လူချမ်းသာတို့၏ အချစ်ဇာတ်လမ်း

0
114

ကျော်လတ် ရေးသည်။

အပြောင်းအလဲလေး လုပ်ကြရအောင်ဗျာ။ ခါတိုင်း ဘောလိဝုဒ်ဇာတ်ကားတွေကို ညွှန်းနေရာကနေ ဒီတစ်ခါတော့ တောင်အမေရိကတိုက် ဘရာဇီးက ဇာတ်ကားတစ်ကားလောက် ညွှန်းပေးပါရစေ။ ဝက်သား၊ ကြက်သားချည်းစားရာကနေ တစ်ခါတစ်ရံ ချဉ်ပေါင်ကြော်လေး ပြောင်းစားကြည့်တဲ့ သဘောပေါ့ဗျာ။ ဇာတ်ကားရဲ့နာမည်က Rich in Love ပါတဲ့။

(၁)

ရွှေမင်းသားလေးနာမည်က”တက်တို”ပါတဲ့။ ရုပ်ချော၊ ဥစ္စာပေါ၊ ရုပ်ရှိ၊ ရေလျှံဆိုတာမျိုး။ သူဌေးသားမှ တစ်ဦးတည်းသော သူဌေးသား။ “ထရန်ကို ခရမ်းချဉ်သီးဆော့” ကုမ္ပဏီပိုင်ရှင်ကြီးရဲ့အမွေခံသား။ ဘာမှကို ကြိုးစားစရာမလိုဘဲ မွေးကတည်းက ချမ်းသာလာတဲ့ရွှေမင်းသားလေးဆိုလည်း မမှားဘူးပေါ့။ ဒီအခြေအနေတွေကြောင့် တက်တိုဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေပါတယ်။

တက်တိုဟာ မိန်းမလှလေးတွေရဲ့ အသည်းနှလုံးလေးတွေကို အပျင်းပြေထွေခင်းတမ်း ကစားနိုင်တဲ့သူပါ။ ခရမး်ချဉ်သီးမင်းသားလေးဆိုတဲ့ ဘွဲ့ပိုင်ရှင်တက်တိုလို့ ဆိုလိုက်တာနဲ့ သူနဲ့ မတွဲချင်တဲ့ မိန်းကလေးကို မရှိဘူး။ ညဆိုသူတို့အိမ်ကနေ ကီလိုမီတာ ၁၀ဝ လောက်ဝေးတဲ့ ရီယိုဒီဂျနေရိုးကိုသွား၊ မိန်းမလှလေးတွေကို အိမ်ကိုခေါ်လာ၊ သူတို့လေးတွေရဲ့အသည်းကို ကစားတော့တာပဲ။ ခေါ်တုန်းကတော့ ခေါ်တယ်၊ သူ့ကို နွယ်မှာစိုးလို့ လိုက်တော့မပို့ဘူး။ သူ့အရှုပ်တွေကို သူ့သူငယ်ချင်းလည်းဟုတ်၊ သူတို့ခရမ်းချဉ်စိုက်ခင်းတွေကို စောင့်ရတဲ့ဝန်ထမ်းရဲ့သားလည်း ဟုတ်တဲ့ အီဂိုက လိုက်ပို့ရပါတယ်။

တက်တိုနဲ့ အီဂိုဟာ အင်မတန်ခင်တဲ့ သူငယ်ချင်းတွေသာ ဖြစ်တာ။ ဘဝချင်းကတော့ မိုးနဲ့မြေ။ စိတ်ဓာတ်ကလည်း အရှေ့နဲ့အနောက်ပါ။ တက်တိုက ချမ်းသာတယ်၊ အီဂိုက ဆင်းရဲတယ်။ တက်တိုက အရာရာကို ပေါ့ပျက်ပျက်နိုင်တယ်။ အီဂိုက ဘာလုပ်လုပ် လေးနက်တည်ကြည်စွာ လုပ်တယ်။ တက်တိုက မကြိုးစားဘူး။ အီဂိုက သူ့ဘဝတိုးတက်ဖို့ အမြဲကြိုးစားနေတယ်။ တက်တိုက သပွတ်အူထဲ စာသိုက်ဆောက်သလို မိန်းမရှုပ်တယ်။ အီဂိုကတော့ရည်းစားတောင် မရှိသေးဘူး။ ဒါပေမယ့် အီဂိုဟာ တက်တိုရဲ့ ရုပ်သေးရုပ်ပါပဲ။ တက်တိုခိုင်းသမျှကို အမြဲဆောင်ရွက်ပေးရတယ်။ တက်တို သွားလေရာကို လိုက်ရပါတယ်။ တက်တိုကလည်း သူ့ကို သူတို့ဝန်ထမ်းရဲ့သားလို့ သဘောမထားပါဘူး။ ညီအစ်ကိုတစ်ယောက်လို ခင်မင်ပါတယ်။

