CDM တွင်ပါဝင်သော ဝန်ထမ်းများ နစ်နာမှုမရှိအောင် ကူညီမည်ဟု လွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်

0
30

မုံရွာ၊ ဖေဖော်ဝါရီ – ၁၀

တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာန အသီးသီးတွင် Civil Disobedience Movement(CDM) ကို ပါဝင်ဆောင်ရွက်ကြသော အရာထမ်း၊ အမှုထမ်းများကို နစ်နာမှုမရှိရအောင် လွှွတ်တော်၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျှက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) မှ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးရှိ အရာထမ်းအမှုထမ်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အသစ် ဖွဲ့စည်းအတည်ပြုချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မုံရွာမြို့၊ မြို့သစ်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့သည်။

“အာဏာသိမ်းတဲ့သူတွေအတွက် အထောက်အပံ့ယန္တရားဖြစ်မှာဆိုးတာရယ်၊ CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေ စိတ်ပူတာမျိုးတွေရှိမှာစိုးလို့ လွတ်လပ်စွာလုပ်နိုင်အောင်လို့ပါ။ နိုင်ငံရေးအခြေအနေအရ ကော်မတီကနေ ပိတ်ရက်အဖြစ်ပိတ်ပါတယ်”ဟု လွှတ်တော်ကိုယ်စားပြုကော်မတီမှ ဦးမြင့်ထွေးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ခံကိုယ်စားလှယ်များမှ လွှတ်တော်ခေါ်ယူတဲ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော်ပထမနေ့မှာ ပြုလုပ်လေ့ရှိတဲ့ ကတိသစ္စာပြုချက်ကိုလည်း ကျမ်းကျိန်ခဲ့ကြသည်။

အစည်းအဝေးမတက်ရောက်နိုင်သော အမတ်များကို သဘာပတိ၏ ရှေ့တွင် ဖုန်းများကို စပီကာဖွင့်ပြီး ကျမ်းကျိန်ခဲ့ကြသည်။

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်မှ အာဏာလွှဲပြောင်းရယူထားသည်။