UEC ၏ ထုတ်ပြန်ချက်အပေါ် မုံရွာအခြေစိုက် ပါတီအချို့ အမြင်

0
207

အိအိဖြိုး မေးသည်။

၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအား ပါတီစည်းရုံးရေးလုပ်ငန်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ပေးအပ်ကြောင်း ထုတ်ပြန်ကြေညာမှုအပေါ် စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးပါတီအချို့ တာဝန်ရှိသူများ၏ အမြင်များကို မေးမြန်းခဲ့ပါသည်။

ဦးမြင့်ကြည်
တိုင်းအတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း တိုင်းအဆင့်တွေက ပါတီရော၊ အစိုးရ အလုပ်ရော ၂ ခု လုပ်လို့ရပေမယ့် ပြည်ထောင်စုအဆင့်ပါသွားရင် ပါတီတာဝန်ကနေ ယာယီရပ်နားရတယ်။ ရွေးကောက်ပွဲနီးပြီဆိုရင် ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေကို ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်ခွင့်ပေးလိုက်တယ်။ မဲဆွယ်စည်းရုံးရေး မဟုတ်ပါဘူး။ ပါတီလုပ်ငန်းတွေ ပြန်လုပ်ခွင့်ပေးလိုက်တာပါ။ အဲဒါကို တခြားပါတီတွေက မဲဆွယ်စည်းရုံးခွင့်ပေးတယ်ဆိုပြီး ပြောကြတယ်။ ဥပဒေကြောင်း အရဆို ဘာမှပြောစရာမရှိဘူး။ ဝေဖန်တာတော့ သူတို့ဆန္ဒအရ ဝေဖန်တာ ဝေဖန်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဝေဖန်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန်နဲ့ ဝေဖန်ဖို့လိုပါတယ်။ ဥပဒေကြောင်းအရ လုပ်လိုက်တာကို ဥပဒေကို သတိမမူမိဘဲ ဒီပါတီတခုတည်းက ဒီလူတွေပဲ လုပ်ခွင့်ရှိတာပဲဆိုပြီး ဝေဖန်ကြတာတော့ မှားတယ်။ COVID-19 ကပ်ရောဂါ ကမ္ဘာ့ကပ်ရောဂါအဖြစ် ဆိုက်လာတဲ့ အချိန်နဲ့ ရွေးကောက်ပွဲကျင်းပရန် အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲကာလဟာ ၂ဝ၁၅ နဲ့ မတူတာတော့ သေချာတယ်။

ဦးအောင်သူမင်း
အတွင်းရေးမှူး
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ။

ကျွန်တော်တို့အနေနဲ့တော့ UEC ရဲ့ ပါတီစည်းရုံးခွင့်တွေနဲ့ ပတ်သက်ပြီး သူတို့သတ်မှတ်ထားတဲ့အတိုင်း စည်းရုံးခွင့်ပေးမယ်ပြောတယ်။ ဒါပေမယ့် COVID-19 ကြောင့် ကျွန်တော်တို့အနေနဲ့ ညွှန်ကြားချက်တွေ၊ ဒေသန္တရအမိန့်တွေအတိုင်း ဆောင်ရွက်ပါ့မယ်။ အားလုံးနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မှာပါ။ အတိုင်ပင်ခံနဲ့ သမ္မတကိုပဲ မဲဆွယ်စည်းရုံးခွင့်ပေးတာနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်တာ လို့ပဲမြင်ပါတယ်။ နိုင်ငံရေးပါတီ အသီးသီးရဲ့ ထောက်ပြဝေဖန်မှုတွေနဲ့အတူ ပြုပြင်သွားမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုထိတော့ သူတို့ရဲ့ခွင့်ပြုချက်ကို ပြန်လည်သုံးသပ်ရမယ်ဆိုရင် UEC ရဲ့ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်အတိုင်းသွားမှာပါ။ တခြားကောင်းခြင်း၊ ဆိုးခြင်း ဆိုတာတွေကတော့ ပါတီရုံးချုပ်ရဲ့သဘောထားနဲ့ပဲ သက်ဆိုင်ပါတယ်။ပါတီရုံးချုပ်ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်သွားမှာပါ။