(၂)

ခရမ်းချဉ်သီးမင်းသားလေး တက်တိုရဲ့ မွေးနေ့ပွဲကို သူတို့မြို့လေးမှာ နှစ်စဉ်ကျင်းပတဲ့ ခရမ်းချဉ်သီးပွဲတော်မှာ တစ်ပေါင်းတည်း ကျင်းပပါတယ်။ အဲဒီခရမ်းချဉ်သီးပွဲတော်မှာ လူအင်မတန်စည်ကားပါတယ်။ ဘရာဇီးနိုင်ငံရဲ့မြို့တော် ရီယိုဒီဂျနေရိုးကနေ လာရောက်ဆင်နွှဲကြပါတယ်။ ကျွန်တော်တို့ဆီမှာလိုဆိုရင် သင်္ကြန်ပွဲတော်ပါပဲ။ သူတို့ကရေပက်တာမဟုတ်ဘဲ ခရမ်းချဉ်သီးအမှည့်တွေနဲ့ ပစ်ပေါက်ကြတာပါ။

ဒီပွဲတော်ကို လာရောက်ဆင်နွှဲကြသူတွေထဲမှာ ရီယိုဒီဂျနေရိုးက ပေါ်လာဆိုတဲ့ကောင်မလေးနဲ့ သူငယ်ချင်း ၂ ယောက်လည်း ပါတယ်။ သူတို့ ဆရာဝန်တွေ။ ပေါ်လာဟာ လှပတယ်။ ထက်မြက်တယ်။ မတရားမှုကို မုန်းတယ်။ လူချမ်းသာတွေကို အထင်မကြီးဘူး။ ခရမ်းချဉ်သီးပွဲတော်ကိုလည်း သူ့သူငယ်ချင်းတွေကြောင့်သာ လာတာ။ တန်ဖိုးရှိတဲ့ ခရမ်းချဉ်သီးတွေကို ဖြုန်းတီးပစ်တဲ့ပွဲလို့ ပေါ်လာက မြင်တယ်။

ပေါ်လာတစ်ယောက် ဒီပွဲကို ဘယ်လောက်ပဲ အဆိုးမြင်မြင် ဒီပွဲကပဲ သူ့ကို တက်တိုနဲ့ ဆုံဆည်းစေခဲ့ပါတယ်။ တက်တိုဟာ သူ့ချစ်သူငယ်ချင်း အီဂိုနဲ့ ဒီပွဲမှာ ပြဿနာတက်ပါတယ်။ တက်တိုကတော့ စေတနာကောင်းထားပြီးအီဂိုကြိုက်နေတဲ့ ကောင်မလေးကိုပါတီပွဲဖိတ်ထားပါတယ်။ အီဂိုကြိုက်နေတဲ့ကောင်မလေးက အီဂိုကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မထင်ဘူး။ တက်တိုကိုသာကြိုက်ပြီး အီဂိုရှေ့မှာပဲအတင်းနမ်းပါတော့တယ်။ အဲဒီမှာပဲအီဂိုနဲ့ တက်တို ကွိုင်ပါတော့တယ်။ တက်တိုက စိတ်ဆိုးပြီး ပွဲခင်းထဲ ထွက်သွားပါတော့တယ်။ အဲဒီမှာ ခရမ်းချဉ်သီးပေါက်ပွဲက ကျင်းပနေပြီ။ သူပေါက်တဲ့ ခရမ်းချဉ်သီးက ပေါ်လာကိုမှန်သွားပါတယ်။ ပေါ်လာ စိတ်ဆိုးပြီးတက်တိုကို ရန်ထောင်ပါတယ်။ ဒါပေမယ့် ငရှုပ်ကောင်သုံးယောက်က သူတို့သုံးယောက်ကို ဆွဲလာရမ်းလားလုပ်တဲ့အချိန်မှာ တက်တိုက သူရဲကောင်းကြီးလုပ်ပြီး ဝင်ကယ်ပါတယ်။ ငရှုပ်တစ်ကောင်တွက်လိုက်တဲ့ တံတောင်ကြောင့် တက်တိုတစ်ယောက် နှာခေါင်းဒဏ်ရာရသွားပါတယ်။ သွေးတွေကို ရဲလို့ပေါ့။

