ်တစ်နှစ်အဖြစ် မြင်ပါသလား။

တကယ်တော့ ၂၁ ဂဏန်းဟာ ကံကောင်းခြင်း၊ စွန့်စားရခြင်း၊ အခွင့်အရေးတွေ ပေါ်လာခြင်း၊ အလောငး်အစားလုပ်ခြင်းတို့နှင့် ဆက်စပ်နေပါတယ်။ အန်စာတုံးပေါ်မှာပါတဲ့ ဂဏန်းအရေအတွက်လည်း ၂၁၊ ၁.ဝ၅ ပေါင် မှာ ၂၁ ရှီလင်ရှိတာ၊ လောင်းကစားလုပ်ရာမှာသုံးတဲ့ မသေချာမရေရာတဲ့ ငွေကြေးလို့လည်း ခေါ်ပါသေးတယ်။

နောက်ပြီး အမေရိကမှာဆိုရင် ကာဆီနိုရုံထဲဝင်ခွင့်ရတဲ့ အသက်ရွယ်လည်းဟာ ၂၁ ဖြစ်တယ်။ ၂၁ ချပ် ဖဲကစားနည်းဆိုလည်း ပြောရသေးတယ်။ ဒါတွေအားလုံးဟာ ထူးဆန်းစွာ တိုက်ဆိုင်နေတာက မရေရာမသေချာမှုတွေပါပဲ။ အကောင်းဆုံးမျှော်လင့်နေကြတဲ့ အချက်တစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ပါ။ ဒီလိုပြောနေရင်းပဲ အန္တရာယ်က သေချာရှိနေပြန်ပါတယ်။ အန္တရာယ်ဆိုလို့ ကျန်းမာရေးတင်တော့ မထင်လိုက်ပါနဲ့ဦး။

လူမှုရေး၊ စီးပွားရေးရှင်သန်ဖို့၊ လူမှုတည်ငြိမ်ဖို့တွေလည်း လိုနေတဲ့ကိစ္စတွေ ဖြစ်လာပါမယ်။၂၀၂၁ ခုနှစ်က သိပ်မကြာခင် ရောက်လာပါတော့မယ်။ နိုင်ငံတကာ ယူဆချက်တွေထဲက ဖြစ်လာနိုင်တဲ့ ၁၀ ချက်ကို တင်ပြလိုက်ပါတယ်။

၁။ ကိုဗစ်ရောဂါ ကာကွယ်ဆေးအပေါ် ရန်တွေဖြစ်ကြမယ်။ ကိုဗစ်ကာကွယ်ဆေး အရေအတွက်များများ ရလာနိုင်တဲ့အခါ သူရဲကောင်းဆန်ဆန် ဆေးထုတ်ဖို့ အာရုံစိုက်မှုကနေ ပြောင်းလဲသွားနိုင်တာက ဒီဆေးနဲ့ ခြိမ်းခြောက်မှုလည်း ဖြစ်လာနိုင်ပါတယ်။ ကာကွယ်ဆေး သံခင်းတမန်ခင်း (Vaccine Diplomacy) မှာ အတူတွဲ ပါလာနိုင်တာက အချင်းချင်းရန်ဖြစ်ကြမယ်။ ဘယ်သူကပထမရသင့်တယ်။ ဘယ်သူက နောက်မှ ရသင့်တယ်ဆိုတဲ့ ရန်ပွဲကြီးလည်း ရှိနေပြန်ပါတယ်။ နောက်တစ်ချက်က ဘယ်သူကတော့ ဒီဆေးကိုအထိုးမခံနိုင်ပါဘူး။ မယုံကြည်ပါဘူးဆိုတဲ့ ပြဿနာမျိုးလည်း ရှိလာနိုင်ပါတယ်။

