NLDအမတ်နှင့် အောင်နိုင်ရေးအဖွဲ့ မဲဝယ်စည်းရုံးဟုဆိုကာ ပြည်ခိုင်ဖြိုးအမတ်လောင်းက အမှုဖွင့်

0
3050

ကိုသစ္စာ
မုံရွာ၊ နိုဝင်ဘာ -၂၄

မင်းကင်းမြို့နယ်တွင် NLDအမတ်လောင်းနှင့် ပါတီအောင်နိုင်ရေးအဖွဲ့များသည် မဲထည့်ရန် ငွေပေးစည်းရုံးခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးလွှတ်တော်အမတ်လောင်းက ရဲစခန်းတွင် အမှုဖွင့်လိုက်သည်။

ရွေးကောက်နေ့မတိုင်မီ တစ်ရက်အလို နိုဝင်ဘာ ၇ ရက်က မင်းကင်းမြို့နယ် သင်တောရွာနေ မငြိမ်းဌေးသည် တစ်ရွာတည်းနေ မသင်းသင်းခိုင်အိမ်သို့သွားကာ NLDပါတီ တိုင်းဒေသကြီးအမတ်လောင်း ဒေါ်ခင်မွှေးလွင်၏ မဲရုံအကူကိုယ်စားလှယ် ဦးမျိုးနိုင်ကလွှတ်၍ လာခဲ့ကြောင်း၊ NLDကိုမဲပေးပါက စာသင်ကျောင်းဆောက်ရန် ခွဲတမ်းငွေ ငါးသောင်းကျပ် ပေးရန်မလိုကြောင်း စည်းရုံးခဲ့သည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။

ပါတီအနိုင်ရရေး လာဘ်လာဘများပေး၍ မဲဆွယ်စည်းရုံးသည့်အတွက် ဒေါ်ခင်မွှေးလွင်အပါအဝင် သုံးဦးကို ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးဇော်မိုးလွင်က ရွှေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (က)ဖြင့် မင်းကင်းမြို့မရဲစခန်း၌ ယခုလ ၂၂ ရက်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီလိုပြောပြီး ကိုယ့်လူတွေ စည်းရုံးမှုတွေ မရှိပါဘူး။ ကျွန်မကို ဆွဲထည့်ချင်တဲ့သဘောပေါ့”ဟု NLDအမတ်လောင်း ဒေါ်ခင်မွှေးလွင်က ပြောသည်။

တစ်ဆက်တည်းမှာပင် NLDအောင်နိုင်ရေးကော်မတီဝင် သင်တောရွာနေ ဦးဇော်ဦးသည် တစ်ရပ်တည်းနေ ဦးဇော်ဦး၏ အိမ်သို့လာပြီး ငွေတစ်သောင်းကျပ်ပေးကာ NLD ကိုမဲထည့်ရန် စည်းရုံးခဲ့ကြောင်း၊ NLD ပါတီမှ ဦးဝင်းဆောင်သည် နှင်းဆီပါတီဝင် ဦးသန်းငွေအိမ်သို့ လာရောက်ပြီး NLD အားမဲထည့်ရန် ငွေသုံးသောင်းကျပ်ပေး၍ မဲဆွယ်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း ဦးဇော်မိုးလွင်က အမှုဖွင့်ထားခြင်း ဖြစ်သည်။

တိုင်တန်းမှုများကို တရားလိုဘက်အား စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မင်းကင်းရဲစခန်းမှ သိရသည်။

အမှုဖွင့်ထားသော ရွေးကောက်ပွဲဥပဒေ ၅၈(က)တွင် ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော်လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင်၊ နေရာပြောင်းရွှေ့မှု(သို့) အခြားအခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း (သို့)လာဘ်ယူခြင်း မပြုလုပ်ရဟု ဖော်ပြထားသည်။

ယင်းအမှုအားကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ တစ်သိန်းကျပ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၇ မှ ၆၅ အထိ ပြစ်မှုများသည် ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုများ ဖြစ်သည်။

၎င်းအမှုတိုင်ကြားချက်များကို ရွေးကောက်ပွဲကျင်းပသည့်နေ့ နိုဝင်ဘာ ၈ ရက်နောက်ပိုင်း ၁၅ ရက်အတွင်း တိုင်တန်းနိုင်သဖြင့် တိုင်ကြားမှုများ နေ့စဉ်ရှိနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအား တရားလိုက လိမ်လည်စွပ်စွဲတိုင်ကြောင်း ပြစ်မှုထင်ရှားပါက ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။