ICJ တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေးအပေါ် ရိုက်ခတ်နိုင်မှု

0
243

ဒီည VOA တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးဖက် အနေနဲ့ The Voice Journal Editor in Chief ကိုဇေယျသူ ပါဝင်ဆွေးနွေးတယ်။ အမှန်ပြောရရင်ဒီခေါင်းစဉ်ကို ရှောင်ချင်တယ်၊လူမုန်းများမယ်။ စိတ်ခံစားမှုအခြေခံနဲ့ အတော်ရုန်းကြွနေတဲ့ ပြဿနာလည်း ဖြစ်တယ်။ ဒါနဲ့ နည်းနည်းပါးပါး ဖတ်မှတ်လေ့လာရတယ်။ DVB TV မှာ ဒေါက်တာမြင့်ဇံနဲ့ အင်တာဗျူးလုပ်ထားတဲ့ ထုတ်လွှင့်ချက်နှစ်ပိုင်းဟာ အတော်တန်ဖိုးရှိတယ်။ သူက အတော်လည်း ကျေကျေလည်လည် ဆွေးနွေးထားတယ်။

(၁)

ပထမတခုက Genocide အကြောင်းပါ။ သူကတော့ လူမျိုးတုန်းသတ်ဖြတ်မှု စသည်ဖြင့် ဘာသာမပြန်လိုဘူး။ ဂျီနိုစိုက်လို့ပဲ တိုက်ရိုက်သုံးချင်ပါတယ်တဲ့။ အဓိပ္ပာယ်ကတော့ လူအုပ်စု တစိတ်ပိုင်း သို့မဟုတ် တခုလုံးကိုပျောက်ကွယ်သွားအောင်လုပ်တာပါ။ သတ်ဖြတ်မှမဟုတ်ပါဘူး။ လူအုပ်စုဆိုတဲ့အထဲမှာ နိုင်ငံရေးအုပ်စုမပါဘူး။ (အရင် ဆိုဗီယက်ရုရှားက ကန့်ကွက်လို့မထည့်ရဘူး)။ ယဉ်ကျေးမှုအုပ်စု မပါဘူး။ လူမျိုးအုပ်စု၊ ဘာသာရေး အုပ်စု၊ လူမျိုးစုအုပ်စုပါတယ်။ သူတို့ကို ပျောက်ကွယ် သွားရလေအောင် တနည်းနည်းနဲ့လုပ်တာ။

(၂)

ဒုတိယတခုက နိုင်ငံတကာ တရားရုံး (ICJ) အကြောင်း။ ယူအန်ရဲ့ တရားရုံးလို့ ပြောလို့ရတယ်။ တရားသူကြီး ၁၅ ယောက်ရှိတယ်။ သူတို့က ကုလလုံခြုံရေးကောင်စီ ထောက်ခံချက်နဲ့ ဖွဲ့စည်းထားတာ။ တရားသူကြီးတွေက သူတို့နိုင်ငံ အကျိုးစီးပွားနဲ့ခွဲခွာပြီး၊ ဥပဒေလမ်းကြောင်း အပေါ်သာ ရပ်တည်မယ်လို့ ကတိပြုထားရတယ်။ အခုကိစ္စမျိုးမှာ နိုင်ငံတွေက သူတို့ကိုယ်စား တရားသူကြီး (ယာယီ) Ad hoc judge တဦး တောင်းခွင့်ရှိတယ်။ ဇမ်ဘီယာကတော့ တောင်အာဖရိကက အမျိုးသမီးတရားသူကြီး Mrs. Navanethem Pallay (ကုလလူ့အခွင့်အရေး ကော်မရှင် မဟာမင်းကြီးဟောင်း)ကို ခန့်အပ်ဖို့ တောင်းထားတယ်။ မြန်မာကတော့ မြန်မာကိုယ်စား တရားသူကြီးတဦးမတောင်းရသေးဘူး။ (၁၅+၂)=၁၇ ဦးက ဆုံးဖြတ်မယ်။ ICC (နိုင်ငံတကာရာဇဝတ်မှုခုံရုံး) ကတော့ မြန်မာက အဖွဲ့ဝင်မဟုတ်ထားလို့ မရှင်း ဘူးထား။ အာဂျင်တီးနားခုံရုံးကိစ္စ ဝေးတယ်ထား။ ICJ ကတော့ ကုလခုံရုံး။ ရှင်းဖို့ တာဝန်ရှိတယ်။

(၃)

တတိယတခုကတော့ အခုပွဲက ကြာမယ်။ တရက်၊ နှစ်ရက် နှုတ်အားဖြင့် ကြားနာရုံနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်ဘူး။ အခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ဖြေရှင်းမယ်။ ဝန်းရံကြမယ်ဆိုတာတွေ ရှိနေတယ်။ ဒါပေမယ့် ကျနော် နားလည်လိုက်တာက တရက်၊ နှစ်ရက်နဲ့ ပြီးမယ့်ကိစ္စ မဟုတ်ဘူး။ ကြာမယ်။ ၁၉၉၃ မှာ ဘော့စနီးယား၊ ဟာဇီဂိုဗီးနားက ယခင် ယူဂိုဆလားဗီးယား (နောက်တော့ ဆားဗီးယား) ကို စွဲတဲ့အမှုဟာ ၁၃ နှစ် ၁၁ လအကြာမှ ဆုံးဖြတ်ချက်ချခဲ့တယ်။ အခု မြန်မာဂျီနိုဆိုက်ဒ်ကိစ္စလည်း အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူရနိုင်တယ်လို့ ဂမ်ဘီယာဘက်က သုံးသပ်ထားတယ်။ သေချာတာ ငွေသန်းချီကုန်မယ်။ အချိန်ယူရမယ်။