၂။ ရောထွေးပုံစံဖြင့် စီးပွားရေး နာလန်ထခြင်း။ ကိုဗစ်ကပ်ဘေးကနေ စီးပွားရေးတွေနာလန်ထလာမယ်ဆိုရင် ကွက်ကြား ဖြစ်နိုင်တဲ့အတွက်၊ ဒေသတွင်းမှာ ကပ်ဘေးထပ်ဖြစ်လိုက်၊ ပိတ်ချလိုက် ပြန်ဖွင့်လိုက်တွေလည်း ရှိလာနိုင်တဲ့အတွက် အစိုးရတွေဟာ ကုမ္ပဏီတွေကို ကူညီထောက်ပံ့နေရသလို၊ အလုပ်ဆုံးရှုံးသွားသူ လုပ်သားတွေကိုလည်း ဆက်လက်ထောက်ပံ့နေရတဲ့အတွက် အစိုးရရဲ့ အခန်းကဏ္ဍ ပိုမိုကြီးမားလာပါလိမ့်မယ်။ ကိုဗစ်လို ကပ်ဘေးကို ထပ်မဖြစ်အောင် သတိကြီးကြီး ထားလာကြပါလိမ့်မယ်။

၃။ ကမ္ဘာ့အစီစဉ်သစ် (New World Order) ကို ပြန်လည်ပြင်ဆင်ကုသရင်း ရန်သူကို မိတ်ဆွေပြန်ဖွဲ့ လာပါလိမ့်မယ်။ အမေရိကန်မှာ သမ္မတသစ်ဖြစ်လာမယ့် ဂျိုးဘိုင်ဒင်ဟာ ယိုယွင်းလာနေတဲ့ စည်းမျဉ်းအခြေခံ နိုင်ငံတကာအစီစဉ်ကို ဘယ်လိုဖာထေးကုစားမလဲ။ ပါရီဥတုရာသီဆိုင်ရာ သဘောတူညီချက်၊ အီရန် နျူကလီးယား သဘောတူညီချက်တွေက စတင် အလုပ်လုပ်လိမ့်မယ် ဆိုတာတော့ ထင်ရှားပါတယ်။

၄။တရုတ်-အမေရိကန် ဆက်ဆံရေး တင်းမာမှု ပြင်းထန်လာမလား။ တရုတ်နိုင်ငံနဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို လုံးဝရပ်တန့်မယ်လို့တော့ မျှော်လင့်မရပါ။ ဒီအစား သမ္မတအသစ်ဂျိုးဘိုင်ဒင် လုပ်လာနိုင်တာကတော့ ပိုမိုထိရောက်တဲ့ စစ်ပွဲဆင်နွဲဖို့ မဟာမိတ်တွေနဲ့ ပျက်နေတဲ့ဆက်ဆံရေးကို ပြင်ဆင်အင်အားထူထောင်ရင်း စစ်ပွဲကို ပြင်ဆင်ပါလိမ့်မယ်။ အာဖရိကမှသည် အရှေ့တောင်အာရှထိ ရှိနေတဲ့ နိုင်ငံတွေဟာ ပါဝါတွေရဲ့ စစ်ပွဲမှာ ဘက်မလိုက်ချင်ကြလို့ ရှောင်နေကြပါလိမ့်မယ်။

ဘိုင်ဒင်က ထရမ့်ရဲ့ ပေါ်လစီကို ချက်ချင်းလက်ငင်း ကပြောင်းကပြန် မလုပ်နိုင်ပါဘူး။ ဒါကြောင့် ဘိုင်ဒင်ဟာ တရုတ်နဲ့ ပတ်သက်ရင် လိမ္မာပါးနပ်စွာနဲ့ ချောင်ပိတ်ပြီး ထိုးချလိုက်နိုင်ပါတယ်။ ရှီကျင့်ပင်ကလည်း အမေရိကန်နဲ့ဆက်ဆံရတာက စည်းမျဉ်းမရှိတဲ့ လက်ဝှေ့ပွဲနဲ့တူကြောင်း ဥရောပဘက်က လာတဲ့သူတွေကိုပြောကြောင်း သံတမန် သတင်းရပ်ကွက်က ဆိုပါတယ်။ နောက်ရောက်လာမယ့် ဒီမိုကရက်တွေက အမေရိကန်ပြည်ထောင်စုကို စစ်မက်ဖြစ်တဲ့ ခိုင်မာတဲ့နိုင်ငံဖြစ်အောင် တရုတ်နဲ့တိုက်ရာမှာ ဂရုတစိုက်ထား တိုက်ကြပါလိမ့်မယ်။

