NLD အင်အားပြယာဥ်တန်းမှ ဝန်းရံသူတစ်ဦး ဓာတ်လိုက်သေဆုံး

0
4732

အိဖြိုး
မုံရွာ၊ အောက်တိုဘာ- ၁၇

မြင်းမူမြို့နယ်တွင် NLD ပါတီအောင်နိုင်ရေး အင်အားပြလှည့်လည်သောယာဉ်တန်းမှ ဝန်းရံသူတစ်ဦး ဓာတ်လိုက်သေဆုံးမှု အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၂နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မြင်းမူရဲစခန်းမှ သတင်းရရှိသည်။

သေဆုံးသူမှာ မြင်းမူမြို့၊ ကျန်စစ်သားရပ်ကွက်နေ အသက် ၂၃ နှစ်ရှိ ယာဥ်နောက်လိုက် ဖြစ်သည်။

ဝန်းရံသော ယာဥ်တန်းမှ ဒိုင်နာကားသည် ကျန်စစ်သားရပ်ကွက် ဇေယျာလမ်းထိပ်အရောက် ယာဥ်ပေါ်ပါ လူများအားချရန် ခေတ္တရပ်စဥ် ယာဥ်ခေါင်မိုးပေါ်၌ လိုက်ပါလာသည့် ယာဥ်နောက်လိုက်သည် ပါတီအလံတပ်ထားသော ၉ ပေခန့်အရှည် စတီးတိုင်အား ဝှေ့ရမ်းစဥ် လျှပ်စစ်ဓာတ်ကြိုးအားရိုက်မိ၍ လဲကျသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

“ပါတီအောင်နိုင်ရေး လှည့်ပြီးအပြန် အလံတိုင်နဲ့ ဓာတ်ကြိုးနဲ့ထိပြီး ဓာတ်လိုက်သေတာပါ။ ဖြစ်စဥ်ရဲ့အသေးစိတ်ကိုတော့ လိုက်နေပါတယ်။ ဓာတ်လိုက်သေတာလို့ သိရပါတယ်”ဟု မြင်းမူမြို့မစခန်းမှူး ရဲမှူးစောမိုးက ပြောသည်။

အဆိုပါနေ့က ဝန်းရံသူ အင်အား ၂၀၀ ခန့်သည် ပါတီအင်္ကျီများ၊ အလံများချိတ်ဆွဲလျက် မော်တော်ယာဥ် ၇စီး၊ ထော်လာဂျီ ၃စီး၊ သုံးဘီးယာဥ် ၂စီး၊ ဆိုင်ကယ် ၄၀စီးခန့် တို့ဖြင့် လှည့်လည်ခဲ့သည်ဟု သိရသည်။

သေဆုံးမှုအား ဓမ္မတာအတိုင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း ၃/၂၀၂၀ဖြင့် ရေးဖွင့်၍ ရုပ်အလောင်းအား မြင်းမှုဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။