ဦးအောင်နေမျိုး
တိုင်းအတွင်းရေးမှူး
ပြည်သူ့ပါတီ။

UEC က ပါတီစည်းရုံးရေးနဲ့ပတ်သက်ပြီး ဆိုင်းဘုတ်တင်လို့ရတယ်။ ပါတီစည်းရုံးရေး လုပ်လို့ရတယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လုပ် ဆောင်ရမယ်ဆိုပြီး ကန့်သတ်ထားတာရှိတယ်။ တဖက်မှာကျတော့ ကျန်းမာရေးကို အကြောင်းပြပြီး အဲဒီလိုတွေ ကန့်သတ်ထားပြီး တဖက်မှာကျတော့ သူတို့ကျတော့ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ နောက်တခုက ကော်မရှင်ရဲ့ ဥပဒေအရ သတ် မှတ်ထားတဲ့စည်းရုံးရေးကာလမှ စည်းရုံးရေးထွက်ရမယ်ဆိုပြီး သူတို့ကနိုင်ငံတော် အဆင့်မှာ ရှိနေတာဖြစ်လို့ ဒီအဆောင်အယောင်တွေကို အသုံးချလို့မရဘူးဆိုတာ ဥပဒေကပြဋ္ဌာန်းပြီးသားပါ။ သူတို့ရဲ့ Level အလိုက် အဆောင်အယောင်တွေကို အသုံးချပိုင်ခွင့်မရှိဘူး။ ဒီအတိုင်း ပါတီဝင်တယောက်၊ ပါတီကိုယ်စားပြု တစ်ယောက်အနေနဲ့ပဲ စည်းရုံးလို့ရတာ။ အခုပုံစံအတိုင်းဆိုရင်တော့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ တဖက်လူကို ကြိုးနဲ့တုပ်ပြီး တဖက်က လွတ်လွတ်လပ်လပ်ထိုးကြိတ်နေတဲ့ပုံပေါက် နေတယ်လို့ပဲ မြင်တယ်။ ၂ဝ၁၅ တုန်းကတော့ NLD ကို ဝန်းရံသူတယောက်အနေနဲ့လွတ်လွတ်လပ်လပ် စည်းရုံးပေးနိုင်ခဲ့တယ်။ အခုပုံစံအတိုင်းဆိုရင်တော့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားတဲ့အတွက် လွတ်လပ်စွာ သွားလာစည်းရုံးနိုင်မယ်မထင်ဘူး။ ပြည်ထောင်စုအဆင့်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေရယ်၊ ပြည်ထောင်စုအဆင့်က ချမှတ်ထားတာတမျိုး၊ ဒေသအလိုက် ချမှတ်ထားတာကတမျိုးဆိုတော့ ဒေသအလိုက် ဘယ်လိုစည်းကမ်းထုတ်ထားတယ်ဆိုတာ တစ်ရွာတစ်ပုဒ်၊ တစ်ကျောင်းတစ်ဂါထာဆိုတော့ ကျွန်တော်တို့ အကျွမ်းတဝင်မရှိခဲ့တာမျိုးတွေ ရှိမှာပဲ။ အဲဒီတော့ တချက်ကလေးမှားသွားရင် ဥပဒေနဲ့ တရားစွဲခံရနိုင်တယ်။ အန္တရာယ်များတယ်။ မိုင်းတွင်းထဲမှာ လမ်းလျှောက်ရတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။

ဦးလှမြင့်
ဗဟိုကော်မတီဝင်၊ ခရိုင်/မြို့နယ်ဥက္ကဋ္ဌ
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ။