တရုတ်ဘက်က တင်းမာမှုပြေလျှော့ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒါပေမဲ့ အပြည့်အဝယုံကြည်မှုမရတော့တဲ့ ဆက်ဆံရေးမျိုးသာ ဖြစ်လာနိုင်ပါတယ်။၂၀၁၆ ခုနှစ်မတိုင်ခင် ဆက်ဆံရေးမျိုး ပြန်မရနိုင်တော့ပါ။ ဒီအချိန်က အမေရိကန်နိုင်ငံက ပါတီကြီးနှစ်ခုရဲ့ သမ္မတွေဟာ တရုတ်ကို ထိတွေ့ဆက်ဆံမှသာ သူ့စီးပွားရေးနဲ့ လူ့အဖွဲ့စည်းကို ကမ္ဘာနဲ့ ထိတွေ့ဖွင့်ပေးရာရောက်မယ် ယူဆကြပါတယ်။ စီးပွားရေးလောကသား ဘော့စ်တွေကတော့ ဘိုင်ဒင်က ထရမ့် ချမှတ်ထားတဲ့ စည်းကြပ်ခွန်တွေကို ဖျက်ပစ်မှာ စိုးရိမ်နေကြပါတယ်။ ထရမ့်က တရုတ်နည်းပညာကုမ္ပဏီတွေအပေါ် ချမှတ်ထားခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အကန့်အသတ်တွေနဲ့ ပို့ကုန်ထိန်းချုပ်မှုတွေအားလုံးကို ဖြေလျှော့လိုက်မှာလည်း စိုးရိမ်နေကြပါတယ်။

ဘိုင်ဒင်က တစ်ခါတလေ ထရမ့်ဆန်နေတတ်ပါတယ်။ အထူးသဖြင့် တရုတ်နဲ့ပတ်သက်ရင်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေ ပြည်တွင်းပြန်လာစေချင်သူ၊ လိုအပ်တဲ့ ဆက်ဆံရေးကို ထူထောင်ချင်သူဖြစ်ပြီး ပြည်တွင်းလုပ်ငန်းတွေ အားပေးဖို့ “Buy America” ကိုထောက်ခံချင်သူပါ။ သူဟာ လွှတ်တော်မှာ လွတ်လပ်ကုန်သွယ်ရေးကို ထောက်ခံခဲ့သော်ငြား ဂလိုဘယ်လိုက်ဇေးရှင်းထက် ဒီမိုကရက်ပါတီကို သံသယနဲ့ ဦးဆောင်မှုပေးခဲ့ပါတယ်။ သူဒုသမ္မတ သက်တမ်းတုန်းက တရုတ်ကုန်သွယ်ရေးနည်းနာတွေကို လက်တုံ့ပြန်ဖို့ လွတ်လပ်ကုန်သွယ်ရေး မဟာမိတ်တွေ ဖွဲ့ခဲ့တဲ့ ဦးဆောင်သူတစ်ယောက်ပါ။ သူသမ္မတဖြစ်လာရင်လည်း ဘယ်လိုသဘောညီချက် စာချုပ်ကိုမှ အလျင်စလိုလက်မှတ်ရေးထိုးမှာ မဟုတ်ပါဘူး။

နောက်တစ်ချက်က သူ့ဘေးမှာ ဝန်းရံမယ့် စီးပွားရေးပညာရှင်တွေက မိန်းစထရင်း (သမားရိုးကျ၊ သီအိုရီသမားတွေ) ဖြစ်မှာမို့ သူတို့က ကုန်သွယ်ရေးမှာ စည်းကြပ်ခွန်ကောက်တာက ကိုယ့်အရှုံးကို အများဆုံးဖြစ်စေတယ်လို့ ယူဆကြပါလိမ့်မယ်။ ဒေါ်လာလွှမ်းမိုးတဲ့ ဘဏ္ဍာရေးစနစ်မှာ တရုတ်ကို ဖိထားနိုင်တဲ့ လက်နက်တစ်ခုအဖြစ်လို့ မြင်ကြမယ့်သူတွေပါ။ နောက်ပြီးဘိုင်ဒင်ရဲ့ ဘဲဥပုံရုံးခန်းကို ဆီလီကွန် တောင်ကြားက နည်းပညာလောကသား ဘော့စ်တွေအတွက် တံခါးဖွင့်ထားမှာ သေချာသလောက်ပါ။ ဒီနည်းပညာဆရာကြီးတွေက တချို့သော အဆင့်မြင့်ထုတ်ကုန်တွေကို တရုတ်ဘက်ဆို ရွေးချယ်ပိတ်ပင်ဖို့၊ အမျိုးသားလုံခြုံရေးထိ ခြိမ်းချောက်မှုအန္တရာယ်ရှိတာကို ပြောလာနိုင်သလို၊ တရုတ်နဲ့ မပတ်သက်ချင်တာလည်း ပြောလာနိုင်ပါတယ်။ အဲဒီတော့ ဘိုင်ဒင်အစိုးရဟာ နည်းပညာအရာမှာ ခေတ်မီနည်းပညာများများ အလွန်အသုံးချလာမယ့် အစိုးရဖြစ်လေတော့ တရုတ်အတွက် အနေချောင်လည်စရာ သိပ်မမြင်မိကြောင်းပါ။

