Generation Z တွေပြောတဲ့ ဖေဖော်ဝါရီ

0
145

မုံရွာဂေဇက်

ဖေဖော်ဝါရီလတွင် ဗာလင်တိုင်းသည်သာ လူငယ်များကြား တိမ်းမူးစရာဖြစ်ခဲ့သည် နှစ်အတန်ကြာခဲ့ပြီဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီကတော့ ထိုဗာလင်တိုင်းကို ပြောင်းလဲသွားခဲ့ရသည်။ နွေဦးကာလတွင် ကျရောက်သည့် ဖေဖော်ဝါရီလသာ မြန်မာလူငယ်တို့အာရုံကို အလှည့်အပြောင်းဖြစ်စေခဲ့သည်။

ဖေဖော်ဝါရီလဆန်းသည်နှင့် မြန်မာ့နိုင်ငံရေးသည် အပြောင်းအလဲ ကြီးကြီးမားမားနှင့် ကြုံလိုက်ရသည်။ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက်ခြင်းပင် ဖြစ်သည်။

ထိုသို့အာဏာရယူလိုက်ခြင်းနှင့် ပတ်သက်၍ အာဏာသိမ်းယူသည်ဟု သတ်မှတ်ကြသူများရှိသလို အာဏာကို ထိန်းသိမ်းသည်သာ ဖြစ်သည်ဟု ပြန်လည်ချေပကြသူများလည်း ရှိပါသည်။

မည်သို့ ခေါ်ဝေါ်ကြသည်ဖြစ်စေ နိုင်ငံတကာက အမည်လှလှပေး၍ ကင်ပွန်းတပ်ထားသည့် မြန်မာနွေဦးသည် ဆယ်နှစ်သားအရွယ် ဝန်းကျင်မှာပင် အဆုံးသတ်သွားခဲ့ရသည်။ ၂၀၁၀ အလွန်မှစတင်ခဲ့သည့် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲသည် ခိုင်မာရေးအဆင့်သို့ မတက်လှမ်းမီ နောက်သို့ ပြန်လည်သွားခဲ့သည်။

ထိုသို့ ဒီမိုကရေစီခရီး လမ်းခုလတ်တွင် စိန်ခေါ်မှုများ ကြုံရခြင်းအတွက်လည်း အင်အားစု အသီးသီးဘက်က အပြန်အလှန် ဝေဖန်စွပ်စွဲမှုများကို တွေ့နေရသည်။ တဖက်မှ အာဏာသိမ်းသူကို အပြစ်တင်မှုများ ရှိသကဲ့သို့ ထိုအချိန်က တည်ဆဲအစိုးရ၏ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းနိုင်စွမ်းအပေါ် မေးခွန်းထုတ်သူများလည်း ရှိကြသည်။ သေချာသည်မှာ table politics ကို အင်အားစုများအားလုံး သေချာပိုင်နိုင်စွာ အသုံးမချနိုင်ခဲ့သည့် အချက်ပင်ဖြစ်သည်။

ထိုနောက်တွင်တော့ အာဏရယူထားမှုကို အန်တုမှုများ ပေါ်ထွက်လာသည်။ ထိုအံတုများကလည်း မယုံနိုင်လောက်အောင်ပင် အချိန်ခဏအတွင်း အရှိန်ပြင်းထန်လာသည်။ ယင်းသို့ နိုင်ငံရေးအန်တုမှုများတွင် အများအပြား အင်နှင့်အားနှင့် ပါဝင်လာသည်မှာ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်မျိုးဆက် ဖြစ်နေသည်ကို မြင်တွေ့ရသည်။

သူတို့ပါဝင်လာသည်နှင့်အမျှ ဆန္ဒပြပွဲ ဒီဇိုင်းကလည်း ပြောင်းလဲလာသည်။ ဘေးကကြည့်လျှင် အသိသာဆုံး ပြောင်းလဲလာသည်မှာ အဝတ်အစား ဝတ်ဆင်မှုအပိုင်းပင် ဖြစ်သည်။ အရင်က နိုင်ငံရေးပွဲလမ်းသဘင်များဆိုလျှင် စတစ်အဖြူကို တွေ့ရမည်။ ကချင်ပုဆိုးနှင့် ခြေညှပ်ဖိနပ်ကို စီးထားကြမည်။

ယခု ထိုသို့မဟုတ်တော့ တီရှပ် ဝတ်ထားသည်။ ဂျင်းဘောင်းဘီအရှည်နှင့် walking shoes နှင့် ဖြစ်သည်။ ဆံပင်တွေကလည်း နီကြောင်ကြား ရောင်စုံနှင့် ဖြစ်သည်။ ကြည့်လိုက်တော့လည်း အသက်၂၀ ခန့်သာ ရှိသည့် လူငယ်လေးတွေပင်။ ယောက်ကျားလေး မိန်းကလေး အချိုးအစားမှာလည်း အတူတူလောက်ပင် ဖြစ်သည်။

ဆန္ဒပြပွဲများတွင် မျိုးဆက် z များ ပါဝင်လာမှုနှင့် ပတ်သက်၍ နိုင်ငံရေး စိတ်ဝင်စားသူများအကြား အံဩတကြီး လေ့လာစရာ ဖြစ်ခဲ့သည်။