တရားမျှတမှုမရှိဘူးလို့ ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ နယ်ဆင်း စည်းရုံးရေးမဆင်းရတော့ ပြည်သူတွေနဲ့ထိတွေ့မှုလည်း မရှိဘူး။ ကိုဗစ်ကြောင့် ငါးယောက်ထက် မပိုရဘူးဆိုပြီး ကျန်းမာရေးဌာနက ညွှန်ကြားချက်ထွက်ထားတော့ ဒီညွှန်ကြားချက်ကို ပိုပြီးလုပ်မယ်ဆိုရင်လည်း ဥပဒေကို ကျော်လွန်ရာကျမယ်။ ပြည်သူနဲ့ထိတွေ့မှုမရှိရတဲ့အတွက် ကိုယ်လုပ်ခဲ့သမျှ အကျိုးသက်ရောက်မှုမရှိဘူးလို့တော့ ထင်တယ်။ ရှေ့မင်းအဆက်ဆက်တွေ အုပ်ချုပ်သွားတဲ့ အတိုင်းတာတခုမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးချယ်ခံထားရတဲ့ ပုဂ္ဂိုလ်ဟာ သက်တမ်းတခုကုန်ဆုံးမှသာလျှင် ပြန်ရွေးချယ်ပိုင်ခွင့်ရှိတာ။ အခုဟာက သက်တမ်းလည်းမကုန်ဘူး။ ပါတီကိုစွန့်ပြီးမှ အစိုးရဝန်ထမ်းလုပ်လေ။ ပါတီလုပ်ချင်ရင် အစိုးရဝန်ထမ်းအလုပ်ကို စွန့်လိုက်တော့လေ။ အခုဟာ အစိုးရဝန်ထမ်းလည်းလုပ်တယ်။ ပါတီအလုပ်လည်းလုပ်တယ်။ သူတို့က ပါတီဘက်မှာရော အစိုးရဘက်မှာရော သူတို့ကို စိုးမိုးနေတယ်။ အစိုးရဖြစ်တော့သူတို့မှာ စည်းရုံးပိုင်ခွင့်ရှိတယ်။ ကျွန်တော်တို့ကျတော့ စည်းရုံးပိုင်ခွင့်၊ လုပ်ပိုင်ခွင့် မရှိတော့ ပါတီတွေက နာတာပေါ့။ အာဏာရပါတီကြီးတခုအနေနဲ့ အခုလို လုပ်တာဟာ အထက်စီးကနေပြီး တရားမျှတမှုမရှိဘူးလို့ ပြောချင်ပါတယ်။ ကိုဗစ်ကလည်း ဘယ်တော့မှ အဆုံးသတ်မလဲမသိတော့ အခြေအနေတွေက တော်တော် ပြောရခက်ပါတယ်။

ဒေါက်တာ မြင့်သိန်း
တိုင်းဥက္ကဋ္ဌ၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ UEC ရဲ့ သဘောထားက တရားမျှတမှု မရှိဘူးလို့ ထင်တယ်။ ကျွန်တော်တို့က တရားမျှတမှု ရှိချင်တယ်။ လွတ်လပ်ချင်တယ်။ သမာဓိဖြစ်ရမယ့် ကော်မရှင်က အရေးကြီးတယ်။ ဒါပေမယ့် အဲဒီစာကြီးထွက်လာတော့ တော်တော်အံ့ဩတယ်။ တကယ်သမာသမတ်ကျမယ်ဆိုရင် မထွက်သင့်တဲ့စာပဲ။ လာမယ့်ရွေးကောက်ပွဲအတွက် တရားမျှတမှု ရှိပါ့မလားဆိုပြီး စိုးရိမ်စိတ်ဖြစ်မိတယ်။ အစိုးရလုပ်ငန်းစဉ်တွေနဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေက သွားလာစည်းရုံးနေတာ လူတွေသိပေမယ့် ပြောလို့မရဘူးလေ။ အခုကျတော့ တရားဝင်သူတို့ကျတော့သွား၊ တခြားပါတီတွေကျတော့ ဒီလိုဆိုတော့ UEC က တရားမျှတမှုမရှိဘူးလို့ ထင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here