၅။ရှေ့တန်းမျက်နှာစာရောက်လာတဲ့ ကုမ္ပဏီတွေ။ တရုတ်-အမေရိကန်ပြဿနာရဲ့ နောက်ထပ်ရှေ့တန်းမျက်နှာစာ တစ်ခုကတော့ ကုမ္ပဏီတွေပဲဖြစ်ပါတယ်။ နမူနာ တချို့ပြောရရင် ဟွာဝေး၊ တစ်တော့တို့ပါ။ စီးပွားရေးလုပ်ငန်းတွေဟာ ပထဝီနိုင်ငံရေးရဲ့ စစ်မြေပြင်တွေဖြစ်လာပါတယ်။

ကုမ္ပဏီတွေက ဘော့စ်တွေမှာ အောက်ကဝန်ထမ်းတွေဆီက ဖိအားတွေရှိလာနိုင်သလို၊အထက်က ကျလာမယ့် ဖိအားတွေလည်း ရှိလာမယ်။ ဝန်ထမ်းတွေ၊ စားသုံးသူတွေကလည်းနိုင်ငံရေးသမားတွေက သိပ်လုပ်မပေးတဲ့ နယ်ပယ်တွေဖြစ်တဲ့ လူမှုတရားမျှတမှုတွေနဲ့ ဥတုရာသီအပြောင်းအလဲဘက်ကနေ ရပ်တည်လာကြပါလိမ့်မယ်။

၆။ နည်းပညာတွေ အသုံးချမှုများလာတဲ့နောက် ဘာတွေဖြစ်လာနိုင်မလဲ။ ကိုဗစ်ကပ်ဘေးကနေ လူတွေကို နည်းပညာအသုံးချမှုများလာစေတဲ့ အမူအကျင့်တွေ ကျင့်သုံးမိလာစေပါတယ်။ ဗွီဒီယိုအစည်းအဝေးမှသည် အဝေးရောက်ဈေးဝယ်ခြင်းတွေ၊ အွန်လိုင်းဈေးဝယ်ခြင်း၊ ရောင်းချခြင်းတွေ၊ အွန်လိုင်းပညာရေးထိ လူတွေနဲ့ ယဉ်ပါးလာစေပါတယ်။ ဒီနည်းပညာ သက်ရောက်ပြောင်းလဲခြင်းတွေက ၂၀၂၁ ခုနှစ်ထိ ဆက်ရှိနေမလား၊ နောက်ပြန်ဆုတ်သွားလေမလား ရှင်းရှင်းလင်းလင်း သိလာရမယ်ထင်ပါတယ်။

၇။ လွတ်လွတ်လပ်လပ် ခရီးသွားလာတာ ကျဆင်းလာမယ်။ ခရီးသွားလုပ်ငန်းတွေ ကျဆင်းလာမယ်၊ ပုံသဏ္ဍာန်ပြောင်းလဲလာနိုင်ပါတယ်။ ပြည်ပထွက်တာထက် ပြည်တွင်းကို ပိုခရီးထွက်လာကြလိမ့်မယ်။ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ၊ လေယာဉ်ဆိုင်ရာ ထုတ်လုပ်သူတွေ ခက်ခဲကျပ်တည်းလာနိုင်ပါတယ်။ နောက်တစ်ချက်က တက္ကသိုလ်တွေ ပြည်ပကျောင်းသားတွေကို အရမ်းအားထားနေရတာလည်း အကြီးကျယ်ထိခိုက်လာနိုင်ပါတယ်။ ယဉ်ကျေးမှု ဖလှယ်ရေးတွေ ထိခိုက်လာပါလိမ့်မယ်။