ဒီဒဏ်ရာကို ဆရာဝန်ဖြစ်တဲ့ပေါ်လာက ကုပေးပါတယ်။ သူ့ကိုခရမ်းချဉ်သီးမင်းသားလေးလို့ မသိဘူးပေါ့။ သာမန် ကောင်ချောလေးတစ်ယောက်လို့ပဲ ထင်တာလေ။ ဒီမှာပဲ သူတို့နှစ်ယောက် ငြိသွားပါတယ်။ တက်တိုကလည်း သူ့ကို ခရမ်းချဉ်သီးမင်းသားလေးလို့ မသိစေဘဲ ခရမ်းချဉ်ခြံမှာခြံစောင့်အလုပ်လုပ်နေတဲ့ လူရဲ့သားပါလို့ လိမ်လိုက်ပါတယ်။ လူချမ်းသာတွေကို မုန်းတဲ့ ပေါ်လာက ကြွေတာပေါ့။

(၃)

ပေါ်လာကို ရဖို့ တက်တိုဟာ ရီယိုကို လိုက်သွားပါတယ်။ သူ့အချစ်တော်အီဂိုလည်း ပါသပေါ့။ ပေါ်လာ သူငယ်ချင်းမင်္ဂလာဆောင်ကို မဖိတ်ဘဲ သွားတက်ပါတယ်။ ဟိုရောက်တော့ သန့်ရှင်းရေးသမားနဲ့ အဝတ်အစားချင်းလဲဝတ်ပါတယ်။ သူဌေးသားမဟုတ်ဘဲ သန့်ရှင်းရေးသမားအဖြစ် ဟန်ဆောင်လိုက်တာပေါ့။ ပေါ်လာနဲ့တွေ့တော့ အရာအားလုံးကိုစွန့်ပြီး အိပ်မက်နောက်ကိုလိုက်လာတာပါလို့ လိမ်လိုက်ပြန်ပါတယ်။ ပေါ်လာကတော့ ယုံပြီး တက်တိုကို အသေကြွေသွားပါတယ်။ သူ့ကိုအတင်းလိုက်ပိုးနေတဲ့ ဒေါက်တာတစ်ယောက်ရှေ့မှာပဲ တက်တိုကို အနမ်းမိုးတွေ ရွာပြလိုက်ပါတယ်။ တက်တိုရဲ့အလိမ်အညာဇာတ်လမ်းတွေက အလုပ်ဖြစ်ပါတယ်။

တက်တိုဟာ လိမ်လို့ညာလို့ မပြီးသေးပါဘူး။ သူတို့ကုမ္ပဏီရဲ့ ရီယိုရုံးခွဲမှာ အလုပ်သင်ဆင်းတော့လည်း အီဂိုကိုတက်တိုအဖြစ် လိမ်ခိုင်းပါတယ်။ သူကတော့ ဆင်းရဲသားလေး အီဂိုပေါ့။ သူရချင်တာအတွက် ဒဏ်လည်း ခံရတာပေါ့။ လေ့ကျင့်ရေးမန်နေဂျာမက ကော်ဖီဖျော်ခိုင်းလည်း ဖျော်ပေးရ၊ မိတ္တူကူးခိုင်းလည်း ကူးရပေါ့။ တစ်ခုမတော့ အချိုးမပြေပါဘူး။ ကော်ဖီကလည်း ဆိုး၊ မိတ္တူကလည်း တွန့်လို့ကြေလို့။ ရေရေလည်လည် အကောခံရတာပေါ့။