(၄)

ကိစ္စက မသေးဘူး။ ဂမ်ဘီယာနိုင်ငံက ICJ ကို စွဲချက်တင်ထားတာ ၄၆ မျက်နှာရှိတယ်။ စွပ်စွဲချက်တွေရှိတယ်။ ကုလ လွတ်လပ်သော အချက်အလက် ရှာဖွေရေးကော်မရှင် အစီရင်ခံစာက စာမျက်နှာ ၄၄၀ ကျော်ရှိတယ်။ အချက်တွေရှိတယ်။ ဟုတ်ရင် အရေးယူ။ မဟုတ်ရင် သေချာဖတ် ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်တယ်။ မျက်စေ့စုံမှိတ် ငြင်းလို့မရဘူး။

(၅)

အခု ဂမ်ဘီယာက စွဲထားတာ လူတဦးချင်းကို မဟုတ်ဘူး။ နိုင်ငံအနေနဲ့ တာဝန်ရှိမှုကို စွဲထားတာ။ နိုင်ငံတခုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတခု ဖြစ်ရင်တောင် ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ။ နိုင်ငံနဲ့ ဂျီနိုဆိုက်ဒ်တံဆိပ် ချိတ်ခံလိုက်ရတယ်။ ဒါကိုပြန်ဖယ်ရှားဖို့ မနည်းလုပ်ရမယ်။ နိုင်ငံတစ်ခုရဲ့ ပျက်ကွက်မှုကို ပြောချင်တာ။ ဒီလို စွပ်စွဲခံရလို့ ကျနော်တို့က နောက်ပြန်ဆုတ်၊ တံခါးပိတ်ငြင်းဖို့ မရှိဘူး။

ကျွန်တော်တို့က ပြုပြင်ပြောင်းလဲရေးကို တိုးလုပ်ရမယ်။ လူ့အခွင့်အရေး ပိုလုပ်ရမယ်။ ဥပဒေနည်းကျ အုပ်ချုပ်ရေး (Rule of law) ပိုမြှင့်တင်ပေးရမယ်။ ဒီလိုပဲမြင်မိတယ်။

(၆)

ဂမ်ဘီယာက တောင်းဆိုတာက Provisional measures ရေတိုကာလမှာ ကာကွယ်မှုတွေ လုပ်ဆောင်ပေးဖို့။ ဥပမာ-အခု ဂျီနိုဆိုဒ် အခြေအနေကိုရပ်တန့်ဖို့၊ သဲလွန်စတွေ မဖျောက်ဖျက်ဖို့၊ ခုလို အခြေအနေကို ရပ်ဆိုင်းဖို့။ ဒါမျိုးလုပ်ဆောင် ရင် ကိုယ့်အတွင်းမှာ သဘောထားကွဲနိုင်တယ်။ ဘာလို့လုပ်ရမှာလဲ ဆိုတဲ့လူတွေရှိမယ်။ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သူတွေရှိမယ်။ နိုင်ငံတကာဖိအားတို့မမှုပါ ဆိုတဲ့လူတွေ ရှိမယ်။ ကိုယ်ကျိုးစီးပွားတွေရှိမယ်။ မလွယ်ဘူး။ မလုပ် ရင်ရော ၂၀၁၆ ကိစ္စကစလို့ ယခုတိုင် နိုင်ငံတကာ ဖိအားတွေ လျော့သွားတာမရှိဘူး။ ပိုပိုတိုးလာ နေတာပဲရှိတယ်။

(၇)

ဘာတေွလုပ်ဖို့လိုမလဲ။ ကျွန်တော်တို့ နိုင်ငံတကာစနစ်၊ နိုင်ငံတကာ တရားရေးစနစ်သဘောတွေ ပိုလေ့လာဖို့လိုမယ်။ သံတမန်ရေး ပိုတိုးချဲ့လုပ်၊ မဟာမိတ်စုဆောင်းဖို့လိုမယ်။ နိုင်ငံတွင်း အမျိုးသားညီညွတ်မှုလိုမယ်လို့ ပြောတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး ပိုလုပ်ဖို့လိုမယ်။ တရားဥပဒေစိုးမိုးရေး (Rule of law)၊ လူ့အခွင့်အရေးနဲ့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေး ပိုလုပ်ဖို့လိုမယ်။ ကျွန်တော်က ဆရာကြီးတော့ မဟုတ်ဘူး။ မြင်မိသလောက် ဆွေးနွေးတာ။

LEAVE A REPLY

Please enter your comment!
Please enter your name here