၈။ ဥတုရာသီအပြောင်းအလဲနဲ့ ပတ်သက်ပြီး အခွင့်အလမ်းတစ်ခုလား။ အကျပ်အတည်းကာလအတွင်းက ကံကောင်းခြင်းတစ်ခုကတော့ ဥတုရာသီအပြောင်းအလဲကို စီမံနိုင်ဖို့ အခွင့်အရေးရလာတာပါ။ အစိုးရတွေက ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချနိုင်ပြီး အလုပ်ကိုင်ဖန်တီးပေးရာမှာလည်း အစိမ်းရောင် နာလန်ထရေး အစီစဉ်တွေမှာ ရင်းနှီးမြှုပ်နှံလာကြပါတယ်။ ကိုဗစ်ကာလအတွင်းမှာ အရင်က မြူဆိုင်းနေလို့ မမြင်ရတဲ့နေရာတွေ မြင်လာရတဲ့အထိ ကြည်လင်ရှင်းလင်းသွားခဲ့ပါတယ်။ အနာဂတ်အတွက် စီစဉ်လာနိုင်ကြပါတယ်။

၉။ အရင်က လုပ်ခဲ့တဲ့ပွဲတွေ ပြန်လုပ်လာကြလိမ့်မယ်။ နိုင်ငံရေး၊ အာကစား၊ စီးပွားရေးပွဲတွေ ပြန်လည်လုပ်လာကြပါမယ်။ အိုလံပစ်ပွဲ၊ ဒူဘိုင်းအိတ်စပို စတာတွေ အချိန်နောက်ဆုတ်ထားရတာပါ။ အားလုံးတော့ အဆင်ပြေပြေ လုပ်လာနိုင်လိမ့်မယ် မထင်ပါ။

၁၀။ တခြားသော ဘေးအန္တရာယ်တို့အတွက် ကိုဗစ်ကပ်ရောဂါဟာ သတိပေးခေါင်းလောင်းသံဖြစ်လာတယ်။ ကူးစက်ကပ်ရောဂါ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေ၊ သုံးသပ်လေ့လာသူတွေက နှစ်ပေါင်းများစွာ အကြာက သတိပေးထားခဲ့သော်လည်း မူဝါဒ ချမှတ်သူတွေက လျစ်လျူရှုထားခဲ့အတွက် ယင်းကိစ္စအတွက် ဖိအားပေးဖို့ အခွင့်အလမ်းတစ်ခု ရလာပါတယ်။ ပညာရှင်တွေပြောနေတာက ပဋိဇီဝဆေးတွေကို ခံနိုင်ရည်ရှိလာတာ(ဆေးယဉ်ပါးလာတာ)၊ နျူးကလီးယားအကြမ်းဖက်မှုတွေကို ပြောဆိုဖို့ အခွင့်သာလာပါတယ်။ နောင်ကပ်ဘေး စီမံမှုတွေအတွက်လည်း ကြိုတင်စီစဉ်လာနိုင်စရာရှိပါတယ်။

လာမယ့်နှစ်ကို ခန့်မှန်းရတာ အတော်ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကပ်ဘေးကို တုံ့ပြန်ပုံ မတူညီတာတွေ၊ မညီမျှတဲ့ စီးပွားရေး နာလန်ထမှုတွေ၊ ပြိုလွယ်ပျက်လွယ်နေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ခုပြောသွားတဲ့ အချက်တွေဟာ အဆိုးမြင်တာတော့မဟုတ်ပါဘူး။ ကိုဗစ်ရှော့ခ် နောက်မှာတော့ သင်ခန်းစာတွေပါလာမယ်၊ ကောင်းသောအပြောင်းအလဲတွေလည်းပါလာပါမယ်။

Ref: economist.