ပေါ်လာရဲ့ အထင်ကြီးမှုအတွက် တက်တိုဟာ အလျှော့မပေးပါဘူး။ သူ့အခက်အခဲတွေကို သူ့ကိုရာထူးပေးဖို့ အလုပ်ထုတ်ခံလိုက်ရတဲ့ မိုနစ်ဆိုတဲ့အမျိုးသမီးဆီ အကူအညီတောင်းပါတယ်။ မိုနစ်ရဲ့အစ်မ ကျန်းမာရေးမကောင်းတာကို ပေါ်လာဆီ အကူအညီတောင်းပြီး ကုသပေးပြန်ပါတယ်။ ပေါ်လာကတော့ တက်တိုကို အထင်တွေ ပိုပိုကြီးလာပါတယ်။ နောက်ပြီးပေါ်လာအထင်ကြီးအောင်လို့ သူချိန်းတဲ့ဆီကို သူတစ်ခါမှ မစီးဘူးတဲ့ဘတ်စ်ကား စီးသွားပါတယ်။ မိုနစ်ရဲ့အကြံဉာဏ်နဲ့ ဈေးချိုတဲ့ ကလပ်တွေဆီ ပေါ်လာကို ခေါ်သွားနိုင်ပြန်ပါတယ်။

တစ်ဖက်မှာ ပေါ်လာနဲ့ အဆင်ပြေသလောက် အခြားတစ်ဖက်မှာတော့ အလုပ်ခွင်မှာ တက်တိုဟာ အီဂိုအဖြစ်နဲ့ရေရေလည်လည် နှိပ်ကွပ်ခံရပါတယ်။ ကဲ…ဒါတွေကို တက်တို ဘယ်လိုကျော်ဖြတ်မလဲ ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ပါဦး။

(၄)

လေးလေးနက်နက်နဲ့ အဆီအနှစ်ပါတဲ့ဇာတ်ကားမျိုးမှ ကြိုက်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားဟာလားလားမှ မသက်ဆိုင်ပါဘူးလို့ ရိုးရိုးသားသား ကြိုတင်အသိပေးပါရစေ။ ဘရာဇီးရုပ်ရှင်ကို မြည်းစမ်းကြည့်ချင်သူတွေအတွက် နောက်ပြီးတော့ စိတ်ချမ်းသာစရာလေးတွေကိုမှ ကြည့်ချင်သူတွေအတွက် ညွှန်းဆိုပေးတယ်လို့ ပြောပါရစေ။ စိတ်ချမ်းသာရမှာတော့ မပူနဲ့ဗျိုး။လွန်းထားထားဝတ္ထုတွေ ဘရာဇီးကများဝယ်ပြီး ရုပ်ရှင်ရိုက်ထားသလား ထင်ရပါတယ်။ မင်းသားကလည်း ချော၊ ဥစ္စာပေါ၊ ထက်မြက်။ မင်းသမီးကလည်းလှ၊ ပညာတတ်၊ ပါးနပ်။ ဇာတ်ရံတွေကလည်း ချော၊ လှ။ ဇာတ်လမ်းကလည်း သူတို့ပေါင်းကြလေသတည်းပေါ့။ ကဲ…ဘယ်လောက်တောင် စိတ်ချမ်းသာစရာကောင်းလိုက်သလဲ။

သတိပေးချင်တာကတော့ ခုတင်ပေါ်အခန်းတွေများလို့ ၁၈ နှစ်အောက်ကလေးငယ်များ လုံးဝ …လုံးဝမကြည့်သင့်ပါဘူးခင်ဗျာ။

ကျွန်တော်တော့ ဒီဇာတ်ကားကြည့်ရတာ ဝမ်းသာတယ်။ သြော်….ရွှေပြည်ကြီးမှာပဲ ပေါကားရှိတာမဟုတ်ဘူးဟ…ဘရာဇီးမှာလည်း ပေါကားရှိတယ်ဆိုပြီး…. ကြံဖန် ဂုဏ်ယူဝမ်းသာနေရပါကြောင်း…။

LEAVE A REPLY

Please enter your comment!
Please enter your name here