ပညာရှင်များကတော့ မျိုးဆက်များကို ယခုလို ပိုင်းခြားထားသည်။ ဒုတိယကမ္ဘာစစ်အပြီး ကြီးပြင်းလာသူများကို မျိုးဆက် x ဟု သတ်မှတ်ကြသည်။ စစ်၊ တော်လှန်ရေးနှင့်စီးပွါးပျက်ကပ်များကို ကြုံတွေ့ခဲ့သူများဖြစ်ရာ စိတ်သဘာဝ အစွဲအလမ်း ကြီးသည်။ အားကိုးလိုစိတ်၊ ကိုးကွယ်လိုစိတ်သန်သည်။ ရန်သူ မိတ်ဆွေ အလွန် ခွဲခြားတတ်သည်။

သူတို့အလွန် မျိုးဆက်ကို Y ဟု ကိုယ်စားပြုသည်။ သူတို့အရင်မျိုးဆက်များလောက် အစွဲအလမ်း မပြင်းထန်သော်လည်း မျိုးဆက်ဟောင်းများ၏ အရိပ်နှင့် လောင်းရိပ် မလွတ်ကြပေ။

၁၉၉၀ ခုနှစ်များနှင့် သက္ကရာဇ် ၂၀၁၀ ခုနှစ်များကြား မွေးဖွားသည့် နောက်ပိုင်းလူငယ်မျိုးဆက်ကိုမူ ဇက်မျိုးဆက် (Generation Z) ဟု ခေါ်ဝေါ် သမုတ်ကြသည်။ အချို့လူဦးရေ ပညာရှင်များကတော့ ၁၉၉၃ ခုနှစ် နောက်ပိုင်းမွေးသူများဟု ယေဘုယျ သတ်မှတ်ထားကြသည်။

သူတို့က သတင်းနည်းပညာတော်လှန်ရေးတွင် မွေးဖွားလာခဲ့သူများ ဖြစ်သည့်အလျောက် မျိုးဆက်ဟောင်းများကို စိတ်မဝင်စား။ အတိတ်ထက် အနာဂတ်ကို မျှော်ကြည့်ချင်သူများ ဖြစ်သည်။ ရန်သူ မိတ်ဆွေ အစွဲအလမ်းမကြီးသလို နည်းပညာကို အထူးကျွမ်းကျင်သည်။

ထို့အပြင် သူတို့က နိုင်ငံရေး အင်စတီကျူးရှင်းများနှင့် ဝေးဝေးနေလိုသည်။ ဩဝါဒ ပို့ချသူ ဆရာများနှင့်လည်း အစေးမကပ်။ သူတို့ဘဝက ဖေ့ခ်ဘွတ်ခ်၊ ဂိမ်းတွေဆန်သည်။ scroll down, click, and forget သာ ဖြစ်သည်။အာရုံတခုကို ဘယ်တော့မှ ကြာကြာမထား။ မေ့ပစ်တတ်သည်။ ဇာတိပုညအစွဲလည်း နည်းသည်။

ထိုကဲ့သို့ မျိုးဆက်များ နိုင်ငံရေးတွင် အားတက်သရော ပါဝင်လာသည်မှာ အံဩစရာပင်။ အင်တာနက်ကို ဘုရားလို ကိုးကွယ်သော သူတို့အတွက် အင်တာနက် နှစ်ရက်နီးပါး ပိတ်လိုက်သည်က လမ်းပေါ် ဆွဲတင်လိုက်ခြင်း ဖြစ်သည်ဟု ထင်ကြေးပေးသူများလည်း ရှိသည်။

အချို့ကတော့ နိုင်ငံရေး စိတ်ဝင်တစား မရှိသည့်တိုင် ယခု အာဏာရယူလိုက်မှုက သူတို့အနာဂတ်ကို ထိခိုက်သွားနိုင်သည်။ Fuck up their future ဟု ယူဆ၍ လမ်းပေါ်တက်လာရခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။

မည်သို့ဆိုစေ သူတို့ပါဝင်လာသည်က ဆန္ဒပြပွဲများကို လူစိတ်ဝင်စားမှု ပိုစေသည်။ ဖက်ရှင်တွေက ဆန်းသစ်သည်။Sologan တွေကအစ စိတ်ဝင်စားစရာ ဖြစ်သည်။ တင်းမာမှုများကို လျော့ပါးစေသည်။ ထိပ်တိုက်ရင်ဆိုင်ရေးထက် အလုပ်ဖြစ်ရေးကို ရှေးရှုသည်။

သို့သော် တဖက်တွင်လည်း Street Politics လမ်းပေါ်နိုင်ငံရေး၏ အစွန်းထွက် အကျိုးများက ရှိနေပြန်သည်။ အရှိန်မထိန်းနိုင်ဘဲ ဘရိတ်ပေါက်တတ်သည်။ အဖျက်အမှောင့် ပယောဂများ ဝင်လာတတ်သည်။ အထူးသဖြင့် မျိုးဆက်ဟောင်းများ၏ အိပ်မက်ဟောင်းများကို သတိထားရန် လိုပါသည်။

ယခင်မျိုးဆက်များ တာဝန်ကျေပွန်မှု မရှိ၍ လက်ရှိလူငယ်များ အန္တရာယ်များသည့်နိုင်ငံရေးတွင် ပါဝင်နေရပြီ ဖြစ်သည်။ နိုင်ငံအနာဂတ်ကို ပိုင်စိုးကြမည့် မျိုးဆက် z များအတွက် အဓိကထား စဉ်းစား၍ တွေ့ဆုံညှိနှိုင်းရေး လမ်းဖွင့်ပေးပါရန် အဓိက အင်အားစုတခုအား တိုက်တွန်းလိုပါသည်။